Monday, December 30, 2013

ဖိလစ်ပိုင်နိုင်ငံသားများ ၂၀၁၄ ခုနှစ် အစောပိုင်းတွင် ဗီဇာမပါဘဲ မြန်မာနိုင်ငံသို့ လည်ပတ်နိုင်တော့မည်

မနီလာ ဒီဇင်ဘာ ၂၉
၂၀၁၄ ခုနှစ် အစောပိုင်းတွင် ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့အကြား ဗီဇာကင်းလွတ်ဝင်ခွင့် သဘောတူညီချက် စတင်အာဏာ တည်သည့်အခါ ဖိလစ်ပိုင်နိုင်ငံသားများသည် ဗီဇာမပါဘဲ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်နိုင်မည်ဖြစ်သည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်က ပြောကြားခဲ့သည်။ 

အဆိုပါသဘောတူညီချက်အရ သာမန်ပတ်စပိုစ့် ကိုင်ဆောင်သူ ဖိလစ်ပိုင်နိုင်ငံသားများသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ စတင်၍ ဗီဇာမပါဘဲ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လျက် ၁၄ ရက်ကြာ နေထိုင်ခွင့် ရရှိမည်ဖြစ်သည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
ဗီဇာကင်းလွတ်ဝင်ခွင့် သဘောတူညီချက်သည် ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့အကြား ခရီးသွားလာမှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုတို့ကို မြှင့်တင်ပေးမည်ဟု မျှော်လင့်ရကြောင်း  ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ဖိလစ်ပိုင်နိုင်ငံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် သွားရောက်လည်ပတ်စဉ်အတွင်း နှစ်နိုင်ငံအစိုးရများသည် သာမန်ပတ်စပို့စ် ကိုင်ဆောင်သူများကို ဗီဇာကင်းလွတ်ခွင့်ပေး ရေး သဘောတူညီချက်ကို လက်မှတ်ရေထိုးခဲ့ကြသည်။
ဖိလစ်ပိုင်နိုင်ငံသည် ၁၉၆၀ ပြည့်နှစ်တွင် ချုပ်ဆိုခဲ့သည့် Executive Order 408 စီမံခန့်ခွဲရေး ညွှန်ကြားချက် ၄၀၈ အရ မြန်မာနိုင်ငံသားများအား ရက်ပေါင်း ၃၀ ဗီဇာကင်းလွတ်ခွင့် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ

No comments:

Post a Comment