Monday, August 25, 2014

စီးပွားရေးမြို့တော်ရန်ကုန်၌ နိုင်ငံတကာအဆင့်မီ ညဈေးဖွင့်မည်

ရန်ကုန်  သြဂုတ်  ၂၄
နိုင်ငံတကာမှ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်မှု တစ်ရပ်အဖြစ် ရန်ကုန်စီးပွားရေး မြို့တော်တွင် နိုင်ငံတကာ အဆင့်မီညဈေးဖွင့် လှစ်ရန် ကြိုးစားလျက် ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့လယ်နေရာများကို အဓိက ဦးစားပေးရွေးချယ်ပြုလုပ်သွားရန်ရှိပြီး အထူးသဖြင့် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအနီးဝန်းကျင်နှင့် လသာမြို့နယ် အတွင်းလသာလမ်းနေရာ အနီးတစ်ဝိုက်တွင် အဆိုပါ နိုင်ငံတကာအဆင့်မီ ညဈေးကို ဖွင့်လှစ် ရောင်းချနိုင်ရန် မျှော်မှန်းထားသည်။
ထိုသို့ နိုင်ငံတကာအဆင့်မီညဈေးဖွင့် လှစ်ရာတွင် ဆိုင်ခန်းပေါင်း ၁၅၀ ခန့်ထားရှိ ရောင်းချသွားနိုင်ရေး မျှော်မှန်းထားပြီး ညဈေး ဖွင့်ချိန်မှာ ညနေ ၆ နာရီမှ ည ၁၁ နာရီခန့် ထိဖြစ်နိုင်ကြောင်း၊ လောလောဆယ်တွင် ဆိုင်ခန်းအရေအတွက်နှင့် ညဈေးဖွင့်လှစ် မည့်အချိန်များကို ညှိနှိုင်းလျက်ရှိသည်။ အထူးသဖြင့် နိုင်ငံခြားခရီးသွားများလာရောက်ဝင်ထွက် သွားလာမှုများပြားသည့် နေရာနှင့် အလွယ်တကူ သွားလာနိုင်သည့် နေရာကို ဦးစားပေးရွေးချယ် ဖွင့်လှစ်သွား မည်ဖြစ်သည်။ ညဈေးတွင် ဖွင့်လှစ်သည့် ဆိုင်များသည် ညပိုင်းဈေးရောင်းချိန်ပြီး ပါက ဆိုင်ခင်းသည့် ပစ္စည်းများကို သိမ်းဆည်း သယ်ဆောင်သွားရမည်ဖြစ်ရာ နံနက် ပိုင်းရောက်သည်နှင့် ယင်းညဈေး နေရာတွင် ဆိုင်များ၊ အမှိုက်များ လုံးဝကင်းရှင်းနေရမည်ဖြစ်သည်။
နိုင်ငံတကာအဆင့်မီညဈေးဖွင့် လှစ်ရောင်းချခြင်းကြောင့် ရေဆိုးရေ ညစ်များနှင့် အမှိုက်သရိုက်များ အတွက် ကြိုတင်ပြင်ဆင်မှုများ၊ စီစဉ် မှုများပြုလုပ်ရန်လည်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းနှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။ နိုင်ငံတကာတွင် ကမ္ဘာလှည့်ခရီးသွားများ၊ နိုင်ငံခြားသားများကို ဆွဲဆောင်နိုင်သည့် ညဈေးများ ဖွင့်လှစ် ရောင်းချလျက်ရှိရာ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင်လည်း မြို့တော်ဗန်ကောက်၌ ည ဈေးဖွင့်လှစ်ရောင်း ချမှုများ အချိန်ကြာမြင့်စွာကပင် ရှိခဲ့သည်။
လွတ်လပ်စွာ ဝယ်ယူနိုင်ခြင်း၊ ပေါ့ပါးပြီး အရသာရှိသည့် ရိုးရာ အစားအသောက်များကို စားသောက် နိုင်ခြင်းနှင့် ထူးခြားဆန်းသစ်စွာ လေ့လာနိုင်သည့် အမှတ်တရပစ္စည်းများကို ရွေးချယ်ဝယ်ယူနိုင်ခြင်းတို့ကြောင့် ပြည်ပခရီးသွား ဧည့်သည်များ အတွက် ဆွဲဆောင်မှုရှိသည့်နေရာ တစ်ခုအဖြစ် ရောက်ရှိလာမည် ဖြစ်သည်။

No comments:

Post a Comment