ရန်ကုန်-ဒလ ကူးတို့သင်္ဘောဆိပ်တစ်ခုဖြစ်သော နန်းသီတာဆိပ်ကမ်းမှ
ပန်းဆိုးတန်းလမ်းသို့ ဆက်သွယ် ထားသည့်စက်လှေကား တပ် လူကူးခုံးကျော်တံတားတစ်စင်း တည်ဆောက်လျက်ရှိပြီး
စက်တင်ဘာလ လယ်တွင် ပြီးစီးအောင် တည်ဆောက် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ သိရှိရသည်။
နန်းသီတာသင်္ဘောဆိပ်တွင် ရန်ကုန်မြစ် တစ်ဖက်ကမ်းရှိ ဒလ၊ ကော့မှူး၊
တွံတေးစသည့် မြို့နယ်များမှ ရန်ကုန်မြို့တွင်းသို့ နေ့စဉ် လူဦးရေလေးသောင်းနှင့် ခြောက်သောင်းကြား
ကူးလူးဆက်သွယ် သွားလာ လျက်ရှိကြောင်း ကူးတို့သင်္ဘောလက်မှတ်အရောင်းဌာန၏ လက်မှတ်ရောင်းချရမှုများအရ
သိရသည်။
သင်္ဘောဆိပ်အား နံနက် ၅ နာရီမှ ည ၉ နာရီအထိ နေ့စဉ်အသုံးပြုလျက်ရှိပြီး
လမ်းဖြတ်ကူးသူများ ယာဉ်မတော်တဆဖြစ်ပွားမှု လျော့နည်းစေရေးနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ
သွားလာနိုင်ရေး အတွက် အဆိုပါ လူကူးခုံးကျော်တံတားကို တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။
ပန်းဆိုးတန်း-နန်းသီတာ လူကူးခုံးကျော်တံတားကို ခြောက်လမ်းသွား
ကမ်းနားလမ်းမကြီးနှင့် လေးလမ်းသွား တိုးချဲ့ကမ်းနားလမ်းသစ်တို့အပေါ်မှ ဖြတ်သန်းတည်ဆောက်လျက်ရှိကာ
Schindler အမှတ်တံဆိပ် စက်လှေကားနှစ်စင်းလည်း တပ်ဆင်အသုံးပြုသွားမည်ဖြစ်သည်။
လူကူးခုံးကျော်တံတားမှာ အရှည်ပေ ၂၁၀ ရှိပြီး အကျယ် ၁၂ ပေ
နှင့် အမြင့်ပေ ၂၀ ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် တံတားတည်ဆောက်မှုမှာ ၆၀ ရာခိုင်နှုန်း
ပြီးစီးနေပြီဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း လူအသွားအလာများသော
နေရာများနှင့်ကျောင်းရှိသော နေရာများ တွင် ယာဉ်အန္တရာယ် ဖြစ်ပွားမှုများ လျှော့ချရန်
လူကူးခုံးကျော်တံတားများ တည်ဆောက်လျက်ရှိပြီး ယခုနှစ် အတွင်း လူကူးခုံးကျော်တံတားသုံးစင်း
တည်ဆောက်သွားမည်ဖြစ်ကာ မင်္ဂလာဒုံမြို့နယ် အောင်ဆန်း သူရိယလှသောင်းကျောင်းရှေ့ရှိ တံတားမှာပြီးစီးနေပြီဖြစ်ပြီး
ကမ္ဘာအေးစေတီလမ်း ဂမုန်းပွင့်ကုန်တိုက် အနီး၌ လူကူးခုံးကျော်တံတားတစ်စင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း
သိရသည်။
အဆိုပါ ပန်းဆိုးတန်း-နန်းသီတာ လူကူးခုံးကျော်တံတားပြီးစီးပါက
ရန်ကုန်မြို့တွင် စက်လှေကားတပ်ထား သော ပထမဆုံး လူကူးခုံးကျော်တံတားတစ်စင်း ဖြစ်လာမည်ဖြစ်သည်။
No comments:
Post a Comment