Friday, August 1, 2014

သထုံတွင် စာပေ၀ါသနာရှင်များ စုစည်းကာ စက်ဘီးကိုယ်စီဖြင့် စာအုပ်စာစောင်များ လိုက်လံငှားရမ်း



သထုံ    ဇူလိုင်    ၃၁
သထုံမြို့နယ်၊ နောင်ဘိုကျေးရွာတွင် စာမဖတ်သူ ပပျောက်ပြီး စာပေဖတ်ရှုခြင်းဖြင့် အသိပညာ တိုးတက်စေရေး အတွက် ဒေသခံ စာပေ၀ါသနာရှင်များ စုစည်းထားသည့် “ဖူးငုံရတနာ” မျိုးဆက်သစ်မောင်မယ် စာဖတ် အသင်းမှ စက်ဘီးကိုယ်စီဖြင့် ကျေးရွာအနှံ့သို့ အပတ်စဉ် စာအုပ်/စာစောင်များအား အခမဲ့လိုက်လံ ငှားရမ်း ပေးလျက်ရှိကြောင်း သိရသည်။



“၀ါသနာတူ လူငယ် ၁၀ ဦးက တစ်ရက်ကို လေးငါးဦးလောက် အလှည့်ကျ ထွက်ပြီး တစ်ပတ်ကို ၃ ရက်လောက် လိုက်ငှား ပေးတာပါ။ တစ်ရက်ကို သုတ/ရသ အုပ်ရေ ၃၀ လောက်နဲ့ ဂျာနယ်စုံ ၄၀ လောက်ငှား ပေးရတယ်။ စပြီးလိုက်ငှားတဲ့ အချိန်က အခက်အခဲ ရှိခဲ့ပေမယ့် ခုတော့ အတော်လေး အဆင်ပြေလာပါပြီ၊ ကိုယ်တိုင်လဲ စာဖတ်သလို အားလုံးကိုလည်း ဖတ်စေချင်လို့ ကိုယ်ပိုင်စာအုပ်၊ ကိုယ်ပိုင်ငွေကြေးနဲ့ အခုလို လိုက်ငှား ပေးတာပါ။ အခုတော့ သထုံခရိုင် ပြည်သူ့စာကြည့်တိုက်က စာအုပ်တွေလစဉ် ငှားပေးတော့ အများကြီး အားရှိပါတယ်” ဟု နောင်ဘိုကျေးရွာ၊ ကွင်းစပ် (၁) တွင်နေထိုင်သည့် စာဖတ်အသင်း ခေါင်းဆောင် ဦးပဏ်က ပြောသည်။
အဆိုပါ အသင်းကို ၂၀၀၆ ခုနှစ် အတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး စတင်ချိန်က အသင်းဝင် ၃ ဦးခန့်ဖြင့် မူလတန်း အဆင့် ကျောင်းသား/ကျောင်းသူ များအတွက် စာကျက်ဝိုင်းများကို ပညာဒါနအဖြစ် လိုက်လံ ဆောင်ရွက် ပေးနိုင်ခဲ့ သော်လည်း ၂၀၁၄ ခုနှစ် မေလမှ စတင်ကာ ယခုကဲ့သို့ စက်ဘီး ကိုယ်စီဖြင့် စာအုပ်/စာစောင်များ လိုက်လံငှားရမ်း ပေးခြင်းကို တိုးချဲ့ဆောင်ရွက်ကာ ယခုအခါ အသင်းဝင် အင်အားမှာ ၉၀ ဦးအထိ တိုးတက် လာကြောင်း သိရသည်။

No comments:

Post a Comment