Saturday, December 7, 2013

ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း အကြီးစား ဒီဇယ်အင်ဂျင် ထုတ်လုပ်မှု အလုပ်ရုံ ဖွင့်ပွဲသို့ တက်ရောက်၍ ကမ္ပည်း မော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး



နေပြည်တော် ဒီဇင်ဘာ ၆
စက်စွမ်းအားပြည့် ထုတ်လုပ်မည် ဆိုပါက တစ်နှစ်လျှင် V-Type 170 ZC  Series  အမျိုးအစား ဆလင်ဒါ (၁၆) လုံးတပ် မြင်းကောင်ရေ (၂၀၀၀ မှ ၂၂၀၀) ဒီဇယ်အင်ဂျင် အလုံး (၁၀၀) ထုတ်လုပ် နိုင်မည့် အကြီးစား ဒီဇယ် အင်ဂျင် ထုတ်လုပ်မှု အလုပ်ရုံကို ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

စက်မှု ဝန်ကြီးဌာန အမှတ် (၁၄) အကြီးစားစက်ရုံ (သာဂရ) ၏ အကြီးစား ဒီဇယ်အင်ဂျင် ထုတ်လုပ်မှု အလုပ်ရုံ ဖွင့်ပွဲကို ယနေ့နံနက် (၈) နာရီတွင် ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် သာဂရ စက်မှုဇုန်နယ်မြေရှိ အဆိုပါ စက်ရုံ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်၍ အလုပ်ရုံ ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးသည်။
ဖွင့်ပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Shandong  Puli  Construction  &  Engineering Co., Ltd. ဥက္ကဋ္ဌ Mr. Liu  Jianye တို့က အလုပ်ရုံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် တက်ရောက် လာကြသူများက အလုပ်ရုံဖွင့်ပွဲ မုခ်ဦးရှေ့၌ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတက အလုပ်ရုံ ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေး နံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းကြသည်။
ထို့နောက် ဒုတိယသမ္မတက အလုပ်ရုံအတွင်း မြင်းကောင်ရေ (၂၀၀၀ မှ ၂၂၀၀) အကြီးစား အင်ဂျင် များတွင် တပ်ဆင် အသုံးပြုမည့် အင်ဂျင် အစိတ်အပိုင်းများ စက်ခုတ် စားနေမှုနှင့် တပ်ဆင်နေမှု၊ အင်ဂျင်များ စမ်းသပ် မောင်းနှင်နေမှု၊ သံရည်ကျို အလုပ်ရုံအတွင်း သံရည်ကျို လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Welding  &  Heat- Treatment  Shop တွင် လုပ်ငန်းများ ဆောင်ရွက် နေမှုတို့ကို ကြည့်ရှုသည်။
ယင်းနောက် ဒုတိယ သမ္မတနှင့် Shandong  Puli  Construction  Engineering  Co., Ltd. ဥက္ကဋ္ဌတို့က အလုပ်ရုံဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြ သည်။
ယခု ဖွင့်လှစ်သည့် အကြီးစား ဒီဇယ်အင်ဂျင် ထုတ်လုပ်မှု အလုပ်ရုံကို နိုင်ငံပိုင် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ (၆၆ ဒသမ ၈၅၃)သန်း ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအလုပ်ရုံသည် စက်မှုဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Shandong Puli Construction Engineering Co., Ltd. တို့ ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်ပြီး ရေယာဉ်များ၊ မီးရထား စက်ခေါင်းများတွင် တပ်ဆင် အသုံးပြုသည့် မြင်းကောင်ရေ (၂၀၀၀ မှ ၂၂၀၀)ရှိ ဒီဇယ် အင်ဂျင်ကြီး များအား ပြည်ပသွင်းကုန် အစားထိုး အင်ဂျင်များအဖြစ် ထုတ်လုပ် ပေးနိုင်မည်ဖြစ်ပြီး ယခုအခါတွင် မြန်မာ့မီးရထား စက်ခေါင်းများတွင် တပ်ဆင် အသုံးပြုနေပြီ ဖြစ်သည်။
အမှတ် (၁၄) အကြီးစားစက်ရုံ (သာဂရ) သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ XUJI  Group Corporation (XJ) Henan နှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်ပြီး မီးစက်များ၊ ဘတ်စ်ကား များနှင့် ရေယာဉ်ငယ် များတွင် တပ်ဆင်အသုံးပြုသည့် V-Type 128 ZC  Series အမျိုးအစား မြင်းကောင်ရေ ၂၅၀ အား ဆလင်ဒါ (၆)လုံးတပ်၊ မြင်းကောင်ရေ (၃၅၀)အား ဆလင်ဒါ (၁၈)လုံးတပ်နှင့် မြင်းကောင်ရေ (၈၀၀) အား ဆလင်ဒါ (၁၂) လုံးတပ် ဒီဇယ်အင်ဂျင် (၃) မျိုးတို့ကို ထုတ်လုပ်လျက် ရှိသည်။
အကြီးစား ဒီဇယ်အင်ဂျင် ထုတ်လုပ်မှု အလုပ်ရုံကို ဖွင့်လှစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍသုံး ရထားစက်ခေါင်းများ၊ ရေယာဉ်များတွင် တပ်ဆင် အသုံးပြုနိုင်မည့် ဒီဇယ် အင်ဂျင်ကြီးများကို ပြည်ပသွင်းကုန် အစားထိုး ပြည်တွင်း၌ ထုတ်လုပ်နိုင်ခြင်း၊ ဒေသဖွံ့ဖြိုး တိုးတက် စေခြင်းနှင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment