Tuesday, May 21, 2013

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဒုတိယ အကြိမ်မြောက် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ရေထိပ်သီး အစည်ဝေး တွင် မိန့်ခွန်း ပြောကြား



ဒုတိယ သမ္မတက မိန့်ခွန်း ပြောကြားရာတွင် ယခုနှစ် ရေထိပ်သီး အစည်းအဝေး ၏ ခေါင်းစဉ်ဖြစ်သော “ရေလုံခြုံ စိတ်ချရ မှုနှင့် ရေနှင့် ပတ်သက်သော သဘာဝဘေး အန္တရာယ်များ၏ စိန်ခေါ်မှုကို ရင်ဆိုင် ဖြေရှင်း နိုင်ရန် အတွက် ခေါင်းဆောင်မှုနှင့် ကတိကဝတ်ပြုမှု”မှာ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များက ရေလုံခြုံ စိတ်ချ ရမှု နှင့် ရေနှင့် ပတ်သက် သော သဘာဝ ဘေး အန္တရာယ် များကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် အတွက် ခိုင်မာ သော ကတိကဝတ များကို ပြုလုပ်ကြရန် ဖော်ညွှန်း နေပါကြောင်း။

ကမ္ဘာ့ လူဦးရေ လျင်မြန်စွာ တိုးပွားလာမှုနှင့်  ရာသီဥတု ပြောင်းလဲမှု တို့ကြောင့် ယနေ့ကမ္ဘာကြီး ရင်ဆိုင် နေရသည့် သယံဇာတ ရှားပါးမှုများ အနက် ရေသယံဇာတ ရှားပါးမှုသည် အကြီးမား ဆုံးသော စိန်ခေါ်မှု ဖြစ်ပါကြောင်း။ ရေသယံဇာတ ရှားပါးမှု တစ်ခုတည်းကြောင့် ၂၀ ရာစုနှစ် အတွင်း အချို့နိုင်ငံများ အကြား အငြင်းပွားမှုများ ဖြစ်ပေါ် ခဲ့ပါကြောင်း၊ ယင်းအငြင်းပွားမှု များသည် ရေသယံဇာတ ပိုင်ဆိုင်မှုများနှင့် ဆက်စပ် ခဲ့ပြီး ရေသယံဇာတ မှာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးမှုအတွက် အရေးကြီးလှပါကြောင်း။
မိမိတို့ အာရှ - ပစိဖိတ်ဒေသ အတွက် ရေနှင့်ပတ်သက်သော ကိစ္စတစ်ရပ်မှာ သဘာဝဘေး အန္တရာယ်များ ကြောင့်  ရေလုံခြုံ စိတ်ချရမှု မရှိသော ကိစ္စရပ်ပင် ဖြစ်ပါကြောင်း အာရှပစိဖိတ်ဒေသ သည် သဘာဝဘေး အန္တရာယ် များကို ပုံစံမျိုးစုံဖြင့် တွေ့ကြုံ ခဲ့ရသည့်အတွက် ခါးသီးသော အတွေ့အကြုံများ ရှိသော ဒေသ ဖြစ်နေ ပါကြောင်း။
မိမိတို့ မြန်မာနိုင်ငံသည် ပင်လျှင် ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း ဂီရိ၊ မာလာ ဆိုင်ကလုန်း မုန်တိုင်းများနှင့် ရေလွှမ်း မိုးမှုစသည့် သဘာဝဘေး အန္တရာယ်များ တွေ့ကြုံခဲ့ပါကြောင်း၊ အထက်ဖော်ပြပါ သဘာဝဘေး အန္တရာယ်များကို ဖြေရှင်းရာ၌ မြန်မာ နိုင်ငံအစိုးရသည် သဘာဝဘေး အန္တရာယ်များ ကြောင့် သေကျေ ပျက်စီး ဆုံးရှုံးမှုများ နည်းနိုင်သမျှ နည်းပါးအောင် လိုအပ်သည့် ကြိုတင် ပြင်ဆင်မှု ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ ပါကြောင်း။
လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်းက ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်ခဲ့သည့် မဟာစင် ဆိုင်ကလုန်း မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ၏ အနောက်ဘက် ကမ်းခြေဒေသကို ဝင်ရောက်ရန် ဖြစ်ပေါ်ခဲ့ပါ ကြောင်း။
အဆိုပါ မဟာစင်မုန်တိုင်းကို ကုလသမဂ္ဂ မဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ အပါအဝင် အဆင့်ဆင့်သော အစိုးရ အဖွဲ့အစည်းများက ယခင် အတွေ့အကြုံများ အပေါ်အခြေခံ၍ ကြိုတင်ပြင်ဆင်မှုများ  ပြုလုပ်ခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုများကို နည်းပါးအောင် စီမံဆောင်ရွက်ခဲ့ ပါကြောင်း၊ သို့ရာတွင် ဆိုင်ကလုန်း မုန်တိုင်းသည် လမ်းကြောင်း ပြောင်းသွားပြီး မြန်မာနိုင်ငံ အတွင်း ဖြတ်သန်း ဝင်ရောက်မှု မရှိခဲ့သဖြင့် အပျက်အ စီး၊ အသေအပျောက် မရှိခဲ့ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ဒုတိယ သမ္မတက ပြောကြားရာတွင် မြန်မာနိုင်ငံတွင် မြစ်ကြီးလေးသွယ်နှင့် မြစ်ငယ် ချောင်းငယ် များစွာ ရှိပါကြောင်း၊ နှစ်စဥ်မိုးရေချိန်လက်မ ၁၀၀ ကျော်ရွာသွန်းပြီး  နှစ်စဉ်ရေချို ကုဗမီတာသန်းပေါင်း ၈၈၀ ရရှိသော နိုင်ငံ ဖြစ်ပါကြောင်း၊ ယင်းမှာအာဆီယံအတွင်း၌  အင်ဒိုနီးရှားနိုင်ငံပြီးလျှင် ဒုတိယအများဆုံး ရေချို ရရှိသော  နိုင်ငံဖြစ်ပါ ကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပူပြင်း ခြောက်သွေ့သော ဒေသများ၌ နေထိုင်သော ပြည်သူများမှာ သောက်သုံးရေ ရရှိရေးအတွက် ၎င်းတို့၏အချိန်များစွာကို အသုံးပြုနေရ သောကြောင့်  အခြားဝင်ငွေရရာ လုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဖြစ်နေရပါကြောင်း။
အဆိုပါ အပူပိုင်းဒေသများ၌ မြန်မာနိုင်ငံ အစိုးရသည် ဆက်နွှယ်ရာ အဖွဲ့အစည်းများ၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အလှူရှင်များနှင့် ညှိနှိုင်းပြီးတတ်နိုင်သမျှ ရေချိုလုံလောက်စွာ ရရှိစေရန် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သို့သော်လည်း ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် ရေတိုအတွက်သာ ဆောင်ရွက်ခြင်း ဖြစ်ပြီး ရေရှည် ဖြေရှင်းမှုများအတွက် ဘက်ပေါင်းစုံကြိုးပမ်းမှုများ ဖွဲ့စည်း ဆောင်ရွက်သွားရန် လိုအပ် နေပါသေးကြောင်း။
အထက်ပါ ဆောင်ရွက်ချက်များကြောင့် မြန်မာနိုင်ငံတွင် လုံခြုံစိတ်ချရသော သောက်သုံးရေရရှိသည့် လူဦးရေအချိုးအစားမှာ မကြာမီ ၇၂ ရာခိုင်နှုန်းအထိ ရောက်ရှိတော့ မည်ဖြစ်ပါကြောင်း၊ သို့သော်လည်း ရေအရည် အသွေးနှင့် ရေဖြန့်ဖြူး ပေးရာတွင် လိုအပ်သည့် ပစ္စည်းပစ္စယများကို ဖြည့်ဆည်းပေးရန် လိုအပ် နေပါသေးကြောင်း။
မြန်မာနိုင်ငံသည် ယနေ့ခေတ်အခါ၌ ပိုမိုသိသာလာသော ရေရှားပါးခြင်းကိစ္စရပ်ကို ဖြေရှင်းရန်အတွက် ဘက်ပေါင်းစုံမှ ကြိုးစား ဆောင်ရွက် လျက်ပါကြောင်း။မြန်မာနိုင်ငံ အစိုးရသည် ကုလသမဂ္ဂအဖွဲ့အစည်းများ JICA ကဲ့သို့အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရာသီဥတု ပြောင်းလဲရေး ဆောင်ရွက်နေ ပါကြောင်း၊ အဆိုပါ ဆောင်ရွက်မှုများကိုလည်း  ဖော်ပြပါ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် သန္နိဋ္ဌာန် ချထားပါကြောင်း။
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေနှင့်ပတ်သက်သော ပြဿနာများကို ကျော်လွှားနိုင်ရန် ဆောင်ရွက်သင့်ပါကြောင်း၊ ရေလုံခြုံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဆောင်ရွက်ရင်း လူမှုရေးညီမျှမှု၊  စီးပွားရေးဖွံ့ဖြိုးမှု၊ နိုင်ငံရေး တည်ငြိမ်မှုတို့ကို ဟန်ချက်ညီမျှအောင် ဆောင်ရွက်သင့်ပါကြောင်း။ဖွံ့ဖြိုးပြီး နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုနိမ့်ကျသောနိုင်ငံများသို့ နည်းပညာနှင့် ငွေကြေးထောက်ပံ့ခြင်း၊ ခေတ်မီ နည်းပညာလွှဲပြောင်းပေးခြင်းစသည့် အကူအညီများပေးသွားရန် မျှော်လင့်ပါကြောင်း၊ သို့မှသာ ယင်းနိုင်ငံများ အနေဖြင့်  ရေနှင့် ဆက်နွှယ်သည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ကြံ့ကြံ့ခိုင်နိုင်စွမ်းအတွက် အခွင့်အလမ်းကောင်းများကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။
ယခု ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ရေထိပ်သီးအစည်းအဝေးမှ ရေလုံခြုံမှုကိစ္စရပ်ကို ဖြေရှင်းနိုင်ရန် ဖြစ်ပေါ်လာသော အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်နှင့် အနာဂတ်ကာလတွင် ရေအရင်း အမြစ်များ ကောင်းမွန်လာရေးအတွက် အခွင့်လမ်းများ ပိုမိုတည်ဆောက်သွားရန် စသည့်ထိရောက် သည့်လုပ်ငန်း အတိုင်းအတာများကို ရလဒ်အနေဖြင့် ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

No comments:

Post a Comment