အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ပဲခူးတိုင်းဒေသကြီးအတွင်း ရေလွှမ်းမိုးမှုခံရသော အခြေအနေများစစ်ဆေးရန်
ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့သို့ ရောက်ရှိကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်းက တိုင်းဒေသကြီးအတွင်း လတ်တလောကာလတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုအခြေအနေ၊ ပဲခူးမြစ်ရေမြင့်တက်မှုနှင့်
ရေကြီးနစ်မြုပ်မှုဆိုင်ရာအခြေအနေ၊ ရေလှောင် တမံများအတွင်း ရေစီးဝင်မှုအခြေအနေနှင့် ရေဘေးသင့်ပြည်သူများအတွက်
ကယ်ဆယ်ရေးစခန်းများတွင် စားဝတ်နေရေး ထောက်ပံ့ပေးနေမှု
အခြေအနေ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအလိုက်
မိုးစပါးသီးနှံများ ပျက်စီးဆုံးရှုံးမှုအခြေအနေ၊ တောင်သူလယ်သမားများအား မျိုးစပါးပြန်လည်
ဖြန့်ဖြူးပေးဝေသွားမည့် အခြေအနေ၊ ဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများ
ဖြစ်ပေါ်ခဲ့သည့် လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာ အခြေအနေများနှင့် ပြန်လည်တည်ဆောက် ပြုပြင်သွားမည့်
အချက်အလက်ဆိုင်ရာများ၊ ရေထိန်းတံခါး များနှင့် ရေထိန်းတမံများ ပြန်လည်ပြုပြင် တည်ဆောက်သွားမည့်
ကိစ္စရပ်များအပေါ် အသေးစိတ် ရှင်းလင်းတင်ပြ သည်။
ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြားရာ၌ ယခုပဲခူးဒေသတွင် တွေ့ကြုံနေရသည့် ရေကြီး
ရေလျှံမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို တားဆီး၍မရနိုင်သော်လည်း ထိခိုက်မှုလျော့ပါး
သက်သာအောင် ကြိုတင်ကာကွယ်ခြင်း၊ အသင့်ပြင်ဆင်ထားခြင်းများဖြင့် ဆောင်ရွက်နိုင်ပါကြောင်း၊
ထိုသို့ ဆောင်ရွက်နိုင်ရန်လည်း သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ကော်မတီအဆင့်ဆင့်ဖွဲ့စည်းထားပြီး
စီမံခန့်ခွဲ လျက်ရှိပါကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှု၏ အဓိကရည်မှန်းချက်မှာ ဘေးသင့်နယ်မြေရှိ
ပြည်သူလူထု၏ အသက်အိုးအိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ဘေးကင်းနယ်မြေ သဘာဝပတ်ဝန်းကျင်ကို
ထိန်းသိမ်း ပေးနိုင်ရန်ပင်ဖြစ်ပါကြောင်း၊ ဘေးဖြစ်နိုင်ချေမှန်သမျှကို လျော့ချနိုင်ရန်၊
ဖြစ်ပွားလာပါက ဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ အမြန်ဆုံးရွှေ့ထုတ်ပြီး သင့်တင့်လုံလောက်သည့်
ထောက်ပံ့မှုများ ချက်ချင်းပေးရန်နှင့် ရေရှည်ခံမည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အလျင်အမြန်
ဆောင်ရွက်ပေးရန် လုပ်ငန်းစဉ်များ ချမှတ်ထား ပါကြောင်း။
နှစ်စဉ်ရေဘေးသင့်မှု ကြုံတွေ့နေကြရသည့် ပဲခူးတိုင်းဒေသကြီးအနေဖြင့် ယခုနှစ်တွင်
ယခင်နှစ်များထက် မိုးရေချိန်ပိုမိုများပြားစွာ
ရွာသွန်းခဲ့သော်လည်း ရေဘေးသင့်မှု အတိုင်းအတာတစ်ခုအထိ လျော့ကျခဲ့ပါကြောင်း၊ ယခင်နှစ်က
ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်ခဲ့သည့် ပဲခူး-စစ်တောင်း တူးမြောင်း
ပြန်လည်မွမ်းမံဖော်ထုတ်ခြင်း၊ ပဲခူးမြစ်ဝှမ်းတစ်လျောက် ရေစီးရေလာထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များ၏
ရလဒ်ပင် ဖြစ်ပါကြောင်း၊ သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး
လုပ်ငန်းစဉ်(၄)ရပ်ဖြစ်သည့် ကြိုတင်ကာကွယ်ခြင်း၊ အသင့်ပြင်ဆင်ခြင်း၊ ဘေးသင့်ချိန် ရင်ဆိုင်တုန့်ပြန်ခြင်း၊
ပြန်လည်ထူထောင်ခြင်းများတွင် ပြည်သူလူထုပါဝင် ပူးပေါင်းမှုဖြင့် အောင်မြင်အောင် ကြိုးပမ်းသွားကြရမည်
ဖြစ်ပါကြောင်း။
ပြည်ထောင်စုအစိုးရအနေဖြင့် ဖြည့်ဆည်းပေးရန် လိုအပ်သည့်ကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်စေရန်
မိမိအနေဖြင့် ယခုကဲ့သို့ ရောက်ရှိလာခြင်း ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များက တိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများအတွက်
အလှူငွေ နှင့်ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဥာဏ်ဝင်းက
လက်ခံသည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ပဲခူးရွှေမော်ဓောစေတီတော်အနီး ကျောက်ကြီးစု
ရပ်ကွက်ရှိ မွန်ဓမ္မာရုံ ရေဘေးကယ်ဆယ်ရေးစခန်း၊ မြို့သစ်ရပ်ကွက် မိုးလုံလေလုံအားကစားရုံ
ရေဘေး ကယ်ဆယ်ရေးစခန်း၊ ကလျာဏီရပ်ကွက် ကလျာဏီသိမ်တော် ရေဘေးကယ်ဆယ်ရေးစခန်းနှင့် ကျွန်းသာယာ
ရပ်ကွက်ရှိ အနောက်ရွှေနံ့သာကျောင်းတိုက် ရေဘေးကယ်ဆယ်ရေးစခန်းများသို့သွားရောက်ကာ ရေဘေးသင့်
ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ
အားပေးနှုတ်ဆက်စကားပြောကြားခဲ့ သည်။
ယနေ့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တိုင်းဒေသကြီး အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု ၅၃၉၀
အတွက် ကယ်ဆယ်ရေးပစ္စည်းလေးမျိုးဖြစ်သည့် မျက်နှာသုတ်ပဝါ၊ ကျားဝတ်လုံချည်၊ မဝတ်လုံချည်၊
ဆပ်ပြာတောင့် တန်ဖိုးငွေ (၄၁၉၂၃၄၂၀)ကျပ်ကိုလည်းကောင်း၊ အထွေထွေ ထောက်ပံ့ကြေးငွေအဖြစ်
ကျပ်သိန်း(၁၈၀)အားလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment