Wednesday, March 26, 2014

မြိတ်မြို့၌ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ

မြိတ် မတ် ၂၆ ရက်
မြိတ်ခရိုင် ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၁၄ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ်လ(၂၆)ရက် နံနက်(၁၀း၃၀)နာရီက ခရိုင်တီဘီရောဂါတိုက်ဖျက်ရေးဌာန အစည်းအေ၀းခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကားပြောကြားသည်။ ယင်းနောက် ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သော ၂၀၁၄ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် သ၀ဏ်လွှာအား မြိတ်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းက ဖတ်ကြားသည်။
ဆက်လက်၍ မြိတ်ခရိုင်တီဘီရောဂါ တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာလွင်လွင်မွန် က တီဘီရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြောကြားပြီး တီဘီရောဂါတိုက်ဖျက်ရေး အတွက် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး အခမ်းအနားရုပ်သိမ်းသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများက ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပညာပေးပြခန်းအား ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment