Friday, March 28, 2014

တနင်္သာရီမြို့နယ် စာရေးဆရာအသင်း ရုံးဖွင့်ပွဲ ကျင်းပ

တနင်္သာရီမြို့-မတ်(၂၇)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် မြန်မာနိုင်ငံစာရေးအသင်း၏ လမ်းညွှန်မှုနှင့် အညီ ၂၀၁၄-ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းအား ဂုဏ်ပြုကြိုဆို သောအားဖြင့်လည်းကောင်း၊


မြို့နယ်စာရေးဆရာအသင်းဖွဲ့စည်းခြင်း (၂)နှစ်ပြည့်အထိမ်းအမှတ် အဖြစ် မြို့နယ်စာရေးဆရာအသင်းရုံး ဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို မတ်လ(၂၇)ရက်နေ့ နံနက်( ၈ ) နာရီအချိန် ချောင်းကြီးရပ်ကွက်၊ စက်မှုဇုံရပ်(မြို့ဝင်တံတားအနီး)ရှိ မြို့နယ်စာရေးဆရာအသင်းရုံး(ယာယီ) အဆောက်အဦ၌ကျင်းပပြုလုပ်ရာ ရှေးဦးစွာမြို့နယ် စာရေးဆရာအသင်း ဥက္ကဌ ဦးသန်းစိုးဝင်း(တက္ကသိုလ်- သန်းစိုးဝင်း)က အသင်းရုံးဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ မြို့မိ/မြို့ဖ ဦးစိးရီ(နောင်စိုးရီ)နှင့် စာရေးဆရာ အသင်းဥက္ကဌ တက္ကသိုလ်-သန်းစိုးဝင်း တို့ကမြို့နယ်စာရေးဆရာ အသင်းရုံးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အသင်း ဆိုင်းဘုတ်အား အမွှေးနံ့သာများပက်ဖျန်းပေးကြသည်။
ထို့နောက် ယင်းအခမ်အနားတွင် မြို့နယ်စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြင့်တင်ရေး ကော်မတီတစ်ရပ်ကို ရွေးချယ်ဖွဲ့စည်းကြပြီး တနင်္သာရီမြို့ ယဉ်ကျေးမှု အမွေအနှစ်များ စာအုပ် ထုတ်ဝေနိုင် ရန် အတွက် ရည်ရွယ်၍ တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်၊ ရွှေလိပ်ပြာလမ်းနေ ကိုသန်းစိုးဝင်း+မစန်းမြင့် မိသားစုမှအလှူငွေ(၃)သိန်းကျပ်ကိုလည်းကောင်း၊ ချောင်းငယ်ရပ်ကွက်၊ ကမ်းနားလမ်းနေ (တင့်လှပေဟန် ရွှေဆိုင်)မှ အလှူငွေ(၁)သိန်းကို လည်းကောင်းလှူဒါနန်းပေးအပ်ရာ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ထောက်ကူပြု အဖွဲ့ဥက္ကဌ ဦးရဲထွန်းလွင် ကလက်ခံရယူပြီးနောက် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းအမျိုးအစား (၁၀၀)ခန့်အား ပြသပေးခြင်း၊ မြို့နယ်စာပေကလောင်ရှင် (၉)ဦး တို့က ကဗျာရွတ်ဆိုခြင်းများ ပြုလုပ် ကြောင်း သိရှိရသည်။

ယခုကဲ့သို့ မြို့နယ်စာရေးဆရာအသင်းရုံး ဖွင့်လှစ်ခြင်းကြောင့် စာပေကလောင်ရှင်များ တိုးပွားလာနိုင်ပြီး စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာများ၊ သမိုင်းအစဉ်အလာများ ထိန်းသိမ်းနိုင်မည် ဖြစ်သည့်အပြင် ရွှေသာရီ မဂ္ဂဇင်းကိုလည်း နှစ်စဉ် ထုတ်ဝေဖြန့်ချိနိုင်ရေး စီစဉ်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment