Tuesday, July 1, 2014

စမ်းသပ်စိုက်ပျိုးသည့် စပျစ်မျိုးများ ဈေးကွက်ဝင်လာ



အပူပိုင်းဒေသ ရာသီဥတုဒဏ်ခံနိုင်မည့် စပျစ်မျိုးရင်းများကို မုံရွာဒေသတွင် စမ်းသပ်စိုက်ပျိုးလျက် ရှိရာ အောင်မြင်ဖြစ်ထွန်းမှုများ ရှိသဖြင့် လာမည့်နှစ်တွင် စပျစ်စိုက်ခင်းများကို တိုးချဲ့ စိုက်ပျိုးရန် စီစဉ်လျက် ရှိကြောင်း မုံရွာမြို့နယ်၊ မအူကြီးကျေးရွာမှ စပျစ်စိုက်တောင်သူ ဦးသောင်းတင်က ပြောကြားသည်။ 

မုံရွာမြို့နယ်၊ မင်းကြီးကုန်းကျေးရွာစိုက်ခင်းအတွင်း မြေ သုည ဒသမ ၂၅ ဧကတွင် စပျစ်အပင် ၂၀၀ အား စမ်းသပ်စိုက်ပျိုးခဲ့ရာ ယခုနှစ် မတ်လနှင့် ဧပြီလတို့တွင် စပျစ်သီး ပိဿာ ၃၅၀ ခန့် ထွက်ရှိခဲပြီး မုံရွာဈေးကွက်တွင် တစ်ပိဿာ ကျပ် ၂၅၀ နှုန်းဖြင့် အရောင်းအ၀ယ်သွက်လျက်ရှိကြောင်း သိရသည်။
စပျစ်စိုက်ခင်းများကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်စိုက်ပျိုးခြင်း ဖြစ်ပြီး ဇူလိုင်လအတွင်း အသီးစထွက်ကာ စတင်သီးသော အသီးများကို မယူဘဲ ယခုနှစ် မတ်လဆန်းမှစပြီး သီးသော အသီးများကိုသာ ယူခဲ့ကြောင်း၊ ယခုအခါ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်သည်အထိ အောင်မြင်ခဲ့ပြီး လာမည့်နှစ်တွင် တိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တောင်သူများက ပြောကြားသည်။

No comments:

Post a Comment