နေပြည်တော် ဩဂုတ်
၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်
အာဆီယံ ဒေသဆိုင်ရာ ဖိုရမ် (အေအာရ်အက်ဖ်) အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့်
အာဆီယံ အတွင်းရေးမှူးချုပ်တို့အား ယနေ့ နံနက် ၉ နာရီခွဲတွင် နိုင်ငံတော် သမ္မတအိမ်တော်
သံတမန် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
လွန်ခဲ့သော နှစ်ပေါင်း ၂၀ က စတင်ဖွဲ့ စည်းခဲ့သည့် အေအာရ်အက်ဖ်အဖွဲ့ကြီးသည် ယခုဆိုလျှင်
အာရှ၊ ပစိဖိတ်ဒေသအတွင်းတွင် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်သည့်
အင်အားကောင်းသော အဖွဲ့ကြီးအဖြစ် ရပ်တည်လျက် ရှိနေသည်ကို မိမိအနေဖြင့် အားရကျေနပ်မိပါကြောင်း၊
ဒေသတွင်းတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ဦးတည်လျက် အပြုသဘောဆောင် သည့်
ဆွေးနွေးမှုများ အာရှ၊ ပစိဖိတ်ဒေသတွင် ယုံကြည်မှုတည်ဆောက် ရေးနှင့် သံတမန်နည်းလမ်းအရ
ကျင့်သုံးဆောင်ရွက်မှုများ အတွက် အေအာရ်အက်ဖ်အဖွဲ့ကြီး၏ ကြိုးပမ်း အားထုတ်မှုများကို ကြိုဆိုထောက်ခံ ပါကြောင်း၊
အေအာရ်အက်ဖ်အဖွဲ့ကြီး၏ ဦးစားပေးလုပ်ငန်းများ ဖြစ်သည့် ယုံကြည်မှုတည်ဆောက်ရေး၊ သံတမန်နည်းလမ်းအရ
ကာကွယ်ရေး၊ လက်နက်မပြန့်ပွားရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ သမားရိုးကျ မဟုတ်သည့် လုံခြုံရေးကိစ္စရပ်များ၊
ငြိမ်းချမ်းမှုထိန်းသိမ်းရေး၊ ပင်လယ်ပြင်ဆိုင်ရာ လုံခြုံရေးနှင့် စွမ်းအင်လုံခြုံရေးစသည့်
နယ်ပယ် အသီးသီးတွင် အဆွေတော်တို့ ၏ ဆွေးနွေးပွဲမှ ရလဒ်ကောင်းများ ရရှိလာမည်ဟု မျှော်လင့်ပါကြောင်း၊
မြန်မာနိုင်ငံ အနေဖြင့်လည်း အဆွေတော်တို့နှင့် ပူးပေါင်း၍ အေအာရ်အက်ဖ် အဖွဲ့ကြီး၏ လုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊
စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၏ အောင်မြင်မှုများ၊
ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ် သည် နောက်ပြန်လှည့်ရန်မရှိကြောင်း၊ ရှေ့သို့ ဆက်လက်ချီတက်ရန်သာရှိကြောင်း၊
အေအာရ်အက်ဖ် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း မိမိတို့ကို အားပေးထောက်ခံမည်ဟု ယုံကြည်ကြောင်းဖြင့်
ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊
ဦးအေးမြင့်ကြူ၊ ဒေါက်တာကံဇော်၊ ဦးရဲထွဋ်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး အေအာရ်အက်ဖ်အဖွဲ့ဝင်
နိုင်ငံများဖြစ်သော မလေးရှား၊ ဩစတြေးလျ၊ ဘရူနိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ တရုတ်၊
အင်ဒိုနီးရှား၊ လာအို၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား သမ္မတနိုင်ငံ
၊ ထိုင်း၊ ကိုရီးယားပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယက်နမ်၊ တီမောလက်စ် တေ၊ သီရိလင်္ကာ၊
ရုရှား၊ ပါပူဝါနယူးဂီနီ၊ ပါကစ္စတန်၊ နယူးဇီလန်၊ မွန်ဂိုလီးယားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့်
အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာလီယောင်မင်တို့ တက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment