Wednesday, August 27, 2014

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသာအေး၊ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့်ဇနီး ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ရှေးဟောင်းသမိုင်းဝင် အညာသီဟတော စေတီတော်မြတ်ကြီးရင်ပြင်တော်တွင် တည်ထားကိုးကွယ်သော နဂါးရုံးမြတ်စွာဘုရား ဌာပနာတော်သွင်းမင်္ဂလာနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်

မုံရွာ သြဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ရှေးဟောင်းသမိုင်းဝင် အညာသီဟတော စေတီတော် မြတ်ကြီး ရင်ပြင်တော်တွင် တည်ထားကိုးကွယ်သော နဂါးရုံးမြတ်စွာဘုရား ဌာပနာတော်သွင်းမင်္ဂလာနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို သြဂုတ်လ ၂၄ ရက် နံနက်ပိုင်းက အဆိုပါ ဘုရားရင်ပြင်တော်တွင် ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး





ဝန်ကြီးချုပ် ဦးသာအေး၊ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသိန်းအောင်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နဂါးရုံမြတ်စွာဘုရား ဌာပနာတော်သွင်းမင်္ဂလာကို ကျင်းပပြုလုပ်ရာ ပတ္တမြား ဆရာတော် ဦးသုန္ဒရနှင့် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသိန်းအောင်တို့က ဌာပနာတိုက်တော် အတွင်းသို့ ဌာပနာပစ္စည်းများ သွင်းလှူပူဇော် ကြပြီး  ဆရာတော်သံဃာတော်များက အနေက ဇာတင်လှူပူဇော်ကြသည်။
ထို့နောက် ဒုတိယပိုင်းအခမ်း အနားကိုကျင်းပရာ အခမ်းအနားတွင် နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရား ကန်တော့၍ ဖွင့်လှစ်ကြပြီး ခင်ဦးမြို့နယ် သံဃာနာယကအဖွဲ့ဥက္ကဌ ခင်ဦးမြို့ သဲပုံ စေတီကျောင်းတိုက် ဦးစီးပဌာန နာယကဆရာတော် ဘဒ္ဒ န္တသုဇာတမထေမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ၍ ပတ္တမြားဆရာတော် ဦးသုန္ဒရထံတော်မှ အနုမောဒနာတရား နာယူကြည်ညိုကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသာအေးနှင့် တာဝန်ရှိသူများသည် အမှတ်(၃) ခရိုင်ချင်းဆက်လမ်း မြေသားလမ်း ဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဦးဝင်းကျော်မျိုးက အမှတ်(၃) ခရိုင်ချင်းဆက်လမ်း ဖောက်လုပ်ရာတွင် မြေသားလမ်း၊ ကျောက်ချောလမ်း၊ ကတ္တရာလမ်း စသည့် အဆင့်ဆင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ခရိုင်ချင်းဆက်လမ်း အမှတ်(၃)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ကောင်းမှုတော်ဘုရားအနီးမှ စတင်၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထိ ဧရာဝတီမြစ်၏ အနောက်ဘက်ခြမ်းဒေသဖွံ့ဖြိုးရေးအတွက် ဧရာဝတီမြစ်နှင့်အပြိုင် ဖောက်လုပ်ထားသောလမ်းမ ကြီးဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကိုင်းမြို့၊ ၀က်လက်မြို့၊ ရွှေဘိုမြို့၊ ခင်ဦးမြို့၊ ကန့်ဘလူမြို့၊ ကောလင်းမြို့၊ ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ် စုစုပေါင်း (၈)မြို့နယ်ကို ဖြတ်သန်းပြီး (၂၂၆/၄)မိုင်ရှိပါသည်။ ကချင်ပြည်နယ်အတွင်း ရွှေဂူမြို့နယ်နှင့် မြစ်ကြီးနားမြို့နယ် တို့ကို ဖြတ်သန်းပြီး (၁၁၄/၆)မိုင် ရှိပါသည်။ စုစုပေါင်း လမ်းအရှည်မှာ (၃၄၁/၂)မိုင် ရှည်လျား ပါသည်။
ခရိုင်ချင်းဆက်လမ်း အမှတ်(၃)ကို တပ်မတော်အစိုးရလက်ထက် ၂၀၀၆-၂၀၀၇ ဘဏ္ဍာ ရေးနှစ်တွင် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ ကွပ်ကဲမှုဖြင့် စတင် ဖောက်လုပ်ခဲ့ပါသည်။ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေး ဦးစီးဌာနမှ တာဝန်ယူ၍ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ၍ ဆောင်ရွက်သွားမည်ဖြစ်သည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ကုန်အထိ ကတ္တရာလမ်း (၃၈/၇)မိုင်၊ ကျောက်ချောလမ်း (၅၂/၆)မိုင် နှင့် မြေသားလမ်း (၈၀/၇)မိုင် ဆောင်ရွက်ပြီးဖြစ်သည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် မြေသားလမ်း (၁၁/၅)မိုင်၊ ကျောက်ချောလမ်း (၃၉/၆)မိုင်ကို (၁၇၇၀.၄၆၄)သန်းဖြင့်လည်းကောင်း၊ တံတား (၂၇)စင်း၊ ရေကျော်(၁)စင်း၊ ရေပြွန်(၂)စင်း၊ အခြားလုပ်ငန်း(၁၀)ခုတို့အား ခွင့်ပြုငွေ (၁၉၆၄.၆)သန်းဖြင့် လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ကုန်ဆုံးပါက စစ်ကိုင်း တိုင်းဒေသကြီးအတွင်း စစ်ကိုင်းမြို့မှ ကန့်ဘလူမြို့နယ် ထန်းတောကျေးရွာအထိ ရာသီမရွေး သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မူးတိမ်ချောင်းတံတာ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment