နေပြည်တော်-မတ်(၂၃)
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
ဦးခင်အောင်မြင့်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်
ဝါတိုးအလယ်ရပ်(ဝါတိုးရပ်ကွက်)ရွှေပြည်သာ မြောက်ကျောင်းတိုက်အတွင်း အသစ်ဆောက်လုပ်ထားရှိသည့်
သာသနိက အဆောက်အအုံများ ကျောင်းလွှတ် ပူဇာမင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိသတ်များက ရမည်းသင်းမြို့ ရန်အောင်မင်း ကျောင်းတိုက်ဆရာတော်
ဦးနန္ဒောဘာသ(မဟာဂန္ထဝါစကပဏ္ဍိတ)ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက
ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်
မစိုးရိမ်တိုက်သစ်ကျောင်း မဟာနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တဝါသေဌာဘိဝံသ(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)(သ-စ-အ
ဓမ္မာစရိယ) ဆရာတော်က ရွှေပြည်သာမြောက်ကျောင်းအတွင်းရှိ ဥဒ္ဒိဿစေတီတော်တို့အား ရွှေသင်္ကန်းကပ်လှူခြင်း၊
ဓမ္မာလောကကျောင်းဆောင်၊ အောင်ရတနာစိုးမိုးကျောင်းဆောင်၊ ဧည့်ဆောင်နှင့် မီးဖိုဆောင်၊
ရေချိုးခန်းနှင့် ကုဋီ၊မိုးရေလှောင်ကန်၊ အဝီစိစက်ရေတွင်းနှင့် အုတ်တံတိုင်း စသည့်လှူဒါန်းမှုအစုစုအတွက်
ကျောင်းလွှတ် ပူဇာမင်္ဂလာ တရားချီးမြှင့်ကာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ပရိသတ်များက ရေစက်သွန်းချ
အမျှပေးဝေကြ သည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက
ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ (သတင်းစဉ်)

No comments:
Post a Comment