Wednesday, December 18, 2013

သုဝဏ္ဏ အားကစားကွင်း အတွင်းရှိ ထိုင်ခုံများနှင့် လမ်းဘေး ၀ဲယာရှိ အလံတိုင်များ ဖျက်ဆီးပြီး ဆိုင်းဘုတ် မီးရှို့ရာတွင် ပါဝင်ခဲ့သူ (၉) ဦးအား ထိန်းသိမ်း စစ်ဆေး မေးမြန်းနေ

ရန်ကုန် ဒီဇင်ဘာ ၁၇
ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ ယမန်နေ့ညပိုင်းက အားကစားကွင်း အတွင်းရှိ ပလတ်စတစ် ထိုင်ခုံများအား ရိုက်ချိုး ဖျက်ဆီးခြင်း၊ ဝေဇယန္တာလမ်း ဝဲယာရှိ စတီးလ် အလံတိုင်များ ဖျက်ဆီးခြင်းနှင့် ဆိုင်းဘုတ်နှင့် ဆီးဂိမ်း တံဆိပ်စာသားပါ အင်္ကျီများ ချွတ်၍ မီးရှို့ခြင်း စသည်တို့ ကျူးလွန် ခဲ့သူများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးလျက် ရှိကြောင်း၊ ဘောလုံးကွင်း အတွင်းနှင့် ဝေဇယန္တာ လမ်းပေါ်၌ ဆူပူ အော်ဟစ်ရာတွင် ပါဝင်ခဲ့သူ ကိုးဦးအား သင်္ဃန်းကျွန်း ရဲစခန်းက ထိန်းသိမ်း ထားရှိပြီး စစ်ဆေး မေးမြန်းလျက် ရှိကြောင်း သိရှိရသည်။
ယမန်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်မှ ည ၈ နာရီခွဲခန့် အထိ သုဝဏ္ဏ အားကစားကွင်း၌ မြန်မာ ဘောလုံး အသင်းနှင့် အင်ဒိုနီးရှား ဘောလုံး အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ အင်ဒိုနီးရှား ဘောလုံး အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သည်။
ဘောလုံးပွဲ အပြီးတွင် ဘောလုံးပွဲကြည့် ပရိသတ်အချို့က ကွင်းအတွင်း တောင်ဘက် ပွဲကြည့်စင် (ရိုးရိုးတန်း)ရှိ ထိုင်ခုံ အချို့နှင့် အထူးတန်း ပွဲကြည့်စင်ရှိ ထိုင်ခုံအချို့ တို့ကို ရိုက်ချိုး ဖျက်ဆီးခြင်း၊ သုဝဏ္ဏ အားကစားကွင်းသို့ ဝင်သည့် ဝေဇယန္တာလမ်း ပင်မ ဝင်ပေါက်၌ ချိတ်ဆွဲထားသော (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ မြန်မာအသင်း အောင်နိုင်ဖို့ ကွင်းထဲ အရောက် အားပေးစို့ စာသားပါ (၂၅x၁၈) ပေ အရွယ်ရှိ ဆိုင်းဘုတ်နှင့် ပရိသတ်အချို့က ၎င်းတို့ ၀တ်ဆင် ထားသည့် ဆီးဂိမ်းတံဆိပ် စာသားပါ အင်္ကျီများ မီးရှို့မှုပြုလုပ်ခြင်း၊ ဝေဇယန္တာလမ်း ဝဲယာရှိ စတီး အလံတိုင် များအား ဖျက်ဆီးခြင်း ဆောင်ရွက်ခဲ့ ကြကြောင်း သိရှိရသည်။
ယင်းသို့ ဖျက်ဆီးမှုကြောင့် ပလတ်စတစ် ထိုင်ခုံ အလုံး ၂၀၀ (တန်ဖိုး ငွေကျပ် သိန်း ၂၀)၊ စတီးအလံတိုင် ၃၅ တိုင်(တန်ဖိုးငွေကျပ် ၅၉၅၀၀၀)၊ ဗီနိုင်း ကြော်ငြာတစ်ခု (တန်ဖိုးငွေကျပ် ၅၀၀၀၀) စုစုပေါင်း တန်ဖိုးငွေကျပ် ၂၆၄၅၀၀၀ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်၌ ဖျက်ဆီးရာတွင် ပါဝင်ခဲ့သူ များအား အရေးယူနိုင်ရေး အတွက် စုံစမ်း စစ်ဆေးလျက် ရှိပြီး ဘောလုံးကွင်း အတွင်း ဆူပူ အော်ဟစ်ရာတွင် ပါဝင်ခဲ့သူ ကျော်မိုးလွင်အပါအဝင် သုံးဦး၊ ဝေဇယန္တာ လမ်းမပေါ်တွင် ဆူပူ အော်ဟစ်ရာတွင် ပါဝင်ခဲ့သူ ငြိမ်းငြိမ်းကျော် အပါအ၀င် ခြောက်ဦးတို့ကို ထိန်းသိမ်း စစ်ဆေး မေးမြန်း ခဲ့ပြီးနောက် မိဘ အုပ်ထိန်းသူများထံ ပြန်လည် အပ်နှံခဲ့ကြောင်း၊ ယခုအခါ သုဝဏ္ဏ ဘောလုံးကွင်း အတွင်းစည်း၊ အပြင်စည်း လုံခြုံရေးကို ရဲတပ်ဖွဲ့ဝင် ၁၀၁၅ ဦးဖြင့် ဆောင်ရွက်လျက် ရှိကြောင်းနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများ အမြန်ဆုံး တည်ငြိမ် အေးချမ်းမှု ရရှိစေရန် သုဝဏ္ဏ အားကစားကွင်းရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲတပ်ရင်းများ၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့များမှ ခြေအနေကို ဝိုင်းဝန်း ထိန်းသိမ်း ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့မှ သတင်းရရှိသည်။

No comments:

Post a Comment