Saturday, January 18, 2014

အေပီနှင့် ဧရာဝတီ သတင်းဌာနတို့က ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းမှားများ ထုတ်လွှင့် ဖော်ပြ



နေပြည်တော် ဇန်နဝါရီ ၁၇
ဇန်နဝါရီ ၁၃ ရက်တွင် ရခိုင်ပြည်နယ် မောင်တော မြို့နယ်၌ ရဲတပ်ကြပ်ကြီး တစ်ဦးပျောက်ဆုံးမှု သတင်းနှင့် ပတ်သက်၍ သတင်းဆက် အဖြစ်

အေပီ သတင်းဌာနက " မောင်တော ဒေသတွင် ရိုဟင်ဂျာ မိန်းမနှင့် ကလေးများမှာ ဒါးဖြင့် အခုတ်ခံရကြောင်း၊ သို့သော် အရေအတွက် များစွာ ကွဲလွဲလျက် ရှိကြောင်း၊ အချို့ သတင်း ရပ်ကွက်များက သေဆုံးသူ ၅ ယောက်မှ ၁၀ ယောက် အတွင်းသာ သတ်မှတ် ကြသော်လည်း မောင်တောမြို့နယ် ဒေသခံတစ်ဦး၏ အဆိုအရ သေဆုံးသူ ၄၀ခန့်ရှိကြောင်း၊ သေဆုံးသူ အချို့၏ ဒဏ်ရာများမှာ ဓားဒဏ်ရာများသာ ဖြစ်ကြောင်း၊ သေနတ်ဖြင့် ပစ်သတ် ခံရခြင်း၊ ရိုက်သတ် ခံရခြင်း မတွေ့ရကြောင်း၊ သို့ဖြစ်ရာ ရခိုင် ဗုဒ္ဓဘာသာတို့၏ လက်ချက် သာဖြစ်နိုင်ပြီး တပ် သို့မဟုတ် ရဲတို့၏ လက်ချက် မဖြစ်နိုင် ကြောင်း" စသည်ဖြင့် သတင်း ရရှိကြောင်း ဖော်ပြထားသည်။
အလားတူ ဧရာဝတီ သတင်းဌာနက ဖော်ပြရာတွင် " ပူးပေါင်း တပ်ဖွဲ့ဝင်များနှင့် ရခိုင် ရွာသားများက အဆိုပါ ရွာအတွင်း အိမ်များစွာကို လုယက် ခဲ့ကြောင်း၊ ယောင်္ကျားများမှာ ထွက်ပြေး ကြသဖြင့် မိန်းမနှင့် ကလေးများ အသတ်ခံ ခဲ့ရကြောင်း၊ အချို့ အမျိုးသမီးများ မတရားပြုကျင့် ခံခဲ့ရကြောင်း၊ သေဆုံးသူ တိတိ ကျကျ မသိနိုင်သော်လည်း ရရှိသော သတင်းများအရ သေဆုံးသူ ၁၀ ဦးမှ ၆၀ အတွင်း ဖြစ်ကြောင်း၊ သေနတ် ဒဏ်ရာဖြင့် သေဆုံးခြင်းမျိုး မဟုတ်ဘဲ ဓား ဒဏ်ရာဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း" ဖော်ပြခဲ့သည်။
အဆိုပါ သတင်းနှင့် ပတ်သက်၍ မောင်တော ဒေသတွင် လုံခြုံရေး တာဝန် ထမ်းဆောင်နေ သော ရဲမှူးချုပ် တင်ကိုကိုအား ဆက်သွယ် မေးမြန်းရာ ၎င်းက " ယင်း သတင်းဌာနများ၏ ဖော်ပြချက်သည် လုံးဝ မှန်ကန်မှု မရှိကြောင်း၊ ဤဒေသ တစ်ဝိုက်တွင် တည်ငြိမ်မှု ရှိနေကြောင်း၊ ယင်းသို့ ဖော်ပြချက်များမှာ ဆူပူမှု ဖြစ်ပွားရန် အတွက် သွေးထိုး လှုံဆော်သော သတင်းအမှား များသာ ဖြစ်ကြောင်း" ပြန်လည် ဖြေကြားခဲ့သည်။
အေပီ သတင်းဌာနနှင့် ဧရာဝတီ သတင်းဌာန တို့၏ ဖော်ပြချက်တွင် ပါရှိသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကြောင့် သတ်ဖြတ်ခြင်း ခံရသည်ဟု ဆိုလိုရာ ရောက်သော ရေးသားချက်များမှာ သွေးထိုးလှုံ့ ဆော်မှုပြုသော သတင်း အရေးအသားများ ဖြစ်ကြောင်း တွေ့ရှိရသည်။

No comments:

Post a Comment