Tuesday, December 31, 2013

ခရစ်နှစ် ၂၀၁၄ တွင် နှစ်သစ်ကြိုရန်အတွက် အင်းလျားကန်ပေါင်ကို အချိန်များ တိုးမြှင့်ဖွင့်လှစ်



၂၀၁၄ ခုနှစ် ခရစ်နှစ် ပြက္ခဒိန် နှစ်ဆန်း ၁ ရက် နှစ်သစ် မင်္ဂလာကို ကြိုဆိုကြမည့် လူငယ်မောင်မယ်များ အတွက် ပြည်လမ်း အင်းလျားကန်ပေါင်နှင့် ကမ္ဘာအေးစေတီလမ်း အင်းလျားကန်ပေါင်တို့ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ညတွင် ပုံမှန် ဖွင့်လှစ်ထားသည့် နံနက် ၄ နာရီမှ ည ၉ နာရီ အချိန်အစား နံနက် ၄ နာရီမှ ည ၁၁ နာရီအထိ အချိန်တိုး၍ ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန တာဝန်ရှိသူများ ထံမှ သိရသည်။

အင်းလျားကန်ပေါင် နှစ်ခုလုံးကို အချိန်တိုးမြှင့် ဖွင့်လှစ်ထားခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများက ပြောကြားရာတွင် ခေတ်စနစ် ပြောင်းလဲမှုနှင့်အတူ လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို မထိခိုက် စေရန်နှင့် မကြာမီ ကျရောက်မည့် နှစ်သစ်ကို မြို့ပြစည်းကမ်းနှင့်အညီ မင်္ဂလာရှိစွာ ကြိုဆိုနိုင်ရန် ယခုလို အချိန်တိုးမြှင့် ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။
ထို့ပြင် အင်းလျားကန်ပေါင် နှစ်ခုစလုံးကို မြို့တော်နေပြည်သူများ နံနက်အချိန်များတွင် ကိုယ်လက်လှုပ်ရှားမှု ကျန်းမာရေး လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန်နှင့် အနားယူ အပန်းဖြေ လမ်းလျှောက်ရင်း မျက်စိပသာဒ ဖြစ်စေရန် ကန်ပေါင် ပတ်ဝန်းကျင်တွင် စိမ်းလန်း စိုပြည်ရေး အတွက် မြက်ခင်းပန်းခွက်များ၊ ရောင်စုံပန်းအလှများ၊ သန့်ရှင်းလှပသော ထိုင်ခုံများ၊ လျှပ်စစ်မီးတိုင် အလှများ၊ အမှိုက်ပုံးများ စသည်တို့ကို မြို့တော်နေ ပြည်သူများ၏ အခွန်ဘဏ္ဍာများဖြင့် ဆောင်ရွက် ပေးထားသည့် အတွက် မြို့တော်နေ ပြည်သူများကိုယ်စား မြို့တော်စည်ပင်က စည်းကမ်းသတ်မှတ်ချက်နှင့် အညီ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်း ဖြစ်သည်။
နှစ်သစ်မတိုင်မီ ကန်ပေါင်နှစ်ခုလုံးကို နေ့စဉ် နံနက် ၄ နာရီမှ ည ၉ နာရီအထိ ခွင့်ပြုထားပြီး သတ်မှတ်ချိန် ကျော်လွန်ချိန် များတွင် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် အတွက် ယခုလို သတ်မှတ်ပေးခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အင်းလျား ကန်ပေါင်သည် ရန်ကုန်မြို့တော်၏ သန့်ရှင်းစိမ်းလမ်း ကြည်လင်တောက်ပသော ပြယုဂ်တစ်ခု ဖြစ်သကဲ့သို့ မြို့တော်နေ ပြည်သူများ အနေဖြင့်လည်း အလေးထား ဂုဏ်ယူစရာ ကောင်းသော နေရာဖြစ်ခြင်း ကြောင့် မြို့ပြ စည်ပင်သာယာ ဥပဒေအပြင် အများပိုင် ဥပဒေနှင့်အညီ ကာကွယ် ထိန်းသိမ်းလျက် ရှိကြောင်း ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာနမှ တာဝန်ရှိသူ ရှင်းလင်းမှု အရ သိရသည်။
(စောသိန်းဝင်း)

No comments:

Post a Comment