Wednesday, March 26, 2014

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဘရူနိုင်းနိုင်ငံဘုရင်နှင့်အဖွဲ့ဝင်များအား နေပြည်တော်ရှိ စံပြစိုက်ခင်းများအတွင်း လှည့်လည်ပြသ


နေပြည်တော် မတ် ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံဘုရင် ဆူလ်တန် ဟာဂျီ ဟာဆာနာလ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာနှင့်အဖွဲ့ဝင်များအား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ စံပြစိုက်ခင်းများအတွင်း လှည့်လည်ပြသသည်။

ရှေးဦးစွာ ဘရူနိုင်းနိုင်ငံဘုရင်နှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်ရှိ တောင်သူ ပညာပေး အဆင့်မြင့်စက်မှုလယ်ယာ စံပြစိုက်ခင်း ဧက ၅၀၀ သို့ လေ့လာရန် ရောက်ရှိလာရာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက်  နိုင်ငံတော်သမ္မတသည်  ဘရူနိုင်းနိုင်ငံဘုရင်အား  စိုက်ကွင်း အတွင်းရှိ တောင်သူ ပညာပေး ဓာတုဆေးလွတ်ဟင်းသီးဟင်းရွက် စံပြစိုက်ခင်းတွင် ကြက်ဟင်းခါး၊ ရွှေဖရုံ၊ ဖရဲ၊ ငရုတ်၊ ခရမ်း၊ ဆလတ်စသည်တို့ကို စိုက်ပျိုးထားမှု၊  ပုလဲသွယ်စပ်မျိုး နွေစပါးစံပြစိုက်ခင်း၊  ပဲပုပ်၊  ပဲတီစိမ်း၊  ပိန်းဥနှင့် ပိန္နဲစိုက်ခင်းတို့ကို လှည့်လည်ပြသသည်။
ဆက်လက်၍   စက်စက်ယိုအဆင့်မြင့် စက်မှုလယ်ယာဧက ၉၀၀  စံပြ စိုက်ကွင်းရှိ ပိုက်ကွန်စနစ်ဖြင့် စိုက်ပျိုးထားသော အော်ဂဲနစ် ဟင်းသီးဟင်းရွက်စိုက်ခင်း၊ ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ခင်း ၄၄ ဧကနှင့် တစ်ဆက်တစ်စပ်တည်း စိုက်ပျိုးထားသည့် နာနတ်စိုက်ခင်းတို့ကို လှည့်လည်ပြသသည်။
ထို့နောက်  ဘရူနိုင်းနိုင်ငံဘုရင်နှင့်အဖွဲ့သည် ဧက ၅၀၀ စိုက်ခင်းရှိ အဆင့်မြင့် သစ်သီးဝလံ အအေးခန်းနှင့် ထုပ်ပိုးစက်ရုံ၌ ခင်းကျင်းပြသထား သည့် ပိန်းဥ၊ ဖရဲသီး၊ သခွားမွှေး၊ ကန်စွန်းဥ စသည့် ဈေးကွက်သို့တင်ပို့ ရောင်းချမည့်အဆင့်မြင့် သစ်သီးဝလံများ၊ ဆန်နမူနာ များ၊ ကြံ၊ ပဲအမျိုးမျိုးနှင့် အအေးခန်းအတွင်း သစ်သီးဝလံများ ဈေးကွက်သို့တင်ပို့ရန် ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု လေ့လာကြရာ နိုင်ငံတော်သမ္မတက သစ်သီးဝလံ နှင့် သီးနှံများအား ရာသီအလိုက် သီးထပ်သီးညှပ် စိုက်ပျိုးနေမှု၊ ထွက်ရှိလာသည့် သီးနှံများ အား ဈေးကွက်သို့ တင်ပို့ရောင်းချမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ဘရူနိုင်းနိုင်ငံဘုရင်နှင့် အဖွဲ့သည် အလျင်လိုကျေးရွာ အနီးရှိ ဒေသခံ တောင်သူများ၏ တစ်ဆက်တစ်စပ်တည်း ပုလဲသွယ် စပ်မျိုးစပါးစံပြစိုက်ခင်းကို သွား ရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။
အလားတူ   ဘရူနိုင်းဘုရင်နှင့် အဖွဲ့သည် နံနက် ၁၀ နာရီ ၄၅ မိနစ် တွင် ဇေယျာသီ ရိ မြို့နယ်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာကြရာ ကာကွယ်ရေး  ဦးစီးချုပ်ရုံး(ကြည်း)မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်  တိုင်းမှူးဗိုလ်ချုပ်မောင်မောင်အေးနှင့် တာဝန်ရှိသူများက    ကြိုဆိုကြသည်။
ထို့နောက် တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)နှင့် တပ်မတော်(လေ) ဆိုင်ရာ ပြခန်းများကို လှည့်လည် ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် ဧည့်သည်တော် ဘရူနိုင်းဘုရင်အား    ဗိုလ်ချုပ်ကြီး လှဌေးဝင်းက တပ်မတော် စစ်သမိုင်း ပြတိုက်၏ အထိမ်းအမှတ် လက်ဆောင်ကို ပေးအပ်ခဲ့သည်။

တပ်မတော်စစ်သမိုင်းပြတိုက်၌ ရှေးခေတ် မြန်မာ့တပ်မတော်ဖွဲ့စည်းပုံနှင့် အသုံးပြုခဲ့သည့် လက်နက်များ၊ သမိုင်းဝင် မှတ်တမ်းပန်းချီကားချပ်များ၊ ဗမာ့လွတ်လပ်ရေး တပ်မတော် စတင် ဖွဲ့စည်းချိန်မှစ၍ ခေတ်အဆက်ဆက်   တပ်မတော်များ၏ အသုံးအဆောင်ပစ္စည်းများ နှင့် သမိုင်းဝင်တိုက်ပွဲ မှတ်တမ်းများကို  ခင်းကျင်း ပြသထားသည်။

No comments:

Post a Comment