Saturday, June 28, 2014

အမျိုးသား စာပေဆု ချီးမြှင့်ရာတွင် ထည့်သွင်း စဉ်းစားနိုင်ရန် အတွက် စာရေးသူများ စာပေထုတ်ဝေ/ ဖြန့်ချိသူများနှင့် စာဖတ်ပရိတ်များသို့ မေတ္တာရပ်ခံချက်

နိုင်ငံတော် အစိုးရသည် မြန်မာစာပေ ဖွံ့ဖြိုး တိုးတက်ရေးကို ရှေးရှု၍ စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သော အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီကို ဖွဲ့စည်းကာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ထုတ်ဝေသော စာအုပ်များကို ဘာသာရပ် (၁၆)မျိုး ခွဲခြား၍ နှစ်စဉ် ချီးမြှင့်ပေးလျက် ရှိသည်။

နိုင်ငံတော်အဆင့် စာပေဆုဖြစ်သည့် အမျိုးသား စာပေဆုအတွက် အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီကို ပိုမိုမျှတမှုရှိစေရန် လက်ရှိ နိုင်ငံ့ဝန်ထမ်းများ ပါဝင်ခြင်းမရှိဘဲ လွတ်လပ်သော စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များဖြင့်သာ ပါဝင်ဖွဲ့စည်းထားသည်။ ရွေးချယ်ရာတွင်လည်း ဆု ရသင့်ရထိုက်သည့် စာအုပ်များ ရရှိစေရေး အတွက် ပဏာမအဆင့်၊ ဆန်ခါတင် အဆင့်၊ အတည်ပြု အဆင့် ဟူ၍ အဆင့်သုံးဆင့် ပိုင်းခြား စိစစ် ရွေးချယ်လျက် ရှိသည်။
ယခုအခါ ထုတ်ပြန်ပြီး ဖြစ်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေအရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲသို့ အဖိုးအခလွတ် ပေးပို့ရမည့် စာအုပ်စာရင်းတွင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ အတွက် မပါရှိတော့ပါ။ သို့ဖြစ်၍ ၂၀၁၄ ခုနှစ်အတွင်း မိမိတို့ ရေးသားခဲ့သော ပထမအကြိမ်ထုတ် စာအုပ်များကို အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီသို့ စာအုပ်လေးအုပ်စီ ပေးပို့နိုင်ရေး ၂၀၁၄ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်သည်။
သို့ရာတွင် စာအုပ်ရရှိရေး အစီအမံ ပိုမိုပြည့်စုံစေရန်နှင့် စာရေးဆရာများ အခွင့်အရေး ဆုံးရှုံးမှု မရှိစေရန်တို့ အတွက် စာပေထုတ်ဝေ/ ဖြန့်ချိသူများနှင့် စာဖတ်ပရိသတ် တစ်ဦးချင်းတို့က အမျိုးသား စာပေဆုတွင် ထည့်သွင်း စဉ်းစားသင့်သည့် စာအုပ်များကို ဖြစ်စေ၊ စာအုပ်စာရင်းကို ဖြစ်စေ အကြံပြုချက်များ ပေးပို့လိုပါက ပေးပို့နိုင်ပါရန် ထပ်မံ ဖြည့်စွက် ဖိတ်ခေါ်ထားသည်။
အမျိုးသားစာပေဆု အတွက် ထည့်သွင်း စဉ်းစားသင့်ကြောင်း အကြံပြုလိုသည့် အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် စာအုပ်အမည်၊ စာရေးသူ၊ ထုတ်ဝေသည့် စာအုပ်တိုက်၊ ထုတ်ဝေသည့် ခုနှစ်တို့ကို ဖော်ပြ၍ အောက် ဖော်ပြပါ လိပ်စာအတိုင်း (၂၈-၂-၂၀၁၅)ရက် နောက်ဆုံးထား ပေးပို့နိုင်သည်။

အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ၊ စာပေဗိမာန်၊ အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်း၊ ရန်ကုန်မြို့ ဖုန်း ၀၁-၃၈၇၇၂၄ နှင့် ၀၁-၃၈၁၄၄၉၊ စာတိုက်မှ ပေးပို့သူများအနေဖြင့် မှတ်ပုံတင် ပြုလုပ်၍ ပေးပို့ရန် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment