နေပြည်တော် နိုဝင်ဘာ ၅
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ရုံး၏ Chief of Mission Mr.Daihei Mochizuki နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံအစိုးရများနည်းတူ ရွှေ့ပြောင်းအလုပ်သမားကိစ္စရပ်များတွင် IOM နှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ IOM နှင့် ဝန်ကြီးဌာနအကြား အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ဆိုင်ရာမျှော်မှန်းချက်များထားရှိ၍ ဆောင်ရွက်နေမှု၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် သွားရောက်အလုပ်လုပ် ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမားများ၏ ရပိုင်ခွင့်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ မြန်မာအစိုးရအနေဖြင့် ထိုင်းနိုင်ငံတွင် တရားမဝင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Idenity-CI) ထုတ်ပေး၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနအနေဖြင့် စက်ရုံ၊ အလုပ်ရုံများ၏ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် အလုပ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား၍ ဦးစားပေးဆောင်ရွက်နေမှု၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား များကို ဘေးကင်းလုံခြုံပြီး ပုံမှန်စနစ်တကျရှိသော ရွှေ့ပြောင်းသွားလာမှုဖြစ်စေရေး၊ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး၊ နေရပ်ပြန်မြန်မာလုပ်သားများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများပေးအပ်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရေး၊ တရားမဝင်ရွှေ့ပြောင်းသွားလာမှုကို ကာကွယ်တားဆီးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ IOM မြန်မာရုံးမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment