နေပြည်တော်-ဇူလိုင်
၂၇
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်
လက်ပံတောင်းတောင် စီမံကိန်းနယ်မြေအတွင်း ဇူလိုင်(၂၆)ရက် တွင် မိုးကြိုးပြင်အလယ်ရွာမှ
ကျေးရွာသူ၊ ကျေးရွာသားများ ကျူးကျော်ဝင်ရောက်ပြီး လေးခွ၊ ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့်
လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်(၂၆)ရက် မွန်းလွဲ(၂)နာရီခွဲခန့်တွင်
လက်ပံတောင်းတောင် စီမံကိန်းဧရိယာအတွင်း အနောက်ဘက် မျက်နှာစာ လုံခြုံရေးဆောင်ရွက်နေသည့်
ရဲကင်း၏ ယာယီခြံစည်းရိုးအပြင်ဘက် ပေ(၂၀)ခန့် အကွာ စီမံကိန်းဧရိယာအတွင်းသို့ မိုးကြိုးပြင်အလယ်ရွာနေ
ဒေါ်ဝ(၃၅)နှစ် အပါအဝင် အမျိုးသမီး (၁၅)ဦးခန့်က နွား အကောင်(၇၀)ခန့်အား လာကျောင်းခဲ့ကြောင်း၊
ထို့နောက် အဆိုပါကျေးရွာမှ အမျိုးသား(၃၅)ဦး၊ အမျိုးသမီး (၃၀)ခန့်က နွားအကောင် (၈၀)ခန့်ဖြင့်
ထပ်မံရောက်ရှိလာပြီး ခြံစည်းရိုးကာရံထားသည့်အတွင်းသို့ ဝင်ရောက်နွား ကျောင်းလိုကြောင်း
လုံခြုံရေးတပ်ဖွဲ့ဝင်များအား လာရောက်ပြောကြားခဲ့ရာ
တပ်ဖွဲ့ဝင်များက စီမံကိန်းဧရိယာ ဖြစ်၍အန္တရာယ်ရှိသဖြင့် အပြင်တွင်သာကျောင်းရန် ရှင်းပြသည်ကို
လက်မခံဘဲဆဲဆိုပြီး ခြံစည်းရိုးအား အတင်းတွန်းလှဲဖျက်ဆီးကာ နွားများကိုမောင်းသွင်းခဲ့ကြောင်း
သိရသည်။
ယင်းသို့ မောင်းသွင်းသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက
နွားများ စီမံကိန်းဧရိယာအတွင်း မဝင်ရောက်နိုင် စေရန် တားဆီးပြီး ပြန်လည်မောင်းနှင်ခဲ့ရာ
အဆိုပါ ရွာသူ၊ ရွာသားများက တပ်ဖွဲ့ဝင်များအား လေးခွများ၊ ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့်
မြို့နယ်ရဲတပ်ဖွဲ့မှူး၏ နဖူးတွင် ပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း သိရသည်။
ညနေ (၄)နာရီခန့်တွင် တိုင်းဒေသကြီး လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့က အဆိုပါနေရာသို့
ရောက်ရှိလာပြီး အခြေအနေကို ထိန်းသိမ်းဆောင်ရွက်သော်လည်း ရွာသူ ရွာသား (၈၀)ခန့်က နွားများကို
အကာအကွယ်ယူ၍ လေးခွ၊ ခဲများဖြင့် ဆက်လက်ပစ်ခတ်ပြီးနောက် ထွက်ခွာ သွားခဲ့ကြောင်း၊ ယင်းနောက်
ရွာသူ ရွာသားများသည် စီမံကိန်းနယ်မြေအတွင်းရှိ လိပ်ခွံတောင်အနီးတွင် ပြန်လည် စုစည်းပြီး
ယင်းတောင်ပေါ်ရှိ ရဲကင်း၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား လေးခွ၊ ခဲများဖြင့်
မိနစ် (၂၀)ခန့် ပစ်ခတ်ခဲ့ပြီး ဘန်ကာအနီးသို့ ရောက်ရှိလာသဖြင့် ၁၂ ဗို့သေနတ်ဖြင့် နှစ်ချက်
သတိပေးပစ်ခတ် ခဲ့မှသာ လူစုကွဲပြီး ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ရွာသူ ရွာသားများ၏ လေးခွနှင့် ခဲများဖြင့်
ပစ်ပေါက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၅)ဦး ဒဏ်ရာများ ရရှိခဲ့သဖြင့် မုံရွာပြည်သူ့ဆေးရုံကြီးနှင့်
ဆားလင်းကြီး ပြည်သူ့ဆေးရုံတို့သို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍
ဆားလင်းကြီးမြို့မ ရဲစခန်းကဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ
သတင်းရရှိသည်။
No comments:
Post a Comment