Friday, June 27, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်



နေပြည်တော် ဇွန် ၂၇
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်များနှင့်အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့ နံနက် (၇)နာရီခွဲတွင် လေကြောင်းခရီးဖြင့် နေပြည်တော်မှ ထွက်ခွာသွားသည်။

နိုင်ငံတော်သမ္မတအား ဒုတိယသမ္မတများ ဖြစ်ကြသော ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက နေပြည်တော် လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးလှထွန်း၊ ဦးကျော်ဆန်း၊ ဦးခင်မောင်စိုး၊ ဦးဇေယျာအောင်၊ ဒေါက်တာ မြင့်အောင်၊ ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးရဲထွဋ်၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ ဒေါ်စန္ဒာခင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည့် မြန်မာ-တရုတ်- အိန္ဒိယနိုင်ငံတို့မှ ချမှတ်ခဲ့သည့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ် နှစ်(၆၀)ပြည့် အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ၂၀၁၂ ခုနှစ် စက်တင်ဘာ (၁၈)ရက်မှ (၂၂)ရက်အထိ နန်းနင်းမြို့၌ ကျင်းပသည့် အာဆီယံ-တရုတ် ကုန်စည်ပြပွဲသို့ လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဧပြီ(၅)ရက်မှ (၇)ရက်အထိ ဟိုင်နန်ကျွန်း ဘိုအောမြို့၌ ကျင်းပသည့် ဘိုအောဖိုရမ်သို့ လည်းကောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့သဖြင့် နိုင်ငံတော် သမ္မတ၏ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ (၄)ကြိမ်မြောက် ခရီးစဉ် ဖြစ်ကြောင်းလည်း သိရှိရသည်။

နိုင်ငံတော် သမ္မတသည် ဘိုအောဖိုရမ် တက်ရောက်သည့် ခရီးစဉ်အတွင်း လက်ရှိ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယခုအကြိမ်တွင်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ပါရှိကြောင်း သိရှိရသည်။

No comments:

Post a Comment