Tuesday, April 29, 2014

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်ပံ့ပိုးမှုဖြင့် အရန်သားဖွားဆရာမ သင်တန်း (၂/၂၀၁၃) စတုတ္တ အသုတ် သင်တန်းဆင်ပွဲ ပခုက္ကူ၌ ကျင်းပ

ပခုက္ကူ - ဧပြီ - ၂၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်ပံ့ပိုးမှုဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရန်သားဖွားဆရာမသင်တန်း(၂/၂၀၁၃) စတုတ္တအသုတ် သင်တန်းဆင်းပွဲနှင့် အရန်သားဖွားဆရာမသုံး Kit ပုံးပေးအပ်ပွဲကို ဧပြီ(၂၉)ရက် နံနက် (၉)နာရီတွင် ပခုက္ကူမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်က


ယနေ့သင်တန်းသည်မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်ပံ့ပိုးမှုဖြင့် ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖွင့်လှစ်ခဲ့သော သင်တန်းဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို နိုင်ငံတော်၏ ရည်မှန်းချက်၊ ဦးတည်ချက်နှင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေချိန် ဖြစ်ပါကြောင်း၊ ကျန်းမာရေးဌာန အနေဖြင့် ထောင်စုနှစ်ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ မိခင်သေနှုန်း ကျဆင်းရေး၊ ငါးနှစ်အောက် ကလေးသေနှုန်း ကျဆင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ ယခုသင်တန်းသူ(၃၀)ဦးအတွက်စားစရိတ်၊ ဝတ်စုံစရိတ်၊ စာအုပ်၊ အခြားစရိတ်များ စသည်ဖြင့် သင်တန်းဖွင့်လှစ်ပေးသဖြင့် ကျေးလက်နေ ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက် မှုပေးနိုင်ခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေးပြဿနာများကို အချိန်မှီပြုစုစောင့်ရှောက် ကုသပေးနိုင်တော့မှာ ဖြစ်ပါကြောင်း၊ သင်တန်းဖွင့်လှစ်စဉ် ကတည်းက ရည်ရွယ်ချက်ဖြစ်တဲ့ ကျေးလက်နှင့်မြို့ပြ ကျန်းမာရေး ကွာဟမှု နည်းနိုင်သမျှ နည်းအောင် အရန် သားဖွားဆရာမများ၏ အားကိုယူပြီး ကျေးလက်နေပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်ပေးနိုင်မှုစွမ်းအားများ မြှင့်တင်နေခြင်းဖြစ်သဖြင့် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ဖွင့်လှစ်ခဲ့တဲ့သင်တန်းကို ယခုလိုအောင်မြင်စွာ မွေးထုတ်ပေးနိုင်လို့ ဝမ်းမြောက်စကား ပြောကြားသည်။

ယင်းနောက် ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်မေသွင်က သင်တန်းဖွင့်လှစ် လေ့ကျင့်ပို့ချ ဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ သင်တန်းထူးချွန်ဆု ပထမဆုရ မအေးစုခိုင်(ချိုက်ကျေးရွာ)အား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်က လည်းကောင်း၊ ဒုတိယဆုရမအိအိမော် (လက်ပံချောင်းကျေးရွာ) အားမြို့နယ် ဖွံ့/ထောက်ကော်မတီ ဥက္ကဌ ဦးရဲထွဋ်က လည်းကောင်း၊ တတိယဆုရ မနီနီဝင်း (ရာကျော်ခုံကျေးရွာ)အား မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးတင်ဝင်းက လည်းကောင်း၊ သင်တန်းဆင်း လက်မှတ်များကို ဆေးရုံအုပ်ကြီး ဒေါက်တာခင်မေသွင်က လည်းကောင်းပေးအပ်ပြီး၊ သားဖွား ဆရာမသုံး kit ပုံးများကို မြို့နယ်သူနာပြု ဆရာမကြီး ဒေါ်တင်တင်ခိုင်က လည်းကောင်း ပေးအပ်လိုက်ကြောင်း သိရသည်။

No comments:

Post a Comment