ကိုဘုန်း
MSME လုပ်ငန်းများ၏
လက်ရှိအခြေအနေ
မြန်မာ့ MSME လုပ်ငန်း ၄၀၀၀၀ ကျော်အနက် ထက်ဝက်ကျော်မှာ အစားအသောက်နှင့် လူသုံးကုန်ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်ကြသည်။ ဤလုပ်ငန်းများသည် နိုင်ငံ့လုပ်သားထုအတွက် အလုပ်အကိုင်အခွင့်အလမ်း ၇၀ ရာခိုင်နှုန်းကျော်ကို ဖန်တီးပေးထားသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းရာတွင် MSME ကဏ္ဍသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေခြင်းဖြစ်သည်။ အထူးသဖြင့် ကျေးလက်ဒေသများနှင့် မြို့ငယ်များတွင် MSME လုပ်ငန်းများသည် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် အဓိကမှီခိုရာဖြစ်နေသည်။
သို့သော် ဤလုပ်ငန်းအများစုသည်
အသေးစားအဆင့်တွင်သာရှိနေပြီး တရားဝင်မှတ်ပုံတင်မှုမရှိခြင်းကြောင့် အစိုးရနှင့် အဖွဲ့အစည်းများ၏အထောက်အပံ့များ၊
ချေးငွေများနှင့် သင်တန်းများရယူရန် အခွင့်အလမ်းများဆုံးရှုံးနေရသည်။ ဤအခြေအနေသည်
MSME များ၏တိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်နေသည်။
ရင်ဆိုင်နေရသောစိန်ခေါ်မှုများ
မြန်မာ MSME များ၏
အားနည်းချက်များနှင့် ၎င်းတို့ရင်ဆိုင်ကြရသည့် အခက်အခဲများကိုလေ့လာကြည့်လျှင် အောက်ပါအချက်များကို
တွေ့ရသည်။
ငွေကြေးဆိုင်ရာအခက်အခဲများ
- လုပ်ငန်းတိုးချဲ့ရန် ငွေကြေးမလုံလောက်ခြင်းသည် အဓိကပြဿနာဖြစ်သည်။ ဘဏ်များက ချေးငွေထုတ်ချေးရာတွင်
မြေနှင့်အဆောက်အအုံ အာမခံပစ္စည်း တောင်းခံလေ့ရှိသောကြောင့် အသေးစားလုပ်ငန်းရှင်အများစုမှာ
ချေးငွေရယူနိုင်ခြင်းမရှိကြပေ။
နည်းပညာနှင့် စက်ပစ္စည်းဆိုင်ရာ
အားနည်းချက်များ - နည်းပညာနှင့် စက်ပစ္စည်းများ ခေတ်နောက်ကျခြင်းကြောင့် ထုတ်လုပ်မှုအပိုင်းတွင်
အရည်အသွေးမမှန်ခြင်းနှင့် ကုန်ကျစရိတ်ပိုမိုမြင့်မားခြင်းတို့ကို ကြုံတွေ့နေရသည်။ ခေတ်မီစက်ပစ္စည်းများ
တပ်ဆင်နိုင်ခြင်းမရှိသောကြောင့် ထုတ်ကုန်အရည်အသွေးသည် ပြည်ပထုတ်ကုန်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိဖြစ်နေသည်။
ဈေးကွက်ရှာဖွေရေးနှင့်
ထုပ်ပိုးမှုဆိုင်ရာ အားနည်းချက်များ - မိမိတို့ထုတ်ကုန်အတွက် ဈေးကွက်ရှာဖွေရေးကို စနစ်တကျမလုပ်နိုင်ခြင်း၊
ထုပ်ပိုးမှုစနစ်ညံ့ဖျင်းခြင်းနှင့် အမှတ်တံဆိပ်မြှင့်တင်နိုင်စွမ်း အားနည်းခြင်းတို့ကြောင့်
ပြည်ပသွင်းကုန်များနှင့် ယှဉ်ပြိုင်ရန်ခက်ခဲနေသည်။ ထုပ်ပိုးမှုသည် ထုတ်ကုန်တစ်ခု၏ ပထမဆုံးသော
စျေးကွက်ရှာဖွေရေး လုပ်ဆောင်ချက်ဖြစ်သောကြောင့် ဤအချက်သည် အလွန်အရေးကြီးသည်။
စီမံခန့်ခွဲမှုနှင့်
ဘဏ္ဍာရေးဆိုင်ရာ အားနည်းချက်များ - လုပ်ငန်းရှင်အများစုသည် ခေတ်မီစီမံခန့်ခွဲမှုနှင့်
ဘဏ္ဍာရေးစာရင်းအင်းကိုင်တွယ်မှု အားနည်းခြင်းသည် လုပ်ငန်း၏ရေရှည်တည်တံ့မှုကို ထိခိုက်စေသည်။
စနစ်တကျ စာရင်းအင်းမထားရှိခြင်းကြောင့် ချေးငွေရယူရာတွင်လည်း အခက်အခဲဖြစ်စေသည်။
အခြေခံအဆောက်အအုံဆိုင်ရာ
ပြဿနာများ - ကျွမ်းကျင်လုပ်သားရှားပါးခြင်း၊ လျှပ်စစ်ဓာတ်အား ပုံမှန်မရရှိခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်မြင့်မားခြင်းတို့သည်
ထုတ်လုပ်မှုကုန်ကျစရိတ်ကို မြင့်တက်စေပြီး ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေသည်။
အစိုးရ၏ပံ့ပိုးကူညီမှု
အစီအစဉ်များ
မြန်မာ့ MSME လုပ်ငန်းများ၏
ဘဏ္ဍာရေးအားနည်းချက်ကို ဖြေရှင်းနိုင်ရန် အစိုးရက မတည်ထုတ်ချေးပေးသော ရန်ပုံငွေများဖြင့်
အစိုးရနှင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် သက်သာသောအတိုးနှုန်းများဖြင့် ထုတ်ချေးပေးသည့်
အစီအစဉ်များရှိနေသည်။ MSME အများစုတွင် ဘဏ်ကတောင်းသော မြေနှင့်အဆောက်အအုံ အာမခံမပေးနိုင်သည့်
ပြဿနာကိုဖြေရှင်းရန် အာမခံလုပ်ငန်းနှင့်ချိတ်ဆက်ပြီး အာမခံပစ္စည်းမဲ့ ချေးငွေအစီအစဉ်များ
ထားရှိပေးထားသည်။ ထို့အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် MSME များအတွက်
သီးသန့်အတိုးနှုန်းသက်သာသော ရေရှည်/ ရေတို ချေးငွေအစီအစဉ်များလည်းရှိသည်။
တစ်ဖက်တွင်လည်း
MSME များ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် အစိုးရဌာနများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့က သင်တန်းများဖွင့်လှစ်ပေးနေသည်ကို
တွေ့ရသည်။ ဤသင်တန်းများသည် လုပ်ငန်းရှင်များအတွက် စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးစာရင်းအင်း၊
ဈေးကွက်ရှာဖွေရေးနှင့် နည်းပညာဆိုင်ရာ ဗဟုသုတများရရှိစေရန် ရည်ရွယ်ထားသည်။
ထို့အပြင်
MSME ပြပွဲများနှင့် ဈေးရောင်းပွဲတော်များကို နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်အဆင့်တို့တွင် ကျင်းပပေးလျက်ရှိရာ အရောင်းပြခန်းများ ဖွင့်လှစ်နိုင်ခြင်းအားဖြင့်
ပြည်တွင်း ပြည်ပမှ အဝယ်တော် (Buyers) များနှင့် တိုက်ရိုက်ချိတ်ဆက်ခွင့်ရရှိစေသည်။
ဤကဲ့သို့သောပြပွဲများသည် ထုတ်ကုန်များကို ဈေးကွက်နှင့် မိတ်ဆက်ပေးရာတွင် အလွန်ထိရောက်သော
နည်းလမ်းတစ်ခုဖြစ်သည်။
ပြည်ပဈေးကွက်တွင်
ယှဉ်ပြိုင်နိုင်စွမ်းရှိလာစေရန် ဆောင်ရွက်ရမည့်အချက်များ
မြန်မာ MSME လုပ်ငန်းများ
ပြည်ပဈေးကွက်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်အတွက် ပြုပြင်ပြောင်းလဲမြှင့်တင်ရန်လိုအပ်သည်။ အောက်ပါအချက်များသည် အဓိကကျသော လမ်းစဉ်များဖြစ်သည်။
နိုင်ငံတကာစံချိန်စံညွှန်းများရယူခြင်း
- အထူးသဖြင့် နိုင်ငံတကာစံချိန်စံညွှန်းနှင့် အရည်အသွေး အသိအမှတ်ပြုလက်မှတ်များ ရယူထားကြရမည်ဖြစ်သည်။
အစားအသောက်နှင့် ဆေးဝါးလုပ်ငန်းများသည် HACCP, ISO, GMP နှင့် Halal လက်မှတ်များ၊ စိုက်ပျိုးရေးထွက်ကုန်များအတွက်
GAP (Good Agricultural Practices) လက်မှတ်များ လိုအပ်သည်။ ဤလက်မှတ်များသည် ပြည်ပဈေးကွက်သို့
ဝင်ရောက်ရာတွင် မဖြစ်မနေလိုအပ်သော အရည်အချင်းသတ်မှတ်ချက်များဖြစ်သည်။
ခေတ်မီထုပ်ပိုးမှုစနစ်အသုံးပြုခြင်း
- မိမိတို့ထုတ်ကုန်ပစ္စည်း၏ ပြင်ပအသွင်အပြင် ဆွဲဆောင်မှုရှိစေရေးအတွက် ခေတ်မီထုပ်ပိုးမှုသည်
မဖြစ်မနေဆောင်ရွက်ရမည့်အချက်ဖြစ်သည်။ ထုပ်ပိုးမှုကောင်းမွန်ခြင်းသည် ထုတ်ကုန်၏တန်ဖိုးကိုမြှင့်တင်ပေးပြီး
ပြည်ပအဝယ်များ၏ ယုံကြည်မှုကိုရရှိစေသည်။
ဒီဂျစ်တယ်စီးပွားရေးနှင့်
ချိတ်ဆက်ခြင်း - နိုင်ငံတကာတွင် ဒီဂျစ်တယ်စီးပွားရေးသည် အလျင်အမြန် တိုးတက်နေသည့်အလျောက်
အွန်လိုင်းဈေးကွက်များနှင့် ချိတ်ဆက်ခြင်း၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များကို နားလည်အသုံးပြုခြင်းတို့သည်လည်း
ခေတ်နှင့်အညီ ဆောင်ရွက်ရန်လိုအပ်သည်။ အွန်လိုင်းဈေးကွက်များသည် ပထဝီအနေအထားဆိုင်ရာ
ကန့်သတ်ချက်များကို ကျော်လွှားနိုင်ပြီး ပြည်ပအဝယ်တော်များနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်စေသည်။
ကုန်ထုတ်လုပ်မှုစရိတ်လျှော့ချခြင်း
- ပြည်ပဈေးကွက်တွင် ဈေးနှုန်းအရ ပြိုင်ဆိုင်နိုင်စွမ်းရှိစေရေးအတွက်လည်း ကုန်ထုတ်လုပ်မှုစရိတ်ကို
အတတ်နိုင်ဆုံးလျှော့ချရမည်ဖြစ်ရာ နည်းပညာနှင့် စက်မှုပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်း၊
ကုန်ကြမ်းရရှိမှုမှသည် ကုန်ချောသယ်ယူပို့ဆောင်ရေးအထိ ကုန်ကျစရိတ်သက်သာစေရန် စီမံခန့်ခွဲခြင်းတို့ကို
ဆောင်ရွက်ကြရမည်ဖြစ်သည်။
စိုက်ပျိုးရေးအခြေခံထုတ်ကုန်များ၏
အလားအလာ
မိမိတို့နိုင်ငံသည်
စိုက်ပျိုးရေးအခြေခံ အစားအသောက်ထုတ်ကုန်များ (Agri-based Food Products)ကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်
ထုတ်လုပ်ပြီး ပြည်ပဈေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်သည့် အရင်းအမြစ်များနှင့်ပြည့်စုံသည်။
ပြည်တွင်းမှ သစ်သီးဝလံ၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ၊ လက်ဖက်၊ ကော်ဖီ စသည်တို့ကိုအခြေခံ၍
စားသောက်ကုန်အမျိုးမျိုးတို့ကို အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ထုတ်လုပ်တင်ပို့နိုင်သည်။
ဤအလားအလာကို အရှိန်အဟုန်ဖြင့်
အသုံးချနိုင်ရန် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ
ဖွံ့ဖြိုးတိုးတက်ရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားပေးဆောင်ရွက်ကာ
ထွက်ရှိလာသည့် တန်ဖိုးမြှင့်ကုန်ချောများကို ပြည်တွင်း၊ ပြည်ပ ဈေးကွက်များသို့ တင်ပို့ခြင်းဖြင့်
ဒေသအသီးသီး၌ စီးပွားဖွံ့ဖြိုးတိုးတက်လာပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာမည်ဖြစ်သည်။
မြန်မာ့ MSME လုပ်ငန်းများသည်
နိုင်ငံ့စီးပွားရေး၏ကျောရိုးဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်နေသည်။
သို့သော်ငွေကြေးဆိုင်ရာ အခက်အခဲများ၊ နည်းပညာဆိုင်ရာ အားနည်းချက်များ၊ ဈေးကွက်ရှာဖွေရေးနှင့်
ထုပ်ပိုးမှုဆိုင်ရာပြဿနာများကို ရင်ဆိုင်နေရသည်။ အစိုးရ၏ ပံ့ပိုးကူညီမှုအစီအစဉ်များနှင့်
နိုင်ငံတကာစံချိန်စံညွှန်းများရယူခြင်း၊ ခေတ်မီထုပ်ပိုးမှုအသုံးပြုခြင်း၊ ဒီဂျစ်တယ်စီးပွားရေးနှင့်
ချိတ်ဆက်ခြင်း၊ ကုန်ထုတ်လုပ်မှုစရိတ် လျှော့ချခြင်းတို့ဖြင့် ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိလာစေရန်
ဆောင်ရွက်နိုင်ပါက မြန်မာ့ MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပိုမို၍
အရှိန်အဟုန်ဖြင့် မောင်းနှင်ပေးနိုင်မည်ဖြစ်ပါသည်။ စိုက်ပျိုးရေးအခြေခံထုတ်ကုန်များကို
တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်တင်ပို့နိုင်ခြင်းဖြင့် ဒေသအသီးသီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်
ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
။
No comments:
Post a Comment