Thursday, January 2, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုမှတစ်ဆင့် ပြည်သူများသို့ ပြောကြားသည့် မိန့်ခွန်း(၂.၁.၂၀၁၄)



ယခုလ ရေဒီယိုကနေ ပြည်သူ လူထုထံ ဆက်သွယ် ပြောကြားတဲ့ အစီအစဉ်မှာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ထွန်း နေတဲ့ နိုင်ငံရေး အပြောင်း အလဲများနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားနှင့် ရပ်တည်ချက်အချို့ကို ရှင်းလင်း ပြောကြားရင်း အစပြုသွားမှာ ဖြစ်ပါတယ်။

ကုန်လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ကျွန်တော်တို့ မြန်မာ့ လူ့အဖွဲ့အည်း အဓိက ရရှိခဲ့တဲ့ နိုင်ငံရေး ဖြစ်ထွန်း တိုးတက်မှု ကတော့ မတူညီတဲ့ နိုင်ငံရေး အင်အားစုတွေ အချင်းချင်း ကြားမှာ ထိပ်တိုက် ရင်ဆိုင်ရေး နည်းလမ်း များကို ရှောင်ရှား နိုင်ခဲ့ပြီး ကြုံတွေ့ ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေး ညှိနှိုင်းခြင်း နည်းလမ်းနဲ့ ကြိုးပမ်းဖြေရှင်း နိုင်ခဲ့ခြင်း ဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှု သစ်တစ်ရပ်ကို အသင်ဝင် ရှင်သန် စေခဲ့ခြင်းပင် ဖြစ်ပါတယ်။ ကိစ္စရပ် တော်တော် များများမှာ ပူးပေါင်း ဆောင်ရွက် နိုင်ခဲ့ကြတဲ့အတွက် နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်ဟာ အားကောင်း ခိုင်မာ လာခဲ့ပါတယ်။
နိုင်ငံရေး စနစ်တစ်ခုကို လပေါင်း (၃၀) ကျော်ကြာ အတူတကွဖြတ်သန်းပြီးချိန်မှာ ယခင်က အချင်းချင်း ကြားမှာ ရှိခဲ့တဲ့ သံသယ ကြီးမှုတွေ၊ မယုံကြည်မှု တွေကို လျှော့ချ နိုင်ခဲ့ခြင်း သည်ပင်လျှင် ကျွန်တော်တို့ အားလုံး ကြိုးစား ဖော်ဆောင် နေကြတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် တစ်ရပ်ရဲ့ အောင်မြင်မှု မှတ်တိုင်များ အဖြစ် သက်သေထူ နေတယ်လို့ နားလည် လက်ခံထားကြရမှာ ဖြစ်ပါတယ်။
ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တွေကို စတင် ဆောင်ရွက် လာနိုင်ခြင်းရဲ့ အကျိုးရလဒ် တစ်ခုကတော့ ကျွန်တော်တို့ အားလုံး မျှော်လင့် စောင့်စား ခဲ့ရတဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးကို ဒီဇင်ဘာလ အတွင်းမှာ ကြီးကျယ် ခမ်းနားစွာ ကျင်းပ ပြုလုပ် နိုင်ခဲ့ခြင်းပင် ဖြစ်ပါတယ်။ နှစ်ပေါင်း (၄၄) နှစ်ကြာမှ မြန်မာ့ မြေပေါ်မှာ ပြန်လည် ကျင်းပ ခွင့်ရတဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးကို ယခုလို ပြည်သူတွေ အားလုံး သိုက်သိုက် ဝန်းဝန်းနဲ့ အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ခြင်း ကြောင့်လည်း နိုင်ငံတကာ အသိုက် အဝန်းမှာ ဂုဏ်သိက္ခာ ရှိသော နိုင်ငံတစ်ရပ် အဖြစ် ပြန်လည် ဝင်ဆံ့ လာခဲ့ပြီ ဖြစ်ပါတယ်။ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးနဲ့ ပတ်သက်လို့ ကျွန်တော် အဓိက ပြောကြား လိုတဲ့ အချက် နှစ်ချက် ရှိပါတယ်။ ပထမ တစ်ချက် ကတော့ ယခုလို အမိမြေမှာ အိမ်ရှင် နိုင်ငံအဖြစ် လက်ခံ ကျင်းပခွင့် ရတဲ့ ပြိုင်ပွဲကြီးမှာ နိုင်ငံရဲ့ ဒေသ အသီးသီးက တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ အားကစား သမားများဟာ ထိုက်တန်တဲ့ ဆုတံဆိပ် တွေနဲ့ အောင်ပွဲတွေ ရရှိအောင် ကြိုးစား ခဲ့ကြတဲ့ အတွက် အမျိုးသားရေး တာဝန်ကျေမှု တစ်ရပ် အဖြစ် မော်ကွန်းတင် လိုပါတယ်။ မြန်မာနိုင်ငံ ထဲမှာ ရှိကြတဲ့ ပြည်သူ တစ်ဦးချင်းစီ အနေနဲ့ရော ပြည်ပမှာ ရောက်ရှိနေကြတဲ့ မြန်မာ ပြည်သူတွေ အားလုံးပါ သက်ဆိုင်ရာ ကဏ္ဍ အသီးသီးမှာ ပါဝင်အားဖြည့် ပံ့ပိုး ပေးခဲ့ ကြတာကြောင့် ဒီလို ဆုတံဆိပ်တွေ ရရှိလာဖို့ ကြီးမားတဲ့ တွန်းအားတွေ ဖြစ်စေ ခဲ့ခြင်း ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ လေးလေး နက်နက် ယုံကြည်ပါတယ်။ ဒါ့အပြင် အာကစား ပွဲတွေရဲ့ အနိုင်အရှုံး ရလဒ်တွေထက် ကျော်လွန်ပြီး ကျွန်တော်တို့ နိုင်ငံအတွက် ပိုမိုတန်ဖိုးကြီးတဲ့ အကျိုး ရလာဒ် ကတော့ မြန်မာ တစ်မျိုးသားလုံးရဲ့ စုစည်းမှု အားကို ပြသ နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒုတိယ အနေနဲ့ ပြောကြား လိုတဲ့ အချက်ကတော့ ဒီအားကစား ပွဲတော်ကြီး အောင်မြင်စွာ ပြီးမြောက် အောင်မြင်ရေး အတွက် စိတ်ရော ကိုယ်ပါ ပါဝင်တာဝန်ယူ ဆောင်ရွက် ခဲ့ကြတဲ့ စေတနာ့ ဝန်ထမ်း လူငယ်တွေပဲ ဖြစ်ပါတယ်။ ဒီအားကစား ပွဲတော်ကြီးကနေ စေတနာ့ ဝန်ထမ်းလူငယ်တွေပဲ ဖြစ်ပါတယ်။ ဒီအားကစား ပွဲတော်ကြီးကနေ စေတနာ့ ဝန်ထမ်းလူငယ်တွေ အနေနဲ့ ရရှိလိုက်တဲ့ အနစ်နာခံမှု၊ ပရဟိတစိတ်ရှိမှု၊ တာဝန်ယူလိုစိတ်ရှိမှု၊ အဖွဲ့အစည်းနှင့် ဆောင်ရွက်တတ်မှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်တတ်မှု စတဲ့ အတွေ့အကြုံတွေဟာ တိုင်းပြည် အနာဂတ် တည်ဆောက်ရေးမှာ များစွာအထောက် အကူပြုမှာ ဖြစ်ပါတယ်။ ဒီအရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးကနေ မိမိတို့ ဆောင်ရွက်နိုင်စွမ်း တွေအတွက် ဂုဏ်ယူကြရမှာဖြစ်ပြီး လိုအပ်ချက် များကိုလည်း သင်ခန်းစာယူ ပြင်ဆင် သွားကြရမှာ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေး အပြောင်အလဲများကို လေ့လာသုံးသပ် ကြည့်မယ်ဆိုပါက ၂၀၀၈ ဖွဲ့အစည်းပုံ အခြေခံဥပဒေ မူဘောင်များထဲက အစပြု ပေါ်ပေါက်လာတဲ့ နိုင်ငံရေး လှုပ်ရှားခွင့် များကို နိုင်ငံရေး အင်အားစု အသီးသီးက အပြုသဘော ဆောင်တဲ့ ချဉ်းကပ်မှုမျိုးနဲ့ ထိရောက်စွာ ပါဝင်လုပ်ဆောင် ခဲ့ကြတဲ့ အတွက် အချိန်တိုအတွင်း အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်တယ်ဆိုတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ထိုအခြေအနေ သစ်တစ်ရပ်ကို ပကတိအရှိတရားအဖြစ် မှတ်ယူပြီး နိုင်ငံရေးဖြစ်စဉ် ပိုမိုအသက်ဝင် လာစေရေး အတွက် နိုင်ငံရေး အင်အားစုများ ပိုမိုပါဝင်လာစေရေး၊ ပြည်သူများအားလုံး နိုင်ငံရေး အခွင့်အရေးများ  ပိုမို ရရှိ လာစေရေး တို့ကို အတူတကွ ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
အထက်ပါ ကြိုးပမ်းဆောင်ရွက်မှုများရဲ့ နိုင်ငံရေး အကျိုးဆက်အနေနဲ့ မိမိတို့ လူ့အဖွဲ့အစည်းအတွင်း အပြုသဘော ဆောင်တဲ့ နိုင်ငံရေး ငြင်းခုံဆွေးနွေး ညှိနှိုင်းခြင်း ဓလေ့ကို အားကောင်း ရှင်သန် လာစေခဲ့ပါတယ်။ ဒီကိစ္စရပ်များကို သက်သေထူတဲ့အနေနဲ့ မိမိတို့ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအခက်အခဲ အကြပ်အတည်းများ၊ စိန်ခေါ်မှု များကို နားလည်မှုရှိရှိ၊ စိတ်စေတနာ မှန်မှန်ဖြင့် ခက်ခဲစွာ ကျော်ဖြတ် ခဲ့ကြတဲ့အတွက် ရရှိတဲ့ အကျိုးရလာဒ် ကတော့ အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စကဲ့သို့သော နိုင်ငံရေး စိန်ခေါ်မှုမျိုးကို ပြည်သူလူထု အကြားမှာ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးငြင်းခုံ လာနိုင်သည်အထိ  နိုင်ငံရေး တိုးတက်မှုတွေ ရှိလာပါတယ်။ နိုင်ငံရေးအင်အားစု အသီးသီးရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လုပ်ဆောင်ချက်များကိုလည်း တွေ့ရှိလာရပြီ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ်များနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော “အခြေခံဥပဒေပြင်ဆင်ရေးနှင့် လေ့လာသုံးသပ်ရေးကော်မတီ ကို ဖွဲ့စည်းပြီး လူထုလူတန်းစားအသီးသီး၊ အဖွဲ့အစည်းအသီးသီးရဲ့ သဘောဆန္ဒများ ရယူဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်သော သဘောထား ရပ်တည်ချက်အချို့ကို ကော်မတီကို ပေးပို့ထားပြီး ဖြစ်ကြောင်း သိရှိရပါတယ်။
တချိန်တည်းမှာပင် မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ နိုင်ငံရေးအင်အားစု တစ်ခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီ အပါအဝင်နိုင်ငံရေး ပါတီများဟာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်များနဲ့ ပတ်သက်ပြီး လူထုတွေ့ဆုံပွဲများ၊ ဆွေးနွေးပွဲများကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ယခုလို နိုင်ငံရေးလှုပ်ရှားမှုများကို လွတ်လပ်ပွင့်လင်းစွာ လုပ်ဆောင်နိုင်ခွင့်ရှိခြင်းကပင် မိမိတို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးရင့်ကျင်မှုရေချိန် မြင့်တက်လာကြောင်းကို ညွန်ပြနေတာ ဖြစ်ပါတယ်။
ပြည်သူတစ်ဦးချင်းစီနဲ့ နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များရဲ့ သဘောဆန္ဒ ထုတ်ဖော်ဆွေးနွေးမှုများကို သတင်းမီဒီယာမျိုးစုံကစလို့ အင်တာနက် လူမှုကွန်ယက်များအထိပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ဆွေးနွေး ခွင့် ရှိနေခြင်း ကလည်း အပြုသဘောဆောင်သော ဖြစ်ထွန်းမှုဟု ဆိုရမှာ ဖြစ်ပါတယ်။
ခေတ်မီတဲ့ ဒီမိုကရေစီလူ့ဖွဲ့အစည်းကို တည်ဆောက်ရာမှာ အရေးအကြီးဆုံး သွင်ပြင်လက္ခဏာဖြစ်တဲ့ နိုင်ငံရေး ကို လွတ်လပ်စွာ ဆွေးနွေးငြင်းခုံမှုများ အားကောင်းမောင်းသန်ဖြစ်လာခြင်းကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အထင်အရှား တွေ့မြင်နေရပြီ ဖြစ်ပါတယ်။
ဖွဲ့အစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့  ပတ်သက်ပြီးလည်း ကျွန်တော့်ရဲ့ သဘောထားရပ်တည်ချက် အချို့ကို ပြောကြားလိုပါတယ်။ အသက်ဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ပိုင်ဆိုင်ဖို့ဆိုရင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များနဲ့ သဟဇာတ ဖြစ်အောင် အခြေအနေ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမယ်ဆိုတဲ့ အခြေခံမှုကို ကျွန်တော့်အနေနဲ့ ဆုပ်ကိုင်ထားရမှာ ဖြစ်ပါတယ်။ လက်ရှိအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးလည်း ကျွန်တော့်အနေနဲ့ အဓိက အစိတ်အပိုင်း သုံးခုရှိတယ်လို့ ရှု့မြင်ပါတယ်။ ပထမပိုင်းကတော့ လက်ရှိ ကျွန်တော်တို့ ကြိုးပမ်းတည်ဆောက်နေရတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် မဖြစ်မနေ ပြုလုပ်ကြရမယ့်၊ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ပေါ်ပေါက်လာမယ့် သဘောတူညီချက်များအတွက် လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စ်ွရေးသားခြင်းတွေ လုပ်ဆောင်ရမယ့် အပိုင်ဖြစ်ပါတယ်။
ဒုတိယအပိုင်းကတော့ မိမိတို့ တည်ဆောက်လိုတဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပီပြင် လာစေရေး အတွက် လိုအပ်မယ့် ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများ ပြည့်မီလာစေဖို့ လိုအပ်သလို ပြင်ဆင်ရမည့် အပိုင်ဆိုပြီးတော့ ခွဲခြားတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများပြည့်မီအောင် ကြိုးပမ်း အားထုတ် လုပ်ဆောင်ရာမှာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်သူ အားလုံးရဲ့ အမြော်အမြင်ကြီးမားမှု၊ ဥာဏ်ပညာ ကြွယ်မဝမှုနှင့် စိတ်ရင်းစေတနာ မှန်ကန်မှုတို့က အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။
တတိယပိုင်းကတော့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အရည်အချင်းသတ်မှတ်မှုအတွက် လိုအပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်ပင် ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားကတော့ မည်သည့်မြန်မာနိုင်ငံသား တိုင်းရင်းသားတစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်တာမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေးစေတနာရှိသလို တစ်ဖက်ကလည်း မိမိတို့ အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့နိုင်ငံရဲ့ အချိုပ်အချာအာဏာ တည်တံခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့် လျောက်ပတ် တဲ့ အကာအကွယ်ပေးနိုင်သည့် အခြေခံမှုများ ရှိရန်လည်း လိုလားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ပတ်သက်တဲ့ ဝိရောဓိများကို ကိုင်တွယ်ဖြေရှင်းရာမှ နိုင်ငံရေးအကြပ်အတည်း တစ်ခုဆီ သို့ ဦးတည်မသွား စေနိုင်ဖို့အတွက် နိုင်ငံရေးရွေးချယ်မှု မှန်ကန်စေဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိ ပါတယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်ဆောက်ရေးအတွက် လိုအပ်တဲ့ အခြေခံဥပဒေပြင်ဆင်မှုများကို လုပ်ဆောင်ရာမှာ မိမိတို့အချင်းချင်း အပြန်အလှန် ယုံကြည်မှုအပေါ် အခြေခံတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ထားရှိနိုင်မယ့် သဘောထားကြီးမှုတွေ၊ တောင်းဆိုမှုတွေကို အပြန်အလှန် နားလည် လက်ခံပေးနိုင်တဲ့ အခြေအနေတွေ၊ ဒါတွေက အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရေးအတွက် ကြိုးပမ်း အားထုတ်မှုနှင့် ပတ်သက်ပြီး အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အာလုံးတို့ စိတ်ရင်းစေတနာမှန်ဖြင့် ကြိုးပမ်းအားထုတ်နေမှုကို ကျွန်တော့်အနေဖြင့် အထူးဂုဏ်ယူ ဝမ်းမြောက်လျက် ရှိပါကြောင်း ပြောကြားလိုပါတယ်။ ဒါ့ကြောင့် ယခုလုပ်ဆောင်လျက်ရှိသော အသေးစိတ် ညှိနှိုင်းမှုများကို အောင်မြင်စွာ ပြုလုပ်ပြီး များမကြာမီကာလတွင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန်ကိုလည်း တွေ့မြင်လိုကြောင်း ပြောကြားလိုပါတယ်။
လာမည့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့တာဝန်ကြီးတစ်ခုကတော့ အာဆီယံဥက္ကဌအဖြစ် ဒေသတွင်းနိုင်ငံများ  ပါဝင်တဲ့အဖွဲ့အစည်းကြီးကို ဦးဆောင်ဦးရွက် ပြုရမှာ ဖြစ်ပါတယ်။ ဒေသတွင်း နိုင်ငံတကာ ကိစ္စရပ်များ တစ်ခုနှင့်တစ်ခု ဆက်နွယ်မှု တိုးလာခြင်း၊ အထူးသဖြင့် ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲနဲ့ အာရှဒေသနဲ့ အရှေ့တောင်အာရှနိုင်ငံများ၏ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် အရေးပါမြင့်တက် လာခြင်းတို့က မြန်မာနိုင်ငံမှ အာဆီယံဥက္ကဌအဖြစ် ဦးစီးဦးဆောင်ပြုရမယ့် အချိန်မှာ မိမိတို့၏ ဦးဆောင်မှု တာဝန်ကို ပိုမိုအရေးကြီးလာစေမှာ ဖြစ်ပါတယ်။ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးမှာ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှုကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို အာဆီယံဥက္ကဌတာဝန်ကိုလည်း နိုင်ငံရေးအင်အားစုများအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံး အတူတကွ ပူးပေါင်းပါဝင်ပြီး အောင်မြင်စွာ ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူချိန်မှာ အရှေ့တောင် အာရှဒေသ၏ အကျိုးကို သယ်ပိုးခွင့်ရမှာ ဖြစ်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ ပုံရိပ်ကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းများကြားမှာ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့သည့် နေ့မှစပြီး ပြည်သူလူထု တစ်ရပ်လုံးရဲ လိုလားချက်များကို ဖြစ်သင့်ဖြစ်ထိုက်တဲ့အခြေအနေနဲ့ လက်တွေ့ဖြစ်နိုင်တဲ့ အခြေအနေနှစ်ရပ်အကြား သဟဇာတ ဖြစ်အောင် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။

သဟဇာတ ဖြစ်ရေးဆိုရမှာလည်း လက်ရှိနိုင်ငံရေး အပြောင်းအလဲနဲ့ နိုင်ငံရေးဖြစ်စဉ် ရှင်သန်ခိုင်မာရေး၊ ပြည်တွင်း နိုင်ငံရေး တည်ငြိမ်မှု ရှိရေးနှင့် ညင်သာသော အသွင်ကူးပြောင်းရေးကု မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းနိုင်ရေးအတွက် အစဉ်နှလုံးသွင်း ဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်တော့်အနေနဲ့ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပတ်သက်တဲ့ တောင်းဆိုးချက်များ အတွက်လည်း အဖွဲ့အစည်းပေါင်းစုံကို အစဉ်တံခါးဖွင့် လက်ခံတွေ့ဆုံခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တဲ့နေရာမှာ မတူညီတဲ့ နိုင်ငံရေးအင်အားစုများရဲ့ ကွဲပြားတဲ့ လိုလားချက်များ၊ သဘောထားရပ်တည်ချက်များကို နက်နဲသိမ်မွေ့စွာ ဖြည့်ဆည်း ဆောင်ရွက် ပေးခြင်း၊ တည့်မတ်ပေးခြင်းများ လုပ်ဆောင်နေရတော ဖြစ်ပါတယ်။ ဒီလိုချင့်ချိန် ဆောင်ရွက်ရတာကြောင့် တခါတလေမှာ နိုင်ငံရေးအင်အားစုအချို့ရဲ့ အားမလိုအားမရဖြစ်မှုတွေ ရှိလာတာကို သဘာဝကျတယ်လို့ နားလည်လက်ခံထားပါတယ်။ ဒီလိုအခြေအနေတွေအားလုံးကို နိုင်ငံရေး အရှိတရားအနေဖြင့်ခံယူပြီး တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်နားလည်မှု စွမ်းရည် မြှင့်တင်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။
ကျွန်တော့်အနေနဲ့ သမ္မတတာယန်ယူသည့်နေ့မှစပြီး တာဝန်ကို ရှောင်လွှဲလိုတဲ့ လုပ်ဆောင်မှုမျိုး မရှိခဲ့သလို လက်ရှိနိုင်ငံရေး အခြေအနေက ခွင့်ပြုတဲ့ အတိုင်းအတာအရ ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေးဆန္ဒများနှင့် လက်တွေ့ဖြစ်နိုင်သည့် ကိစ္စရပ်များ အစဉ်ပေါင်းစပ်ပြီး သဟဇာတဖြစ်ဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အထူးပြောကြားလိုသည့် ကိစ္စရပ်ကတော့ ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေးဆန္ဒများကို လက်ရှိနိုင်ငံရေး အခြေအနေက ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်းဆောင်ရွက်ပါက နိုင်ငံရေးအကြပ်အတည်းတစ်ခု ဖြစ်ပေါ်ပြီး လက်တွေ့ဖြစ်နိုင်ချေရှိသည့် အခွင့်အလမ်းများပင် ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ပြီး ဥာဉ်အမြော် အမြင်ရှိသော နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်းပြောကြားလိုပါတယ်။
အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးကို ရှေ့ရှု့ပြီး လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီရဲ့ ကြိုးပမ်းမှုနဲ့ ကျွန်တော်ကတိ ပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသား တစ်ဦးတစ်ယောက်မှ မကျန်ရှိ စေဖို့ ဆောင်ရွက်ပြီး ဖြစ်ကြောင်း မိဘပြည်သူများကို အသိပေးပြောကြားလိုပါတယ်။
လာမည့် ၂၀၁၄ ခုနှစ် နှစ်သစ်မှာလည်း ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးဟာ အတွေးသစ်၊ အမြင်သစ်များဖြင့် အပြုသဘော ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ယခင်နှစ်ကထက် တိုးမြှင့်လုပ်ဆောင် သွားကြရန် တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေ။

No comments:

Post a Comment