Tuesday, December 31, 2013

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရ မြန်မာ အားကစား သမားများအား ဂုဏ်ပြုချီးမြှင့်



 
နေပြည်တော် ဒီဇင်ဘာ ၃၀
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရ မြန်မာ အားကစား သမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ညနေပိုင်းက နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ ဂုဏ်ပြု အမှာစကား ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတက ပြောကြားရာတွင် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးကို ဒီဇင်ဘာ (၂၂) ရက်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါကြောင်း၊ ဤအားကစား ပြိုင်ပွဲကြီးတွင် မြန်မာအားကစား မောင်မယ်များ ဖြစ်သော မောင်တို့မယ်တို့သည့် နိုင်ငံချစ်စိတ်၊ အမျိုးသားရေး စိတ်ဓာတ်နှင့် လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်ကို ရင်ဝယ်ပိုက်ပြီး ကြိုးစား ယှဉ်ပြိုင်ခဲ့ကြသည်ကို ဂုဏ်ယူဖွယ်ရာ တွေ့မြင်ခဲ့ရပါကြောင်း။
ထိုသို့ယှဉ်ပြိုင်ခဲ့သည့် အတွက်လည်း မြန်မာအားကစား သမားများအနေဖြင့် ရွှေတံဆိပ် (၈၆) ခု၊ ငွေတံဆိပ် (၆၂)ခု၊ ကြေးတံဆိပ် (၈၅) ခု စုစုပေါင်းဆုတံဆိပ် (၂၃၃) ခုရရှိပြီး နိုင်ငံအလိုက် ဒုတိယ အဆင့်ရရှိအောင် စွမ်းဆောင် နိုင်ခဲ့ကြပါကြောင်း။
မြန်မာအားကစား သမားများအနေဖြင့် ၁၉၇၉ ခုနှစ် (၁၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ် (၂၆) ခုနှင့် နိုင်ငံအလိုက် ရွှေတံဆိပ် တတိယ အများဆုံး ရရှိသည့် နိုင်ငံဖြစ်ခဲ့ပြီးသည့် နောက်ပိုင်း၌ အောင်ပွဲနှင့် ဝေးကွာနေခဲ့ရာမှ မောင်တို့မယ်တို့၏ စွမ်းစွမ်းတမံ ကြိုးစားမှုကြောင့် ရွှေတံဆိပ် ဒုတိယအများဆုံး ရရှိသည့် နိုင်ငံအဖြစ် အောင်ပွဲခံနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းအောင်ပွဲများကို မောင်တို့မယ်တို့သည် သာလွန်သော ကြိုးစားအားထုတ်မှု၊ အနိုင်မခံ အရှုံး မပေးသော ရဲရင့်သည့် စိတ်ဓာတ်၊ သန့်ရှင်းသည့် အားကစား စိတ်ဓာတ်၊ မျှတသည့်ပြိုင်ဆိုင်မှု၊ စည်းလုံး ညီညွတ်သည့် အသင်းအဖွဲ့ စိတ်ဓာတ်တို့ဖြင့် ရယူပေးခဲ့ကြခြင်း ဖြစ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံ ကျင်းပနိုင်ရန်အတွက် ၂၀၀၉ ခုနှစ်ကတည်းက စတင်ပြင်ဆင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ ပြင်ဆင်ရာတွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်းများ၊ အားကစားရုံများ၊ အားကစား အသုံးအဆောင်များ တည်ဆောက် ဖြည့်ဆည်းရန် ဆောင်ရွက် ခဲ့ရသကဲ့သို့ မောင်တို့မယ်တို့ အားကစား သမားများကို လည်း စနစ်တကျ ရွေးချယ်လေ့ကျင့် ပျိုးထောင်ပေးခဲ့ ပါကြောင်း။
နိုင်ငံတော်အနေဖြင့် သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်များ၊ မိတ်ဆွေနိုင်ငံများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မြန်မာ အားကစားသမားများကို စိတ်ဓာတ် ကြံ့ခိုင်မှု၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားမှုတို့ ပြည့်စုံစေရန်အတွက် အချိန်ယူ ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ထိုသို့ စနစ်တကျ ပြင်ဆင်ပြုစု ပျိုးထောင်မှုများနှင့် မောင်တို့မယ်တို့၏ ကြိုးစား အားထုတ်မှုများ ပေါင်းစပ် လိုက်သည့်အတွက် ယနေ့ နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုများကို ရရှိလာခြင်း ဖြစ်ပါကြောင်း။
အဆိုပါပြိုင်ပွဲကြီးတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ဆု အသီးသီး ရယူနိုင်ခဲ့သည့် အားကစား မောင်မယ်များအတွက် ဂုဏ်ပြုသကဲ့သို့ အကောင်းဆုံး ယှဉ်ပြိုင်ကြိုးစားခဲ့ပြီး အကြောင်း ကြောင်းကြောင့် ဆုတံဆိပ်များနှင့် လွဲချော်ခဲ့ရသော အားကစား မောင်မယ်များ၏ ကြိုပမ်းအားထုတ် မှုများကိုလည်း နိုင်ငံတော်နှင့် ပြည်သူများက အသိအမှတ်ပြု အားပေးလျက်ရှိသည်ကို ပြောကြားလို ပါကြောင်း၊ ထို့ကြောင့် ပြိုင်ပွဲတွင် ဆုတံဆိပ်နှင့် လွဲချော်ခဲ့ရသော်လည်း စိတ်ဓာတ်မကျဘဲ နောင်ပြိုင် ပွဲများတွင် နိုင်ငံဂုဏ်ဆောင် အောင်ပွဲဆင်နိုင်ရေးအတွက် မိမိတို့၏အားနည်းချက်၊ လိုအပ်ချက် များကို ပြုပြင်ပြီး ယခုကပင် ပြန်လည် လေ့ကျင့် ပြင်ဆင်ထားကြရန် တိုက်တွန်းလိုပါကြောင်း။
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူ များအတွက် သာမန်အားကစားပွဲထက် ပိုမိုလေးနက်သည့် အဓိပ္ပာယ် ဆောင်ခဲ့ပါကြောင်း၊ ဤပြိုင်ပွဲ ကြီးသည် အကြောင်းကြောင်းကြောင့် နိုင်ငံတကာ အသိုင်းအဝန်းနှင့် ဝေးကွာနေခဲ့ရသော မြန်မာ နိုင်ငံအတွက် နိုင်ငံတကာ အသိုင်းအဝန်းနှင့် ပြန်လည်ချိတ်ဆက် နိုင်ခဲ့သည့် အခမ်းအနားလည်း ဖြစ်ပါကြောင်း၊ ဤပြိုင်ပွဲကြီးသည် အစိုးရသစ်လက်ထက်တွင်ဆောင်ရွက်နေသော မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးလုပ်ငန်းစဉ်များ၏ တိုးတက်မှုကို နိုင်ငံတကာက အသိအမှတ်ပြု သည့် အခမ်းအနားလည်း ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံမိသားစု အသိုင်း အဝန်းတွင် မိမိရှိသင့်ရှိအပ်သည့်နေရာ၊ မိမိ ထမ်းဆောင်ရမည့် တာဝန်ကို ပြန်လည်ရယူ ထမ်းဆောင်နိုင်ခဲ့ခြင်းလည်းဖြစ်ပါကြောင်း၊ အလားတူ မြန်မာပြည်သူများ အနေဖြင့် မိမိတို့ လုပ်နိုင်စွမ်းရှိသည်ကို နိုင်ငံတကာသို့ ထုတ်ဖော်ပြခဲ့ခြင်းလည်း ဖြစ်ပါကြောင်း။
ယင်းသို့ ထူးခြား လေးနက်သော ပြိုင်ပွဲကြီးတွင် နိုင်ငံ၏နေရာ ဒေသအသီးသီးမှ တိုင်းရင်း သားအားကစား မောင်မယ်များအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင် အောင်ပွဲများကို ရယူပေးခဲ့ကြပါကြောင်း၊ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများတွင် တစ်ကျော့ပြန်ပြီး အောင်ပွဲများရယူပေးခဲ့သော မောင်တို့ မယ်တို့၏ စွမ်းပကားများကို ပြိုင်ပွဲဝင်နိုင်ငံများက အလေးအနက် ချီးကျူးဂုဏ်ပြုခဲ့ကြသည်ကို လည်း တွေ့ရပါကြောင်း၊ မောင်တို့ မယ်တို့သည် မြန်မာ့အားကစားကို ဒေသတွင်းပြိုင်ပွဲများတွင် ထိပ်တန်းအဆင့်သို့ ပြန်လည် တက်လှမ်း နိုင်အောင် ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ မောင်တို့ မယ်တို့သည် ပြည်သူများအတွင်း မျိုးချစ်စိတ်ဓာတ်နှင့် အားကစား စိတ်ဓာတ်များ ရှင်သန်နိုးကြား လာအောင် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင်မျိုးဆက် သစ်အားကစားလူငယ်များ ပေါ်ပေါက်လာအောင် စွမ်းဆောင် နိုင်ခဲ့ကြပါကြောင်း၊ မြန်မာ ပြည်သူများအနေဖြင့် ရှေ့ဆက်ရ မည့်ခရီးလမ်းတွင် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် မောင်တို့ မယ်တို့ အနေဖြင့် လိုအပ်သည့် စိတ်ဓာတ်ခွန်အားများကို ပေးအပ်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မောင်တို့မယ်တို့၏ အောင်ပွဲသည် သန်းခြောက်ဆယ်သော မြန်မာပြည်သူများ၏ အောင်ပွဲလည်းဖြစ်ပါကြောင်း။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အားကစားနည်းအမျိုးမျိုးတွင် ပါဝင်ယှဉ်ပြိုင် အောင်ပွဲ ခံခဲ့ကြသော အမိနိုင်ငံ၏ သားကောင်းရတနာ၊ သမီးကောင်းရတနာ အားလုံးအတွက် ပြည်သူတစ် ရပ်လုံးက ဂုဏ်ယူဝမ်းသာလျက် ရှိကြပါကြောင်း၊ နိုင်ငံ၏သမိုင်းနှင့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသမိုင်းတွင် ဂုဏ်ယူဖွယ်ရာ မော်ကွန်းသစ် တင်နိုင်ခဲ့သည့် မောင်တို့မယ်တို့ကို မိမိအနေဖြင့် ပြည်သူများ၏ကိုယ်စား လေးလေးနက်နက် ချီးကျူးဂုဏ်ပြုပါကြောင်း။
မောင်တို့မယ်တို့ အနေဖြင့်လည်း ယခုအောင်ပွဲများနှင့်သာ ကျေနပ်နှစ်သိမ့်မနေဘဲ  အနာ ဂတ်ပြိုင်ပွဲများတွင် ရရှိပြီးအဆင့်ထက် နိမ့်ကျမသွားအောင်၊ ယခုထက်ပိုမိုအောင်မြင်အောင်၊ ယခု ပြိုင်ပွဲတွင် ဆုတံဆိပ် မရရှိခဲ့သူများ အနေဖြင့်လည်း နောင်ပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင် အောင်ပွဲ ခံနိုင်အောင်၊ မောင်တို့မယ်တို့ကို ဆက်ခံနိုင်မည့် အနာဂတ်မျိုးဆက်သစ်များ ပေါ်ပေါက်လာအောင် ဆက်လက် လက်ဆင့်ကမ်း ကြိုးပမ်း ဆောင်ရွက် သွားကြရန် တိုက်တွန်းအပ်ပါကြောင်း၊ မောင်တို့ မယ်တို့ ကျန်းမာပျော်ရွှင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အောင်မြင်သည့် အားကစား သမားဘ၀ကို ထာဝရ ပိုင်ဆိုင်နိုင်ကြစေရန် ဆုမွန်ကောင်း တောင်းပါကြောင်းဖြင့် ပြောကြားခဲ့သည်။
အဆိုပါဂုဏ်ပြုပွဲတွင် ဆီးဂိမ်းပြိုင်ပွဲ၌ အောင်ပွဲရရှိခဲ့ကြသည့် အားကစား သမားများကို ဂုဏ်ပြု သောအားဖြင့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ မော်ကွန်းသစ်ဗီဒီယိုကို ပြသခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုး သားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့က (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်ရ အားကစားအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့် ခဲ့ကြသည်။
ထို့နောက် အောင်ပွဲရ အားကစားသမားများ ကိုယ်စား ရွှေတံဆိပ် (၃)ဆုရ ဝူရှူးအားကစား သမား မောင်ဝေဖြိုးအောင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတက (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲတွင် နိုင်ငံ့ ဂုဏ်ဆောင်ဆု တံဆိပ်ရ မြန်မာ အားကစား သမားများအား ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။
အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများ၊ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၊ ပြည်ထောင်စု ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် တိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ ပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်များ၊ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ နည်းပြများ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် ဆီးဂိမ်းပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပံ့ပိုးကူညီပေး ခဲ့ကြသော စေတနာရှင် အလှူရှင်များ  တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment