Sunday, March 23, 2014

မဂ္ဂါဝပ် ၄၀ ထွက်မည့် ဖြူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၉၉ ရာခိုင်နှုန်းကျော်ပြီးစီး


ဖြူး မတ် ၂၂
ဖြူးချောင်းရေအားလျှပ်စစ် စီမံ ကိန်းသည် စစ်တောင်းမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ၏ စီမံကိန်း တစ်ခုအဖြစ် ပါဝင်သည်။ ဖြူးချောင်း ပေါ်တွင် ရေလှောင်တမံတစ်ခု တည်ဆောက်လျက် ရေလှောင်ကန်မှ ရေအား အမြင့်ကိုရယူပြီး လျှပ်စစ် ဓာတ်အား ၄၀ မဂ္ဂါဝပ်ကို နိုင်ငံတော် ဓာတ်အား ကွန်ရက်စနစ်မှတစ်ဆင့် တစ်နိုင်ငံလုံးကို ထုတ်လုပ်ဖြန့်ဖြူးရန် အကောင်အထည်ဖော်ခြင်းဖြစ်သည်။

ဖြူးချောင်းမှာ စစ်တောင်းမြစ်၏ လက်တက်တစ်ခုဖြစ်၍ ၁၉၆၄ ခုနှစ် တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ စစ်တောင်းမြစ်ဝှမ်းဖွံ့ဖြိုး ရေးအတွက် စူးစမ်းလေ့လာမှုများ ပြုလုပ်ကာ အဆိုပြုခဲ့သောစီမံကိန်း ဖြစ်သည်။ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အထူးစီမံကိန်းကြီးများ အကောင် အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အတည်ပြုခဲ့သော စီမံကိန်းဖြစ်ပါသည်။
စီမံကိန်းလုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် ၁၉၉၆ ခုနှစ်မှ စတင်၍ ဖြူးမြို့နယ်၏အနောက်ဘက် ခုနစ်မိုင်ခန့် ကွာဝေးသော ဖြူးချောင်း
ပေါ်တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီ အစဉ် UNDP (United Nations Development Program)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ CNAMC (China National Agricultural and Machinery Corporation)၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်း ရေအားလျှပ်စစ် အကောင် အထည်ဖော်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပြည်တွင်းအတိုင်ပင်ခံ အင်ဂျင်နီယာ အဖွဲ့ NEPS (National Engineering & Planning Services) တို့မှ ပင်မတမံ တည် ဆောက်ရမည့်နေရာကို အဆင့်ဆင့် ပဏာမ စူးစမ်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပြီးနောက် NEPS မှ တမံနှင့်ဆက်နွှယ်ရေအား အဆောက် အအုံများဆိုင်ရာ အစီရင်ခံစာကို လည်းကောင်း၊ ရေအားလျှပ်စစ် ဦးစီးဌာနနှင့် စာချုပ်ချုပ်ဆိုထားသော ဂျပန်နိုင်ငံ The Kansai Power Co; Inc မှ ရေအားလျှပ်စစ်ပိုင်းဆိုင်ရာ လုပ်ငန်းများ၏ အသေးစိတ်ဒီဇိုင်း အစီရင်ခံစာကို လည်းကောင်း အသီးသီးပြုစု တင်သွင်းကာ တင်ပြ သော Report  များကို အခြေခံ၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော စီမံကိန်းလုပ်ငန်း ဖြစ်သည်။
ဖြူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၀ ကို နိုင်ငံတော်ဓာတ်အား ကွန်ရက်စနစ်မှ တစ်ဆင့် တစ်နိုင်ငံလုံးသို့ ဓာတ်အား ဖြန့်ဖြူးရန်ဖြစ်သည့်အပြင် စစ် တောင်းမြစ်ဝှမ်း ဖြူး၊ ဇေယျဝတီ ဒေသအတွင်းရှိ လယ်မြေဧကများ သို့ သီးထပ်သီးညှပ်များ စိုက်ပျိုး နိုင်ရန်အတွက် ရေပေးဝေရေး ဆောင်ရွက်ရန်ဖြစ်သည်။ တည် နေရာမှာ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ နယ်အနောက်ဘက် ခုနစ်မိုင်အကွာ မြေပုံအညွှန်း (94 B/6-A 802447)တွင် တည်ရှိသည်။
စီမံကိန်းဆိုင်ရာ အချက်အလက် များမှာ ရေထိန်းတံခါးပြွန် အချင်း ၂၇ ပေ၊အမြင့် ပေ ၁၃၀၊ ရေသွယ် ဥမင်လိုဏ်အချင်း ၁၈ ပေ၊ အလျား ပေ ၂၀၀၀၊ ဖိအားမြင့်ပိုက်လိုင်း အချင်း ၅ ဒသမ ၆ ပေ၊ ၁၈ ဒသမ ၆ ပေ၊ အနံပေ ၁၁၀၊ အမြင့် ပေ ၁၁၀၊ တာဘိုင်အမျိုးအစား ဒေါင် လိုက်ဖရန်စစ်တာဘိုင်၊ တာဘိုင်ရေ ထုစီးနှုန်း ၂၅၄၀ ကုဗပေ/စက္ကန့် နှစ်စဉ် ပျမ်းမျှ ထုတ်လုပ်မည့်ဓာတ် အား ၄၀ မဂ္ဂါဝပ်၊၂၀x၂၀ မဂ္ဂါဝပ်၊ နှစ်စဉ်ပျမ်းမျှ ထုတ်လုပ်မည့်ဓာတ် အား ကီလိုဝပ်နာရီ သန်း ၁၂၀ဖြစ်ပြီး စီမံကိန်းပြီးစီးမည့်ကာလမှာ ၂၀၁၄ ခုနှစ်ဖြစ်သည်ဟု သိရသည်။
ဖြူးချောင်းရေအားလျှပ်စစ်စီမံ ကိန်း၏ တည်ဆောက်ရေးလုပ်ငန်း များ အကောင်အထည်ဖော်ရေး ဆောင်ရွက်ရာတွင် ရေအားလျှပ်စစ် အကောင် အထည်ဖော်တည်ဆောက် ရေးအမှတ်(၃)နှင့် ဆည်မြောင်းဦးစီး ဌာနတို့သည် ကဏ္ဍများအလိုက် ခွဲဝေ တာဝန်ယူဆောင်ရွက်ခဲ့သည် ဟု သိရသည်။ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီး ဌာန အကောင်အထည်ဖော်ဆောင် ရွက်ခဲ့သော လုပ်ငန်းများမှာ ရေ ထိန်းတံခါးပြွန် တည်ဆောက်ခြင်း၊ ရေသွယ်ဥမင် လိုဏ်ဖောက်လုပ်ခြင်း၊ ဖိအားမြင့် သံမဏိပိုက်လိုင်း လုပ်ငန်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက် ခြင်းလုပ်ငန်း၊ စက်ရုံရေထုတ်မြောင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဆွစ်ယာဒ် တည်ဆောက်ခြင်းလုပ်ငန်းတို့ ဖြစ်သည်။
ယင်းလုပ်ငန်း(၇)ရပ်အနက် ရေ ယူ အဆောက်အအုံလုပ်ငန်းတွင် ၁၀၀ ရာခိုင်နှုန်း၊ ဖိအားဖြင့် သံမဏိ ပိုက် လိုင်းလုပ်ငန်းတွင် ၁၀၀ ရာခိုင် နှုန်း၊ ဓာတ်အားပေးစက်ရုံလုပ်ငန်းတွင် ၉၉ ဒသမ ၆ ရာခိုင်နှုန်း၊ ဆွစ်ယာဒ် တည်ဆောက်ခြင်းလုပ်ငန်းတစ်ခုလုံး မှာ ၉၉ ဒသမ ၁၄ ရာနှုန်းပြီးစီးနေ ပြီး လာမည့်ဧပြီ ၁ ရက်တွင် စမ်းသပ်လည်ပတ်တော့မည်ဟု သိရ သည်။
စမ်းသပ်လည်ပတ်ပြီး ထွက်ရှိ မည့် ဓာတ်အားများကို တောင်ငူ ဟင်းငုတ်ပင် ဓာတ်အားခွဲရုံမှ ကေဘယ်လ်ကြိုးများဖြင့် ဖြုးချောင်းဓာတ် အားပေးစက်ရုံမှ ဓာတ်အားများကို ဝင်ရောက်သွယ်ယူပြီး သာယာကုန်း ဓာတ်အားပေးစက်ရုံသို့ပို့၍ နေရှင် နယ်ဓာတ်အားစနစ်နှင့် ချိတ် ဆက်၍ မြန်မာတစ်ပြည်လုံးသို့ ဓာတ်အားများ ဖြန့်ဖြူးပေးသွားမည် ဟု သိရသည်။

ထို့အပြင် ဖြူးချောင်းရေအား လျှပ်စစ်စီမံကိန်းသည် လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၄၀ ထုတ်လုပ် ပေးမည့်အပြင် စစ်တောင်းမြစ်ဝှမ်း လွင်ပြင်ဒေသအလိုက် ရေလွှမ်းမိုးမှု ကာကွယ်ရန်နှင့် စစ်တောင်းမြစ်ဝှမ်း၊ ဖြူးနှင့် ဇေယျဝတီ ဒေသများအတွင်း ရှိ လယ်မြေဧက ၁၀၀၀၀၀ အတွက် နွေစပါးနှင့် သီးထပ်သီးညှပ် စိုက် ပျိုးရေးအတွက် ဆည်မြောင်း ဦးစီးဌာနနှင့်တွဲဖက်ကာ ရေပေး ဝေရေးလုပ်ငန်းကိုလည်း ဆောင် ရွက်ပေးသွားမည်ဟု သိရသည်။

No comments:

Post a Comment