Tuesday, August 26, 2014

ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ အစည်းအဝေးကျင်းပ



နေပြည်တော်-ဩဂုတ် ၂၆

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ဦးချင်းဝင်ငွေ တိုးတက်ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် ဆင်းရဲမှုရာခိုင်နှုန်း ၂၆ ရာခိုင်နှုန်း မှ ၁၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်မည် ဖြစ်ပါကြောင်းဖြင့် ဩဂုတ်(၂၅)ရက် နံနက်(၁၀)နာရီခွဲတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် သား/ငါး ကုန်ထုတ် လုပ်မှုနှင့် ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ အစည်းအဝေး(၇/၂၀၁၄)တွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသည်။


ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် မွေးမြူရေး၊ သား/ ငါး ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသည့် အပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် (၈)ရပ်ပါ ကျန်ရှိသည့်လုပ်ငန်းစဉ်(၆)ရပ်ကို တာဝန်ယူဆောင်ရွက် နေကြသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြင့်လည်း ဆက်သွယ်ပူးပေါင်း၍ ကျေးလက် ဖွံ့ဖြိုးရေးဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ချက်ချင်းဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်းစဉ်(၃)ရပ်မှာ ကျေးလက်ဒေသရှိ ကျေးရွာများတွင် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေး ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ဒေသ လျှပ်စစ်မီး ရရှိစေရေးအတွက် ကျေးလက်မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ကျေးလက်ပြည်သူများ အစားအစာ ဖူလုံမှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ပေးခြင်း တို့ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်(၈)ရပ် ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် အတွက် အထောက်အကူပြုကော်မတီအလိုက် အားနည်းချက်၊ အားသာချက်၊ အဓိကထားဆောင်ရွက်သွားရမည့် အပိုင်းများအား အကြံပြုဆွေးနွေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဆပ်ကော်မတီများက မိမိတို့ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ပြီး ၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးရုံးစုဝေးခန်းမ၌ကျင်းပသည့် ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ(၈/၂၀၁၄) သို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦးနှင့် ဦးတင်ငွေတို့က ဝန်ထမ်းများအနေဖြင့် တာဝန်သိမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုများဖြင့် မိမိတို့လုပ်ငန်းများတွင် ကြိုးစားလုပ်ဆောင်ကြစေလိုကြောင်း ပြောကြားသည်။ ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းလွင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအား ပြည်ထောင်စုဝန်ကြီးမှ ညှိနှိုင်းဖြည့်ဆည်းပေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေ့လယ်ပိုင်းတွင် အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၂/၂၀၁၄)တွင် သင်တန်းသား သင်တန်းသူ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ တတိယအရှိန်မြှင့်တင်မှု (Third Wave) တွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။ 

No comments:

Post a Comment