Saturday, November 14, 2026

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့လာရောက်လေ့လာသည့် မိုးနဲမြို့နယ်မှ ဒေသခံပြည်သူများအား လက်ခံတွေ့ဆုံ


 

နေပြည်တော် နိုဝင်ဘာ ၁၃

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်း အဝေး (၂၈)ရက်မြောက်နေ့ အစည်းအဝေးသို့ လာရောက်လေ့လာသည့် မိုးနဲမြို့နယ်မှ ဒေသခံ ပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မိုးနဲမြို့နယ်မှ ပြည်သူများအနေဖြင့် လွှတ်တော်အဆောက် အအုံများနှင့် ကိုယ်စားလှယ်များ၏ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် ဆောင်ရွက်နေမှုများကို ယခုကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာမြင်တွေ့ရသည့်အတွက် အကျိုးရှိမည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ ရွေးကောက်ပွဲများကျင်းပပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့် မဏ္ဍိုင်ကြီး (၃)ရပ်ဖြင့် ဒီမိုကရေစီအစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာပြီဖြစ်ပါ ကြောင်း၊ မိမိတို့လွှတ်တော်များသည် ဥပဒေပြုမဏ္ဍိုင်တွင်ပါဝင်ပြီး နိုင်ငံအနှံ့အပြား ဒေသအသီးသီးမှ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် နေရာလည်းဖြစ်သလို ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် လွှတ်တော်များသည် အဓိကကျသည့်ပြယုဂ် တစ်ခုလည်း ဖြစ်ပါကြောင်း။

လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခုလိုအဆောက်အအုံများကို အမြော်အမြင်ကြီးစွာ ဆောက်လုပ်ပေးခဲ့သူများကိုလည်း အစဉ်ဦးထိပ်ထား ကျေးဇူးတင်ရမည်ဖြစ်ပါ ကြောင်း၊ လွှတ်တော်များ၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေပြုရေး၊ အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းရေးနှင့် ပြည်သူကိုကိုယ်စားပြုရေး တာဝန်များကို ပြည်သူများက ရွေးချယ်ပေးလိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကျေပွန်စွာထမ်းဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ဥပဒေ၏ အကာအကွယ်အောက်တွင် ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝလုံခြုံအေးချမ်းစွာ နေထိုင်ဆောင်ရွက်နိုင်ရန်အတွက် တည်ဆဲဥပဒေများကို ခေတ်နှင့်လျော်ညီစွာဖြစ်စေရေး လေ့လာသုံးသပ်လျက်ရှိသကဲ့သို့ လိုအပ်သည့် ဥပဒေအသစ်များကိုလည်း ပြဋ္ဌာန်းပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများ၏အကျိုးကို ဖော်ဆောင်ရာတွင် ထိရောက်မှုရှိစေရေးအတွက် အခြားမဏ္ဍိုင်ကြီးများနှင့် အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကာ ပြည်သူများ၏ လိုလားချက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုနှင့်မေးခွန်းများကို လွှတ်တော်တွင်း၌ အချိန်နှင့်တစ်ပြေးညီ မေးမြန်းဆောင်ရွက်လျက်ရှိသဖြင့် မိမိတို့ဒေသ၏ လိုအပ်ချက်များကို သက်ဆိုင်ရာကိုယ်စား လှယ်များမှတစ်ဆင့် တင်ပြဆောင်ရွက်နိုင်ပါကြောင်း။

ယနေ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်သူများအနေဖြင့်လည်း လွှတ်တော်သည် ပြည်သူ များကို တိုက်ရိုက်ကိုယ်စားပြုသည့်နေရာဖြစ်၍ အားကိုးအားထားပြုရမည့်နေရာဟု မှတ်ယူရမည် ဖြစ်ပါကြောင်း၊ ယခုလိုလာရောက်လေ့လာစဉ် တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံကောင်းများကိုလည်း အခြားသူများသို့ လက်ဆင့်ကမ်းမျှဝေသွားစေလိုပါကြောင်း၊ မိမိတို့အနေဖြင့် လွှတ်တော်ကိုပြည်သူများ ပိုမိုသိရှိစေရန် ဆောင်ရွက်လျက်ရှိရာ လွှတ်တော်၏ ဆောင်ရွက်ချက်များကို ပြည်သူများအနေဖြင့် ကိုယ်တိုင်မျက်မြင်ကြည့်ရှုနိုင်ရန်အတွက် လွှတ်တော် သို့ လာရောက်လေ့လာကြရန်လည်း ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ရှမ်းပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးစိုင်းထွန်းလင်း၊ ဦးကောင်းသက်စံ၊ ဦးစိုင်းကျော်လှ၊ ဒေါ်နန်းတင်ဦး၊ ဦးစိုင်းထွန်းစံ(ခ) ဦးစိုင်းဆေဟန်၊ ဒေါ်နန်းသန်းသန်းမွှေး၊ ဦးစိုင်းစိန်ဝင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment