Wednesday, February 26, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်ရှိ ထီးလှိုင်ကန် ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှု စစ်ဆေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်(၈)နာရီခွဲတွင် မန္တလေး တိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ထီးလှိုင်အနောက်ကျေးရွာအနီးရှိ ထီလှိုင်ကန် ပြန်လည် ပြုပြင်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။


ရှေးဦးစွာ စီမံကိန်းရှင်းလင်းဆောင်၌ နိုင်ငံတော်သမ္မတအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်နှင့် ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင် တို့က ထီးလှိုင်ကန် ပြန်လည် ပြုပြင်နေမှုနှင့် ပြုပြင်ပြီးစီးပါက ဒေသခံပြည်သူများ အကျိုးဖြစ်ထွန်းနိုင်မည့် အခြေအနေတို့ကို ရှင်းလင်း တင်ပြကြသည်။


ထို့နောက် နိုင်ငံတော် သမ္မတက တက်ရောက်လာကြသည့်ဒေသခံပြည်သူများ အား နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကန်ကြီး ပြုပြင်ပြီးစီးပါက ဝိုင်းဝန်းထိန်းသိမ်းကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ယင်းနောက် ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့်ဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ဒေသခံပြည်သူများအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူ နှစ်ဦးတို့က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထီးလှိုင်ကန်သည် ပုဂံခေတ် အနော်ရထာမင်းလက်ထက်က တည်ဆောက်ခဲ့သော ကန်ကြီးတစ်ကန် ဖြစ်သည်။ ထီးလှိုင် ကျေးရွာနှင့် အနီးဝန်းကျင်ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးနှင့် သောက်သုံးရေအတွက် မှီခိုအားထားရသော ကန်ကြီး ဖြစ်ပြီး အဆိုပါကန်ကြီးမှ ပိုလျှံရေများကိုလည်း ကန်၏အောက်ဘက်တွင် ကန်ငယ်များကို ခေတ်အဆက်ဆက် ကိုယ့်အား ကိုယ်ကိုး၍ အဆင့်ဆင့် တူးဖော်ခဲ့ကြကြောင်း သိရှိရသည်။
သို့သော် နှစ်ကာလကြာမြင့်လာသည်နှင့် အမျှ ကန်မှာတိမ်ကောလာပြီး ရေပိုလွှဲ၏ ရေကျော်အမြင့် အောက် တစ်ပေခန့် အထိ သဲနုံးများ ပို့ချနေမှုကြောင့် ကန်အတွင်းရေသိုလှောင်နိုင်မှုမှာ လျော့နည်းလာခဲ့သည်။ ယခုအခါ မူလရေသိုလှောင်မှု ပမာဏမှာ (၅၅၀)ဧကပေမှ (၁၂၅)ဧက ပေသာ သိုလှောင်နိုင်တော့သည်။ ကန်အတွင်းသို့ ရေဝေရေလဲ ဧရိယာမှ ဝင်ရောက် လာသော ရေကို ထိန်းသိမ်းသိုလှောင်ထားခြင်း မရှိသည့်အတွက် ရေပိုလွှဲမှ ရေကျော်ခြင်း၊ ရေကာတာပေါင်မှ ရေလျှံခြင်း များဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် ထီးလှိုင်ကန်ကြီးအား ဇန်နဝါရီလမှ စတင်၍ ဆည်မြောင်းဦးစီးဌာနက ပြန်လည်ပြုပြင်မှု လုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။
ပြန်လည်ပြုပြင်ရာတွင် ကန်ပေါင်ပုံစံကျ ပြုပြင်ခြင်းနှင့် တောင့်တင်းခိုင်မာစေရန် ကန်ပေါင် အားဖြည့်ခြင်း၊ ရေပိုလွှဲ တည်ဆောက်ခြင်း၊ ရေထုတ်ပြွန်ပြုပြင်တည်ဆောက်ခြင်းနှင့် ကန်တွင်းသဲနုံးတူးဖော် ခြင်း လုပ်ငန်းများကို ဆောက်ရွက် လျက်ရှိပြီး လာမည့်မတ်လ အတွင်းပြုပြင်ပြီးစီးမည် ဖြစ်သည်။ ထို့အတူ ထီးလှိုင်ကန်မှ တစ်ဆင့်ခံ သိုလှောင်နိုင်သော ကျေးရွာ ဆည်/ကန် (၁၃)ကန် အနက် (၁၁)ကန်ကို ပြုပြင်ပြီး ဖြစ်ကြောင်းလည်းသိရှိရသည်။
ပြုပြင်ခြင်းလုပ်ငန်း ပြီးစီးပါက စိုက်ပျိုးဧက (၁၄၀၀)ခန့် အားစိုက်ပျိုးရေပြည့်ဝစွာ ပေးဝေနိုင်မည် ဖြစ်သဖြင့် နွေသီးနှံများ သီးထပ် စိုက်ပျိုးနိုင်တော့မည်ဖြစ်သည်။ ထို့အပြင် အနီးဝန်းကျင်ကျေးရွာနေ ပြည်သူများနှင့် ၎င်းတို့ မွေးမြူ ထားသော ကျွဲ၊ နွား တိရစ္ဆာန်များ အတွက် သောက်သုံးရေ ဖူလုံစွာရရှိနိုင်မည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

No comments:

Post a Comment