Friday, August 8, 2014

၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် (၄၇)နှစ်မြောက် အာဆီယံနေ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပေးပို့သည့် သဝဏ်လွှာ



၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သည့်
(၄၇)နှစ်မြောက် အာဆီယံနေ့သို့
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပေးပို့သည့် သဝဏ်လွှာ

လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား
၂၀၁၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့သည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံအဖွဲ့)ကို တည်ထောင်ခဲ့သည့် (၄၇)နှစ်ပြည့်မြောက်သည့်နေ့ဖြစ်ပါ သည်။ အာဆီယံအဖွဲ့ကို ၁၉၆၇ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ရာ ယနေ့(၄၇)နှစ်မြောက် အာဆီယံနေ့ အထိမ်း အမှတ်အခါသမ ယတွင် မြန်မာပြည်သူများနှင့် အာဆီယံပြည်သူများ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

ယခုကဲ့သို့ အာဆီယံအဖွဲ့ကြီးစတင်ထူထောင်ခဲ့သည့် ထူးခြားသော ဤနေ့၊ ဤရက်တွင် အာဆီယံအဖွဲ့ကြီး ကို အောင်မြင်မှုများ ဆောင်ကြဉ်းပေးခဲ့သော နိုင်ငံအသီးသီး၏ ခေါင်းဆောင်များနှင့် ပြည်သူများအားလုံးကို အထူး ကျေးဇူးတင်ကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ အာဆီယံအဖွဲ့ကြီးကို ကနဦးတည်ထောင် ခဲ့သည့် ခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့် ရည်မှန်းချက်ခိုင်မာမှုတို့သည် အာဆီယံအဖွဲ့၏ အောင်မြင်မှုများကို ထူးခြားစွာ အကျိုးပြု ခဲ့ကြပါသည်။ မိမိအနေဖြင့် အရှေ့တောင်အာရှဒေသရှိ ပြည်သူများ၏ လူမှုဘ၀ တိုးတက်ရေးကို ဆောင်ကြဉ်းပေးခဲ့သော အဆိုပါခေါင်းဆောင်များ၏ ဉာဏ်ပညာအမြော်အမြင်ရှိမှု၊ ဦးဆောင်မှု အရည်အသွေးနှင့် ခိုင်မာသည့် ကတိကဝတ်တို့ကို ချီးကျူးဂုဏ်ပြုအပ်ပါသည်။
လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား
ယနေ့ခေတ်တွင် အာရှ-ပစိဖိတ်ဒေသသည် ကမ္ဘာပေါ်တွင် မဟာဗျူဟာ ကျသည့် ဒေသတစ်ခုအဖြစ် တည်ရှိလျက်ရှိပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ များအားလုံး၏ ပေါင်းစည်းသော ကြိုးပမ်းအားထုတ်မှုများဖြင့် အာဆီယံသည် ၂၀၁၅ ခုနှစ် နှစ်ကုန်တွင် အာဆီယံအသိုက်အဝန်း တည်ထောင်ရန် အတွက် ရှေ့သို့ဦးတည် ကြိုးပမ်းလျက်ရှိပါသည်။ အာဆီယံအဖွဲ့သည် ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်နှင့် ငြိမ်းချမ်းသော၊ သာယာဝ ပြောသော၊ ညီညွတ်ပေါင်းစည်းသော အာဆီယံဒေသအဖြစ် တည်ဆောက်ရန် ရည်မှန်းချက်တို့မှ မွေးဖွားလာ ခဲ့ခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ အာဆီယံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန် အလှန်နားလည်မှုတို့ဖြင့် ပေါင်းစုထားသည့် ရှည်ကြာသောသမိုင်းကြောင်းကို ကျော်ဖြတ်ခဲ့ပါသည်။ အာဆီယံ၏ ထူးခြားသောသမိုင်းဝင်မှတ်တိုင်များအနက် ပထမဦးဆုံးသော မှတ်တိုင်မှာ ၁၉၆၇ ခုနှစ်တွင် အာဆီယံကို မွေးဖွားပေးခဲ့သည့် ဗန်ကောက်ကြေညာစာတမ်းဖြစ်ပါသည်။ ယင်းနောက်ပိုင်း ထူးခြားသည့်မှတ်တိုင်မှာ ၁၉၇၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် အရှေ့ တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးသဘောတူ စာချုပ် ဖြစ်ပြီး ယင်းသည် အာဆီယံ၏အထူးခြားဆုံးသောအမြင်နှင့် တန်ဖိုးများကို ဖော်ဆောင်ကာ အရှေ့တောင် အာရှဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကမ္ဘာ့နိုင်ငံများနှင့် ထိတွေ့ ဆက်ဆံရေးတို့ အတွက် ရည်ရွယ်ထားသည့် သဘောတူညီချက်ဖြစ်ပါသည်။ ယခုအခါ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေး သဘောတူစာချုပ်သည် အရှေ့တောင်အာရှဒေသပြင်ပရှိ အခြား သောနိုင်ငံများနှင့် ချစ်ကြည်ရင်း နှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင် ရန်အတွက် အခြေခံမူတစ်ရပ်အဖြစ် တည်ရှိလျက် ရှိပါသည်။ ယင်း ၁၉၇၆ ခုနှစ်တွင်ပင် သဘောတူညီခဲ့သော ဘာလီ ကြေညာစာတမ်း(၁)သည်လည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံ များအကြား နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုကို ရှေးရှုရည်ရွယ်ခဲ့ပါသည်။
လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား
မကြာသေးမီက အာဆီယံသည် လူသားတို့၏အပြုအမူ သို့မဟုတ် သဘာဝဘေးအန္တရာယ်တို့ကြောင့် ဝမ်းနည်းဖွယ်အဖြစ်ဆိုးများ တွေ့ကြုံခဲ့ရ ပါသည်။ ယင်းအကြောင်းရပ်နှစ်ခုစလုံးသည် လူသားမျိုးနွယ်ကို ထိခိုက် ပျက်စီးစေပါသည်။ ပထမဖြစ်ရပ်မှာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဇူလိုင်လ ၁၇ ရက်နေ့၌ မလေးရှား လေကြောင်းအမှတ် MH-17 ပစ်ချခံခဲ့ရခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်သည် ကမ္ဘာ့ပြည်သူများအား တုန်လှုပ် ချောက်ချား စေခဲ့ပါသည်။ အဆိုပါဖြစ်ရပ်ဆိုးသည် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးပဋိပက္ခကြောင့် လူသားတို့၏ ဘ၀လုံခြုံမှုကို အန္တရာယ်ပြုလျက်ရှိပြီး အပြစ်မဲ့လူအများကို အသက်ဆုံးရှုံးစေခဲ့ပါသည်။ ဒုတိယဖြစ်ရပ်မှာ မကြာသေးမီက ဖြစ်ပွားခဲ့သည်ရာမာဆန်မုန်တိုင်းဖြစ်ပြီး ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးမှုမြင့်မားခဲ့ပါသည်။
အဆိုပါဖြစ်ရပ်များကို လေ့လာပါက နိုင်ငံများအကြား နီးကပ်စွာပူးပေါင်း ဆောင်ရွက်မှုနှင့် နားလည်မှု တည်ဆောက်ခြင်း နည်းလမ်းများဖြင့်သာ ယင်းသို့ သောဖြစ်ရပ်မျိုးကို ကာကွယ်တားဆီးကာ မိမိတို့၏ ပြည်သူများကို ကယ်တင် နိုင်မည်ဖြစ်သည်ကို သုံးသပ်တွေ့ရှိရပါသည်။ သို့ဖြစ်ရာ အဆိုပါဘေးအန္တရာယ် များကို ဒေသတွင်းနိုင်ငံများ၊ ပြည်သူများအားလုံးမှလက်တွဲ၍ ပူးပေါင်း ကာကွယ်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါသည်။
လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား
အာဆီယံသည် ပြည်သူများ၏ဘ၀ကိုမြှင့်တင်မည့် မွန်မြတ်၍ တရားမျှတ သည့် ရည်မှန်းချက်များဖြင့် ဂုဏ်သိက္ခာရှိသည့် အဖွဲ့အစည်းအဖြစ် ရပ်တည် လာခဲ့ပါသည်။ ၁၉၉၇ ခုနှစ်တွင် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက် ဆိုင်ရာ ဆန်းသစ်သည့် အတွေးအခေါ်စတင်ပေါ်ပေါက်လာခဲ့ပြီး ယင်းအချိန် မှစတင်ကာ အာဆီယံသည် နိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း၊ စီးပွားရေး အသိုက်အဝန်းနှင့် လူမှုရေးနှင့်ယဉ်ကျေးမှု အသိုက်အဝန်းတို့ပါဝင်သည့်
အာဆီယံအသိုက်အဝန်းတည်ထောင်မှုကို ကြိုးပမ်းအကောင်အထည်ဖော် လျက်ရှိပါသည်။
အဆိုပါအသိုက်အဝန်း(၃)ရပ်သည် အာဆီယံ၏တန်ဖိုးများနှင့် စံနမူနာ များကို ဒေသတွင်းရှင်သန် အသက်ဝင် စေခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် အာဆီယံ ပဋိညာဉ်စာတမ်းချမှတ်နိုင်မှုသည်လည်း ထပ်လောင်းအရေးပါသည့် မှတ်တိုင် တစ်ရပ်ဖြစ်လာကာ စည်းမျဉ်းဥပဒေကို အခြေပြုသည့်အဖွဲ့အစည်းအဖြစ် အာဆီယံ၏ပြယုဂ်ကို မြင့်မားစေခဲ့ပါသည်။ ယင်းအာဆီယံပဋိညာဉ်စာတမ်းသည် နိုင်ငံတကာအသိုက်အဝန်းတွင် အာဆီယံ၏ တက်ကြွသောအခန်းကဏ္ဍ ကို မြှင့်တင်ပေးသည့်အပြင် အာဆီယံအသိုက်အဝန်း တည်ထောင်ရေးလုပ်ငန်းစဉ် ကိုလည်း အထောက်အကူပြုလျက်ရှိပါသည်။
မိမိတို့အနေဖြင့် မိမိတို့၏ဒေသအား နိုင်ငံရေးအရ စုစည်းသော၊ ငြိမ်းချမ်း သော၊ တည်ငြိမ်၍ကြံ့ခိုင်သော၊ စီးပွားရေးအရပေါင်းစည်းပြီး ယှဉ်ပြိုင်စွမ်းအားရှိကာ မျှတသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်စေရန် တည်ဆောက်လျက်ရှိပါသည်။ သို့ဖြစ်ရာ အာဆီယံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား ကွဲပြား ခြားနားမှုများကို လျှော့ချကာ လူသားဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၊ လူမှုဘ၀ဖူလုံ ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး၊ လူမှုရေးအရတရားမျှတမှုရှိရေး၊ လူ့အခွင့်အရေးနှင့် ရေရှည်တည်တံ့မည့် သဘာဝပတ်ဝန်းကျင်ကို ဖော်ဆောင်နိုင် စေရေးစသည့် လူမှု-ယဉ်ကျေးမှုခိုင်မာသောဒေသတစ်ခုအဖြစ် မြှင့်တင် ဆောင်ရွက်သွား ရမည်ဖြစ်ပါသည်။ မိမိတို့အနေဖြင့် အာဆီယံအသိုက်အဝန်းမဏ္ဍိုင်(၃)ရပ် မူဘောင်အတွင်း လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါသည်။ ဒေသဆိုင်ရာ ပေါင်းစည်းမှုသည် အာဆီယံအသိုက်အဝန်း တည်ထောင်မှုအတွက် ထိပ်တန်းဦးစားပေးရည်မှန်းချက်ဖြစ်သည့်အားလျော်စွာ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် ကျဉ်းမြောင်း စေရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးတို့သည် အာဆီယံအသိုက် အဝန်းတည်ထောင်မှုအတွက် အရေးပါသည့်လုပ်ငန်းတာဝန်များ ဖြစ်ကြပါ သည်။ သို့ဖြစ်ရာ မိမိတို့အနေဖြင့် ဒေသတွင်းပေါင်းစည်း မှုလိုအပ်ချက်များ ကို ပြည့်မီစေရန်အကောင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၅ ခုနှစ် နှစ်ကုန်တွင် အာဆီယံအသိုက်အဝန်းပေါ်ထွန်းလာမည့် အချိန်ကာလသတ်မှတ်ချက် နီးကပ်လာ သည်နှင့်အမျှ အမျိုးသားအဆင့်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု ကဏ္ဍများတွင်ပြောင်းလဲနေသည့် အခြေအနေများကို ပြည်သူများအနေဖြင့် သိရှိနားလည်ရန်အရေးကြီးပါသည်။ ပြောင်းလဲမှုများနှင့်အညီ လိုက်လျောညီထွေစွာလိုက်ပါဆောင်ရွက်နိုင်ခြင်း သည် ပြုပြင်ပြောင်းလဲမှုတွင် အရေးပါသည့် အရည်အသွေး တစ်ရပ် ဖြစ်ပါသည်။ သို့ဖြစ်ရာ မိမိတို့ပြည်သူများအနေဖြင့် ပြောင်းလဲနေသည့် အခြေအနေ များကို အကြောင်းပြု၍ စီးပွားရေးလုပ်ငန်းများအား လိုက်လျောညီထွေစွာ ပြုပြင်နိုင်ကြရန်နှင့် ပြောင်းလဲမှုများမှ အကောင်းဆုံးရလဒ်များကို ဖန်တီးရယူ နိုင်ရန် ကြိုးပမ်းကြရန် တိုက်တွန်းအပ်ပါသည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ မိမိတို့ပြည်သူများအား အာဆီယံအသိုက်အဝန်းတည်ထောင်မှုအပေါ် အပြည့်အဝယုံကြည်မှုရှိကြရန် တိုက်တွန်း လိုပါသည်။ မိမိတို့အနေဖြင့် ယခု ကဲ့သို့ အာဆီယံစီးပွားရေးအသိုက်အဝန်း လမ်းပြမြေပုံ၏ရည်မှန်းချက်များ ပြည့်မီရန် ကြိုးပမ်းနေချိန်တွင် မိမိတို့နိုင်ငံ၏စီးပွားရေးအသိုက်အဝန်းကိုလည်း မြှင့်တင်နိုင်ရန် အကောင်းဆုံး ကြိုးပမ်းလျက်ရှိကြောင်း အသိပေးလိုပါသည်။ မိမိတို့၏စည်းလုံးညီညွတ်သောကြိုးပမ်းမှုများဖြင့် အာဆီယံ အသိုက်အဝန်း အတွင်း မိမိတို့နိုင်ငံ၏စီးပွားရေးကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ပါသည်။ လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား မိမိတို့နိုင်ငံသည် အာဆီယံဥက္ကဋ္ဌတာဝန်ကို ယခုနှစ်အစပိုင်းမှ စတင်ကာ ထမ်းဆောင်လျက်ရှိပါသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးနှင့် (၂၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတို့ကို ဇန်နဝါရီလနှင့် မေလတို့တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ကဏ္ဍအသီးသီး၌ ဝန်ကြီးအဆင့်အစည်းအဝေးများနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတို့ကို တစ်နှစ်တာပတ်လုံး လက်ခံကျင်းပလျက်ရှိပါသည်။ မိမိတို့အနေဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်မှုကို အလေးထားကာအာဆီယံအသိုက်အဝန်းဆိုင်ရာ ဦးတည် ချက်များနှင့် အမျိုးသားရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို အပြည့်အဝ အကောင်အထည်ပေါ်စေမည့် ဦးစားပေး လုပ်ငန်းများကို ချမှတ်ဆောင်ရွက် လျက်ရှိပါသည်။
အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရာတွင် မိမိတို့အနေဖြင့် ဒေသ ဆိုင်ရာငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် မြန်မာ နိုင်ငံ၏ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကောင်းကျိုးချမ်းသာ ကိုဖော်ဆောင် မည့် အမျိုးသားရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ခြင်းနှင့် တာဝန်ကျေပွန်သော အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ကြီးကို ဦးဆောင်ဦးရွက်ပြုခြင်းဖြင့် အမျိုးသားရေး ဂုဏ်သိက္ခာ ဖော်ဆောင်ခြင်းကိုဆောင်ရွက်လျက်ရှိပါသည်။
နိဂုံးချုပ်အနေဖြင့် ငြိမ်းချမ်း၍ သာယာဝပြောသောအာဆီယံအသိုက် အဝန်းတည်ထောင်ရာတွင် မိဘပြည် သူများ၏ စွမ်းဆောင်ရည်ပြည့်ဝသော အခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ခြင်းအတွက် အထူးဂုဏ်ယူ ပါကြောင်း ဖော်ပြ လျက် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

No comments:

Post a Comment