Friday, February 21, 2014

စက်မှုဇုန်ထုတ် မော်တော်ယာဉ်များ ပြန်လည်အပ်နှံရန် နှစ်ကာလသက်တမ်းသတ်မှတ်ပြီးမှသာ ဆောင်ရွက် နိုင်မည်




နေပြည်တော် ဖေဖော်ဝါရီ ၂၀
စက်မှုဇုန်များမှ ထုတ်လုပ်ခဲ့သည့် အရည်အသွေးနိမ့်ကျသော မော်တော် ယာဉ်များကို ယာဉ်အို ယာဉ်ဟောင်း အဖြစ်သတ်မှတ်အပ်နှံရေးကိစ္စတွင် ၎င်းယာဉ်များအတွက် အပ်နှံရေး အချိန်ကာလတစ်ခု သတ်မှတ်ပြီးမှ သာလျှင် ပိုင်ရှင်များ၏ဆန္ဒအရ အပ်နှံခွင့် ရှိမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ ယာဉ်အိုယာဉ်ဟောင်း အပ်နှံရေးတွင် အနည်းဆုံးအနှစ် ၂၀ ကျော် ယာဉ်များကိုသာ အပ်နှံခွင့်ပြု ထားကြောင်း၊ အရည်အသွေးနိမ့်ကျပြီး မောင်းနှင်အသုံးပြုရန် အန္တရာယ်ရှိသည့် စက်မှုဇုန်ထုတ်ကားများမှာ အနှစ် ၂၀ မကျော်သေး၍ ယင်းတို့အတွက် အပ်နှံနိုင်သည့် နှစ်အပိုင်းအခြားကာလတစ်ခုကို သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများက သတ်မှတ်ပြီးမှသာလျှင် ပိုင်ရှင်များ၏ ဆန္ဒသဘောအရ အပ်နှံခွင့်ရရှိနိုင် မည် ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
အရည်အသွေး နိမ့်ကျပြီးမောင်းနှင်အသုံးပြုရန် အန္တရာယ်ရှိသည့် စက်မှုဇုန်ထုတ်မော်တော်ယာဉ် များ ပြန်အပ် နိုင်ရန်အတွက် မော်တော် ယာဉ်သက်တမ်းကို လျှော့ချသတ်မှတ် ရမည့်အနေအထားရှိသည်။ လက်ရှိအနှစ် ၂၀ ကျော်ယာဉ်များကို ယာဉ်အို ယာဉ်ဟောင်းများအဖြစ် သတ်မှတ်ပြီး အပ်နှံလျက်ရှိရာတွင် ဥပမာအားဖြင့် သက်တမ်းကို ၁၀ နှစ် သို့မဟုတ်၁၅ နှစ် အစရှိသဖြင့် သတ်မှတ်ပြီးမှ သာလျှင် အပ်နှံနိုင်မည်ဖြစ်သည်။
စက်မှုဇုန်ထုတ် မော်တော်ယာဉ် များကို ၂၀၀၁ ခုနှစ်မှ စတင်ပြီး စက်မှု လက်မှုဖွံ့ဖြိုးတိုး တက်ရေးကော်မရှင်၏ စံချိန်စံညွှန်း သတ်မှတ်ချက်နှင့်အညီသက်ဆိုင်ရာ စက်မှုဇုန် ကြီးကြပ်ရေးကော်မတီများ ၏ ကြီးကြပ်မှုဖြင့် စက်မှုဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ One Stop Service အဖြစ် ဆောင်ရွက် ပေးကာ မှတ်ပုံတင်ထုတ်လုပ်ခွင့်ပေးခဲ့ရာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလကုန် အထိ မော်တော်ယာဉ် ၉၆၆၄၈ စီး မှတ်ပုံတင် ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။
ဆက်လက်၍လည်း အဆိုပါစက်မှုဇုန်ထုတ်ကားများကို ဆက်လက်ထုတ်လုပ်ခွင့်ပြုထားသည်။ ယာဉ်အို ယာဉ်ဟောင်းအပ်နှံရာတွင် နှစ်သက်တမ်းအလိုက် အပ်နှံခွင့်ပြုခဲ့သည်။ သက်တမ်း ၄၀ ကျော် ရှိသည့် စ မှ ဇ အထိ ယာဉ်များကို ၁၉-၉-၂၀၁၁ ရက်က လည်းကောင်း၊ သက်တမ်း နှစ် ၃၀ မှ ၄၀ ရှိသည့် ဈ နှင့် ည အက္ခရာယာဉ်များကို ၈-၁၁-၂၀၁၁ ရက်က လည်းကောင်း သက်တမ်းနှစ် ၂၀ မှ ၃၀ ရှိ ဏ မှ အ အက္ခရာယာဉ်များကို ၁-၁-၂၀၁၂ ရက်ကလည်းကောင်း အပ်နှံခွင့်ပြု ခဲ့ရာ ယခုအခါ အပ်နှံပြီး ယာဉ်ပေါင်း ၁၂၂၉၉၂ စီး ရှိသွားပြီဖြစ်ကြောင်း သိရသည်။
စက်မှုဇုန်များမှ မော်တော်ယာဉ်များ ထုတ်လုပ်ခွင့်ပြုခဲ့ရာတွင် လူစီး ယာဉ်၊ အခြားယာဉ်၊ ခရီးသည်ယာဉ် နှင့် ကုန်တင်ယာဉ်ဟူ၍ အမျိုးအစား လေးမျိုး ထုတ်လုပ်ခွင့်ပြုခဲ့သည်။ စက်မှုဇုန်များမှ ထုတ်လုပ်ခဲ့သော မော်တော်ယာဉ်များသည် သုံးလေး နှစ်ခန့်သာ မောင်းနှင်အသုံးပြုနိုင်ပြီး ပျက်စီးမှုများလာ၍ ယာဉ်အန္တရာယ် ဖြစ်နိုင်သည့်အနေအထားများ ရှိသည်ဟုဆိုသည်။ သို့သော်လည်း ယင်း မော်တော်ယာဉ်များအား ယာဉ်အို ယာဉ်ဟောင်းအဖြစ် သတ်မှတ်ပြီး ပြန်လည်အပ်နှံရန်အတွက် အပ်နှံရေး နှစ်ကာလသက်တမ်း သတ်မှတ် ပြီးမှသာလျှင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment