Tuesday, November 26, 2013

မြင်းခြံ-ရန်ကုန် တိုက်ရိုက် လူစီးရထားပြေးဆွဲရန် မိတ္ထီလာဘူတာတွင် အမှတ်(၃)လမ်း ဖောက် လုပ်မည်

မြင်းခြံ-ရန်ကုန် တိုက်ရိုက် လူစီးရထား ပြေးဆွဲသွားနိုင်ရန် မိတ္ထီလာ ဘူတာတွင် အမှတ်(၃)လမ်း ဖောက်လုပ် သွားမည် ဖြစ်ကြောင်း ဦးမြင့်ဝေ (အထွေထွေ မန်နေဂျာ မြန်မာ့မီးရထား လုပ်ငန်း)၏ ပြောကြားချက်အရ သိရသည်။


 နိုဝင်ဘာ ဒုတိယအပတ် အတွင်းက Delivery Unit အဖွဲ့နှင့် တွေ့ဆုံရာ၌ မိတ္ထီလာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့ဝင် ဦးကျော်အေးက မိတ္ထီလာဘူတာရှိ အသုံးမပြုဘဲ ထားရှိသည့် တွဲစစ်ကျင်းကို အသုံးပြုရန် အစီအစဉ်ရှိ မရှိ မေးမြန်းမှုကို တွဲစစ်ကျင်းကို အမှတ်(၃) လမ်းအဖြစ် လာမည့်နှစ်တွင် ဆက်လက်ဖောက်လုပ် သွားမည်ဖြစ်ကြောင်း၊ မြင်းခြံ-ရန်ကုန် တိုက်ရိုက်လူစီးရထား ပြေးဆွဲသွားမည် ဖြစ်သည့်အတွက် လိုအပ်ချက်အရ အမှတ်(၃)လမ်း ဆက်လက် ဖောက်လုပ်ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ရွှေညောင်-သာစည်-ရန်ကုန် ရထားခရီးစဉ်များ ကို ပြန်လည် ပြေးဆွဲနေပြီ ဖြစ်သကဲ့သို့ မြင်းခြံ-ရန်ကုန် ခရီးစဉ်ကိုလည်း ရထားပြောင်းစရာ မလိုဘဲ တိုက်ရိုက် စီးနင်းနိုင် အောင် ပြေးဆွဲသွားမည် ဖြစ်ကြောင်း အထွေထွေ မန်နေဂျာ ဦးမြင့်ဝေက ဖြေကြားသည်။
မိတ္ထီလာ ဘူတာရှိ တွဲစစ်ကျင်းကို မိတ္ထီလာ-ရန်ကုန် ရထားပြေးဆွဲရန် စီစဉ်ခဲ့စဉ်က ရထားတွဲများ စစ်ရန် တည်ဆောက် ထားခြင်းဖြစ်ပြီး ရထားပြေးဆွဲမည့် အစီအစဉ် အကြောင်း ကြောင်းကြောင့် အကောင်အထည် မပေါ်လာသဖြင့် အဆိုပါ တွဲစစ်ကျင်းကို အသုံးမပြုဘဲ ဆက်လက် ထားရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment