နေပြည်တော် အောက်တိုဘာ ၁၅
ပြန်ကြားရေးဝန်ကြီးဌာန
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Digital စနစ်ဖြင့် စတင်ပြောင်းလဲ ထုတ်လွှင့်ခြင်းနှင့်
ရုပ်သံလိုင်းများ တိုးချဲ့ထုတ်လွှင့်ခြင်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲတွင်
တပ်ကုန်းမြို့နယ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် ချီးမြှင့်ပြီး စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားသို့
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် ဦးခင်မောင်စိုး၊ ပြည်သူ့လွှတ်တော် အားကစား၊
ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်၊
ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့်
ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဒုတိယဝန်ကြီး ဦးပိုက်ထွေးက
Digital စနစ်ဖြင့် စတင်ပြောင်းလဲ ထုတ်လွှင့်ခြင်းနှင့် ရုပ်သံလိုင်းများ တိုးချဲ့ ထုတ်လွှင့်ခြင်းနှင့်
စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ထို့နောက်
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Digital စနစ်ဖြင့်
စတင် ပြောင်းလဲ ထုတ်လွှင့်မှုနှင့် တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်းတို့ကို စက်ခလုတ်နှိပ်၍
ဖွင့်လှစ်ပေးသည်။
ဆက်လက်၍
ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှု ကော်မတီဥက္ကဋ္ဌ
သူရဦးအေးမြင့်က လွှတ်တော် ရုပ်သံလိုင်းကို လည်းကောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က တောင်သူ လယ်သမားကဏ္ဍ ရုပ်သံလိုင်း
(Farmer Channel) ကို လည်းကောင်း စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြပြီး မြန်မာ့အသံနှင့်
ရုပ်မြင်သံကြားမှ အနုပညာရှင်များက တိုင်းရင်းသား အဆိုအကများနှင့် ဂုဏ်ပြု တေးသီချင်းများဖြင့်
ဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက်
ဒုတိယသမ္မတက ဖျော်ဖြေ တင်ဆက်ကြသည့် အနုပညာရှင်များအား ဂုဏ်ပြု ပန်းခြင်းပေးအပ်ပြီး တက်ရောက်
လာကြသူများနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။
ယင်းနောက်
ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Studio Complex အတွင်း
လှည့်လည် ကြည့်ရှု ကြသည်။
မြန်မာ့အသံနှင့်
ရုပ်မြင်သံကြား၏ ရေဒီယို ထုတ်လွှင့်မှုကို ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ (၁၅) ရက် တွင် စတင်
ထုတ်လွှင့်ခဲ့ပြီး ရုပ်မြင်သံကြား ထုတ်လွှင့်မှုကို ၁၉၈၀ ခုနှစ်မှ စတင်၍ Analogue စနစ်ဖြင့်
ထုတ်လွှင့်ခဲ့သည်။
ယနေ့ခေတ်
အချိန်အခါတွင် ခေတ်မီ တိုးတက်လာသည့် Digital နည်းပညာများနှင့်အညီ ကမ္ဘာ့နိုင်ငံ အနှံ့အပြား၌
ရုပ်သံ ထုတ်လွှင့်မှု လုပ်ငန်းများကို Digital စနစ်ဖြင့် ပြောင်းလဲ ထုတ်လွှင့်လျက် ရှိသည်။
နိုင်ငံတကာတွင် Digital ရုပ်သံ ထုတ်လွှင့်ရာ၌ ATSC, DVB-T, ISDB-T, DTMB စသည့် စနစ်များဖြင့်
ထုတ်လွှင့်လျက် ရှိပြီး အမေရိကတွင် ATSC စနစ်၊ ဥရောပတွင် DVB-T စနစ်၊ ဂျပန်နိုင်ငံတွင်
ISDB-T စနစ်နှင့် တရုတ်နိုင်ငံတွင် DTMB စနစ်ကို အသုံးပြု ထုတ်လွှင့်လျက် ရှိသည်။
International Telecommunication Union (ITU) က နိုင်ငံတကာ ရုပ်သံထုတ်လွှင့်မှု လုပ်ငန်းများကို
၂၀၁၅ ခုနှစ် နောက်ဆုံးထား၍ Digital စနစ်ဖြင့် ပြောင်းလဲ ထုတ်လွှင့်ရန် သတ်မှတ်ထားသည်။
သို့သော်
အာဆီယံ နိုင်ငံတချို့အနေဖြင့် မိမိတို့ နိုင်ငံအသီးသီး၏ အခြေအနေ အရပ်ရပ်ကြောင့် ၂၀၁၅
ခုနှစ်တွင် Digital စနစ်ကို ပြောင်းလဲခြင်း မပြုနိုင်သေးဘဲ ၂၀၂၀ ခုနှစ်တွင်သာ နောက်ဆုံးထား
ပြောင်းလဲသွားရန် သတ်မှတ်ထားကြပြီး ထိုသို့ ပြောင်းလဲချိန်တွင် လက်ရှိ အသုံးပြုသည့်
Analogue စနစ်ကို အပြီးအပိုင် Switch Off လုပ်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း
Digital စနစ်ပြောင်းလဲမှုကို ဆောင်ရွက်ပြီး Analogue Switch Off ကို ၂၀၂၀ ခုနှစ်တွင်
အပြီး ဆောင်ရွက်ရန် စီမံဆောင်ရွက်နေပြီ ဖြစ်သည်။
အာဆီယံနိုင်ငံများ၏
Digitalization မှာ ဥရောပစနစ်ဖြစ်သည့် DVB-T ကို Standard အဖြစ် ရွေးချယ်ထားပြီး မြန်မာ့အသံနှင့်
ရုပ်မြင်သံကြား အနေဖြင့် Digital စနစ်ကို ပြောင်းလဲရန် စတင် ကြိုးပမ်းသည့် အချိန်တွင်
DVB-T2 ပေါ်ပေါက်လာသည့် အတွက် DVBT အစား ပိုမို ကောင်းမွန်သည့် DVB-T2 ကို ရွေးချယ်ခဲ့သည်။
ယခုအခါ
မြန်မာ့ရုပ်မြင်သံကြား ထုတ်လွှင့်မှုကို Digital ထုတ်လွှင့်မှုစနစ် DVB-T2 ဖြင့် ယနေ့မှစ၍
စတင် ထုတ်လွှင့်လိုက်ပြီ ဖြစ်ပြီး ရုပ်သံလိုင်းအသစ် (၃) ခု၏ အစီအစဉ်များ ကိုလည်း စတင်ပုံမှန်
ထုတ်လွှင့်လိုက်ပြီ ဖြစ်သည်။
ထိုသို့
ထုတ်လွှင့်ရာတွင် ပထမအဆင့် အနေဖြင့် ရန်ကုန်၊ မန္တလေး(စစ်ကိုင်း)၊ နေပြည်တော် (ပျဉ်းမနား)
နှင့် နေပြည်တော် (တပ်ကုန်း) တွင်ရှိသည့် စက်ရုံ (၄) ရုံမှ စတင် ထုတ်လွှင့်မည်ဖြစ်ပြီး
ဒုတိယအဆင့် အနေဖြင့် မြစ်ကြီးနား၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ စစ်တွေ၊ မင်းဘူး၊
ကလေး(ကနေဒီ)၊ ဖလမ်း၊ ပုပ္ပါး၊ မိတ္ထီလာ၊ တောင်ငူ၊ ညောင်လေးပင်၊ ပဲခူး၊ ပြည်၊ လွိုင်ကော်၊
မော်လမြိုင်၊ ဘားအံ၊ ကျောင်းကုန်း၊ ပုသိမ်၊ ဟင်္သတနှင့် ထားဝယ် စသည့် မြို့များတွင် ရှိသည့်
စက်ရုံ (၂၁) ရုံတွင် ယခုနှစ် ဒီဇင်ဘာလမှ ၂၀၁၄ ခုနှစ်အတွင်း Digital လွှင့်စက်များ ဆက်လက်
တပ်ဆင် ထုတ်လွှင့် သွားမည် ဖြစ်သည်။
၎င်းအပြင်
Digital စနစ်ထုတ်လွှင့်မှုကို ဘဏ္ဍာရေးနှစ် အလိုက် လျာထားချက်အတိုင်း နှစ်စဉ် တိုးချဲ့
ထုတ်လွှင့်သွားမည် ဖြစ်သည်။ ယခု ထုတ်လွှင့်လျက် ရှိသော Analogue စနစ် ကိုလည်း ပြောင်းလဲ
ထုတ်လွှင့်သည့် Digital စနစ်နှင့်အတူ (၃) နှစ်အထိ ဆက်လက် ထုတ်လွှင့် ပေးသွားမည် ဖြစ်သည်။
Digital
စနစ်နှင့် ထုတ်လွှင့်ရာတွင် MRTV၊ MITV၊ Hluttaw Channel၊ National Races Channel
(NRC)၊ Farmer Channel ဟူသည့် Channel (၅) ခုကို အခမဲ့ထုတ်လွှင့်မှု (Free to air) အဖြစ်
ထုတ်လွှင့်ပေးခြင်း ဖြစ်ကြောင်း သိရှိ ရသည်။

No comments:
Post a Comment