Saturday, November 23, 2013

လွတ်လပ်၍ တရားမျှတမှုရှိပြီး ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများက ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လို



ရန်ကုန် နိုဝင်ဘာ ၂၂
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဝါးတန်းလမ်းရှိ ပန်ဒါဟိုတယ်၌ ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဟာဗျူဟာရေးဆွဲရေးကော်မတီနှင့် နိုင်ငံရေးပါတီများ ဆွေးနွေးညှိနှိုင်းပွဲသို့ တက်ရောက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး အမှာစကား ပြောကြားသည်။



ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်ဦးစီးပြီး ကော်မရှင်မှ အကြီးတန်း ဝန်ထမ်းများပါဝင်သည့် မဟာဗျူဟာ အစီအစဉ်ရေးဆွဲရေးကော်မတီသည် နံနက် ၈ နာရီမှစတင်လျက် နိုင်ငံရေးပါတီ ၅၀ မှ ကိုယ်စားလှယ်များနှင့် မဟာဗျူဟာ အစီအစဉ်တွင်ပါဝင်သည့် မဟာဗျူဟာ ရည်မှန်းချက် (၁၂) ခုနှင့် စပ်လျဥ်း၍ ဆွေးနွေးညှိနှိုင်းကြသည်။
ရှင်းလင်းဖြေကြား
ထိုနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးသည် ဆွေးနွေးညှိနှိုင်းပွဲသို့ တက်ရောက် သည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၏ မေးမြန်းဆွေးနွေးချက်များကို ရှင်းလင်းဖြေကြားသည်။
ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ၂၀၁၅ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲကို ဥပဒေနှင့် ညီသော လွတ်လပ်၍ တရားမျှတမှုရှိပြီး ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ဥပဒေနှင့် ညီသောလွပ်လပ်၍ တရားမျှတမှုရှိပြီး  ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများက ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုကြောင်း၊ သို့မှသာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် စနစ်ကျသည့် ရွေးကောက်ပွဲ ဖြစ်မည်ဖြစ်ကြောင်း၊ တိကျသော မဲစာရင်းရရှိရေးအတွက် ကော်မရှင်ဝန်ထမ်းများက ကြိုးစားဆောက်ရွက်လျက်ရှိကြောင်း ၊ မိမိတို့ကော်မရှင်အနေနှင့်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ (တိုင်းရင်းသားများအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ သတ်မှတ် ထားသော လူဦးရေအပေါ်မူတည်၍ ကိုယ်စားလှယ်သတ်မှတ်ရေးနှင့် မဲပေးခွင့်ရရှိရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ) ပါတီများအနေဖြင့်လည်း  ပြောဆိုလုပ်ကိုင်ရာတွင် ဥပဒေနှင့် အညီသာ ပြောဆိုလုပ်ကိုင်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ဆွေးနွေးပွဲအပြီးတွင် ကော်မရှင်ဥက္ကဋ္ဌသည် တတ်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်သည်။

No comments:

Post a Comment