နေပြည်တော်
ဖေဖော်ဝါရီ ၁၅
ဇန်န၀ါရီ (၂၅) ရက်ထုတ် Unity စာစောင်၊
အတွဲ (၃)၊ အမှတ် (၄)တွင် အမှတ် (၂၄) ကာကွယ်ရေး ပစ္စည်းစက်ရုံအား လျှို့ဝှက် ဓါတုလက်နက်
စက်ရုံခေါင်းစဉ်ဖြင့် ဓါတ်ပုံမှတ်တမ်းနှင့် တကွ ဖော်ပြ ထုတ်ဝေ ခဲ့သည်ကို တွေ့ရှိရပြီး
ယင်းဖော်ပြ ထုတ်ဝေချက်သည် နိုင်ငံတော်၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်း၊ စက်ရုံ၏
တားမြစ် နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်း၊
ဝင်ရောက်ခြင်း၊ ဓါတ်ပုံရိုက်ယူခြင်း၊ အားပေး ကူညီခြင်းတို့ကြောင့် သတင်း ရေးသား ပေးပို့သူနှင့်
ဂျာနယ်တိုက် တာဝန်ရှိသူအား စုံစမ်း အရေးယူပေးရန်
ဇန်န၀ါရီ ၃၀ ရက်တွင် သက်ဆိုင်ရာ ဌာနက ပေါက်မြို့မ ရဲစခန်းသို့ တရားလို ပြုလုပ် တိုင်တန်းခဲ့သဖြင့်
(ပ) ၈/၂၀၁၄၊ မြန်မာနိုင်ငံ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(က)/၉ ဖြင့် အမှုဖွင့်
ဆောင်ရွက်ခဲ့သည်။
အမှု စစ်ဆေး တွေ့ရှိချက်များအား ဥပဒေ အကြံပြုချက်နှင့်
အညီ ပြစ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံရသူများ ဖြစ်သည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေ
ဦးတင်ဆန်း ၅၂ နှစ်၊ ပေါက်မြို့နေ ဦးလူမော်နိုင် (ခ) လင်းကျော်ဦး (ခ) လူမော် ၂၈နှစ်၊
ဖျာပုံမြို့နေ ဦးစည်သူစိုး ၂၂ နှစ်၊ လှိုင်သာယာမြို့နယ်နေ ဦးသဲရာဇာဦး (ခ) ရာဇာဦး
(ခ) ကိုသဲ ၂၈ နှစ်နှင့် မြောက်ဥက္ကလာပ မြို့နယ်နေ ဦးအောင်သူရ (ခ) ပိုင်သက်ကျော် ၂၅
နှစ်တို့အား ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃/၉ အရ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် တရားရုံး၊ ခရိုင် တရားသူကြီးရုံးသို့ ၁၄-၂-၂၀၁၄ ရက်နေ့တွင်
တရားစွဲ တင်ပို့ခဲ့ရာ ပြစ်မှုကြီး အမှတ် ၄/၂၀၁၄ ဖြင့် အမှုအား လက်ခံ စစ်ဆေးလျက် ရှိပါသည်။
ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ပြစ်မှု ဆိုင်ရာ
ကျင့်ထုံး ဥပဒေပုဒ်မ ၁၇၀ (၁)ဖြင့် လွှတ်ထားရှိသော ပေါက်မြို့နေ မလွင်လွင်မြင့် ၃၈ နှစ်အား
အမှုဖြင့် စစ်ဆေးရာတွင် တရားစွဲ တင်ပို့နိုင်လောက်သော သက်သေ အထောက်အထား တစ်စုံတစ်ရာ
မတွေ့ရှိရသဖြင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၉ အရ
ခံဝန်ဖြင့် လွှတ်ခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။
No comments:
Post a Comment