ဖလမ်း နိုဝင်ဘာ ၂၅
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ နိုဝင်ဘာ ၂၅ ရက်နေ့က ကလေး-ဖလမ်း လမ်းပိုင်း လမ်းဘေးဝဲယာတစ်လျှောက် ခြုံနွယ်များအား စက်ယန္တရားကြီးများဖြင့် ရှင်းလင်းဖယ်ရှားနေမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ဖလမ်းခရိုင်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကလေး-ဖလမ်း လမ်းပိုင်းတစ်လျှောက် မိုင်တိုင် ၇၃-၇၄ ကြား လမ်းဘေးဝဲယာရှိ ခြုံနွယ်များအား စက်ယန္တရားကြီးများဖြင့် အလင်းဖွင့် ရှင်းလင်းဖယ်ရှားနေမှုအား ကြည့်ရှုစစ်ဆေးပြီး လမ်းအူကြောင်းပေါ်လွင်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တိုအိတ်ချိန်းရုံးသို့ ရောက်ရှိပြီး မြန်မာ့ဆက်သွယ်ရေး MPT နှင့် CDMA-MEC တယ်လီဖုန်းဆက်သွယ်ရေးစက်များဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသည့် အခြေအနေများ၊ စက်များထိန်းသိမ်းထားရှိမှုများနှင့် ရုံးအဆောက်အအုံနှင့် ၂ ခန်းတွဲ ဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံအဆောက်အအုံနှင့် ဂိုဒေါင်ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှုနှင့် စက်ပစ္စည်းများ ပျက်စီးပျောက်ဆုံးမှုအခြေအနေများ ကြည့်ရှုစစ်ဆေးပြီး ထပ်ဆင့်လွှင့်စက်ပစ္စည်းများရရှိပါက စက်ရုံပြန်လည်လည်ပတ်နိုင်ရေး စီမံဆောင်ရွက်ထားရန်မှာကြားသည်။ ထို့နောက် ထပ်ဆင့်လွှင့်စက်ရုံ ဝန်ထမ်းအိမ်ရာနှစ်လုံး ပြုပြင်ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ ဂါလံတစ်သိန်းဆံ့ ရေလှောင်ကန်တွင် ရေသိုလှောင်ထားရှိမှုနှင့် ရပ်ကွက်အတွင်းရေဖြန့်ဝေပေးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ခရိုင်အုပ်ချုပ်ရေးမှူးနေအိမ် ပြန်လည်ပြုပြင်နေမှုများ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နှစ်ပေါင်း (၁၀၀) ကျော်သက်တမ်းရှိသည့် အဆောက်အအုံဖြစ်သည့်အတွက် မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းရန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)








No comments:
Post a Comment