Wednesday, July 2, 2014

ကော့သောင်းမှ မြိတ်မြို့သို့ ထွက်ခွါလာသည့် ကုန်တင်စက်လှေ ကျွန်းစုမြို့အနီး၌ ကျောက်ဆောင်နှင့် တိုက်မိပြီး နှစ်မြှုပ်

ကျွန်းစု ဇူလိုင် ၁
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အနီးရှိ ၀ဲကျွန်းကျေးရွာနှင့် ကျေက်ပုံကျွန်း အကြား၌ ဇွန်လ (၃၀) ရက် ည(၁း၃၀) နာရီ အချိန်ခန့်တွင် ကော့သောင်းမြို့မှ မြိတ်မြို့သို့မောင်းနင်ထွက်ခွါလာသည့် စည်သူအောင် အမည်ရှိ ကုန်တင်စက်လှေ တစ်စီး ကျောက်ဆောင်နှင့်တိုက်မိပြီး နစ်မြှုပ်မှုဖြစ်ပွါးခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ပဲ့နင်း ဦးသန်းထွန်း မောင်းနင်လာပြီး လှေသား (၁၁) ဦးလိုက်ပါလာသည့် သိုက်ရွှေပြည်ကုမ္ပဏီ ၏ သွင်းကုန် လိုင်စင်ဖြင့် ထိုင်းနိုင်ငံ ရနောင်းမြို့မှ တင်သွင်းလာသည့် ဆင်တံဆိပ် ဘိလပ်မြေ (၂၀၀၀) အိတ်၊ ဓါတ်မြေသြဇာ (၁၀၀၀) အိတ်၊ အချိုရည် (၅၀၀)ပါကင်၊ ကြာဇံ (၃၀၀) ပါကင်၊ မုန့် (၁၅၀) ပါကင်၊ ကြိုး (၈၀၀) ကီလို၊ ပလတ်စတစ်ရေပုံး( 2Gl ၀င်ပုံး) (၅၀၀)ကီလို၊ Food Carrier (၁၀၀)ကီလို၊ ရေထည့်ပုံး (၃) လုံးကို တင်ဆောင်ကာ ကော့သောင်းမြို့မှ မြိတ်မြို့သို့ မောင်းနင်လာစဉ် ကျွန်းစုမြို့ အနီးဝဲကျွန်း ကျေးရွာနှင့် ကျောက်ပုံကျွန်း အကြားတွင် ကျောက်ဆောင်နှင့် တိုက်မိ၍ စက်လှေခါးကျိုးကာ နစ်မြှပ် သွားခဲ့သည်။
စက်လှေနစ်မြှပ်စဉ် အနီးပတ်ဝန်းကျင်ရှိ ငါးဖမ်းလှေငယ်များက သွားရောက်ကူညီကယ်ဆယ်ခဲ့သဖြင့် ပဲ့နင်း ဦးသန်းထွန်းနှင့် လှေပေါ်ပါလှေသားအားလုံးကို ကယ်ဆယ်နိုင်ခဲ့ပြီး လှေပေါ်ပါ ပစ္စည်းများအနက် ဆင်တံဆိပ် ဘိလပ် မြေ (၁၇၅၀) အိတ် ပျက်စီး ဆုံးရှုံးသွားပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် (၈၇ ဒသမ ၅) သိန်းခန့် ဖြစ်သည်။
နစ်မြှပ်သွားသော ကုန်လှေအား မြိတ်မြို့မှ သံခွံလှေတစ်စီးနှင့် သင်္ဘောတစ်ခုကို အသုံးပြု၍ ဆယ်ယူ ရရှိရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment