Tuesday, July 29, 2014

ဇင်းကျိုက်ရေတံခွန်နှင့် ခရီးသွားလုပ်ငန်း ခရီးစဉ်သစ်




မွန်ပြည်နယ် သထုံခရိုင်တွင် ထင်ရှားသည့်နေရာ တစ်ခု၊ သဘာဝ ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင် မှုခရီးစဉ်သစ်တစ်ခုဖြစ် လာတော့မည့် နေရာ။ ဇင်းကျိုက်ရေတံခွန်သို့ ခရီး သွားဓာတ်ပုံရိုက်ကူးရန် ရောက်ရှိခဲ့သည်။မော်လမြိုင်ခရီးစဉ်တွင် ဇင်းကျိုက်ရေတံခွန်က ပထမဆုံး ဝင် ရောက်ရသည့်နေရာဖြစ်သည်။ တဝေါဝေါကျဆင်းနေသော ရေများ၊ ဘုရားနောက်ခံပြုကာ ကျောက်တုံးများပေါ် ဖြတ်သန်းစီးဆင်း လာသည့်ရေတံခွန် ကား အရှိန်အဟုန်ပြင်းစွာ တစ်ဟုန် ထိုးစီးကျလာသည့်မြင်ကွင်း။
ပတ်ဝန်းကျင် သဘာဝအလှနှင့် ရေတံခွန်တို့က လှပစွာပေါင်းစပ် ဖွဲ့စည်းထားမှုမှာ မျက်စိပသာဒရှိလှသည်။ တောင်ထိပ်ရှိ ဇင်းကျိုက်စေတီတော်၊ ရေတံခွန်နှင့်ပတ်ဝန်းကျင် အလှကို ပေါင်းစည်းမြင်တွေ့နိုင်သည့် ရှုထောင့်၊ အလင်းအမှောင်၊ အနီးအဝေး၊ အရောင်အရိပ်နှင့် ရာသီဥတုအနေအထားကို သုံးသပ်ဆုံးဖြတ် ကာ ဓာတ်ပုံကောင်းရရှိရန် တဖျပ်ဖျပ်ရိုက်ယူမိသည်။
နံနက်ခင်းအလင်းရောင်ဖြာကျမှု၊ ရေတံခွန်၏ သဘာဝလှုပ်ရှား စီးဆင်းမှု၊ အပန်းဖြေလာရောက်စပြု နေသည့်နံနက်ခင်း မြင်ကွင်းရွေးပြီး ရိုက်သူ၊ အလင်းအမှောင် ရွေးပြီး ရိုက်သူစသည်ဖြင့် ဓာတ်ပုံဆရာတို့ သူ့ထက်ငါ လက်စွမ်းပြ ရိုက်ကူးခဲ့ကြသည်။
သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို ဖော်ဆောင်နေချိန်တွင် ဇင်းကျိုက်ရေတံခွန်အလှနှင့် ပတ်ဝန်း ကျင်အလှကို ပြည်တွင်း ပြည်ပခရီးသွားများ ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်၊ ဆွဲဆောင်မှုရှိသော ဓာတ်ပုံများ တင်ပြရန်၊ ဖော်ကျူးနိုင်ရန် လိုအပ်သည်။ ဓာတ်ပုံဆရာတို့ စိတ်ကူး၊ ရှု ထောင့်၊ မြင်ကွင်း၊ အလင်းအမှောင် ပြတ်သားမှုနှင့် စုဖွဲ့မှုအားကောင်း ကောင်းဖြင့် ပုံကောင်းတစ်ပုံကြောင့်ခရီးသွားများလာချင်စိတ်ကို နှိုးဆွ ပေးနိုင်ပေသည်။
ဇင်းကျိုက်ရေတံခွန်ကို ခရီးသွားများအတွက် အဆင့်မြှင့်တင်မှုပြုလုပ် တော့မည်ဖြစ်သည်။ ရေတံခွန်ကျ ဆင်းမှု၊ စီးဆင်းမှု၊ မြေမျက်နှာပြင်များကို ပြုပြင်မှုများ ပြုလုပ်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့က စီစဉ်နေပြီဖြစ်သည်။
မိမိတို့ ဓာတ်ပုံပညာရှင်များကလည်း ဇင်းကျိုက်ရေတံခွန်ကို အလှ ပဆုံးဖြစ်ရန် အလင်းဖြင့် အကောင်း ဆုံးပုံရိပ်ကို ရိုက်ကူးဖော်ပြရန် ဆန္ဒ ပြင်းပျမှုရှိခဲ့သည်မှာ အမှန်ပင်။

No comments:

Post a Comment