Thursday, November 5, 2026

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဗီယင်ကျန်းမြို့ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ သွားရောက်လေ့လာ၊ လွန်ပရာဘန်မြို့သို့ ဆက်လက်ထွက်ခွာ

 နေပြည်တော် နိုဝင်ဘာ  ၅

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ သွားရောက်လေ့လာကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံတာ်ကာကွယ်ရေးတက္ကသိုလ်သို့ရောက်ရှိကြရာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် နိုင်ငံရေးဌာနအကြီးအကဲ Major General Phanseng Bounphan နှင့်တာဝန်ရှိသူများက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ဧည့်ခန်းမတွင် နိုင်ငံရေးဌာနအကြီးအကဲက သမိုင်းကြောင်းဆိုင်ရာများ၊ သင်ရိုးညွှန်းတမ်းများ၊ သင်တန်းသားများအားလေ့ကျင့်သင်ကြားရေးဆိုင်ရာများ၊ ပညာရေးဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ၊ အာဆီယံနိုင်ငံအချို့နှင့် လေ့ကျင့်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး မြန်မာ-လာအို နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ စစ်ဘက်ဆိုင်ရာသင်တန်းကျောင်းများအကြား သင်ကြားရေးပညာရပ်များ၊ အတွေ့အကြုံများနှင့် နည်းပညာများအပြန်အလှန်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ စစ်ဘက်ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာအတွေ့အကြုံများ အပြန်အလှန်ဖလှယ်ရေး၊ အရာရှိများ၏ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုစွမ်းရည်များမြှင့်တင်ရေး၊ သုတေသနနှင့်ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အပြင် နှစ်နိုင်ငံအကြားစစ်ဘက်ပညာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အနာဂတ်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအပါအဝင် အခြားကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အထိမ်းအမှတ်တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ကြကာ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်ကျောင်းသမိုင်းပြတိုက်ရှိ တက္ကသိုလ်၏သမိုင်းကြောင်း၊ တည်ထောင်ခဲ့သည့် နောက်ခံအကြောင်းအရာများနှင့် ဖွံ့ဖြိုးတိုးတက်လာမှုအဆင့်ဆင့်ကို မှတ်တမ်းတင်ပြသထားသည့် ဓာတ်ပုံများ၊ သမိုင်းဝင်မှတ်တမ်းများနှင့် ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့်ပစ္စည်းများကိုလည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာစာအုပ်စာတမ်းများ စုဆောင်းထိန်းသိမ်းထားရှိမှုနှင့် သင်ကြားသင်ယူရေးလုပ်ငန်းများတွင် အသုံးချဆောင်ရွက်နေမှုများကိုလည်းကောင်း လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကာ ဧည်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ဗီယင်ကျန်းမြို့ Wattay အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာ့တပ်မတော်အထူးလေယာဉ်ဖြင့် လွန်ပရာဘန်မြို့သို့ ဆက်လက်ထွက်ခွာကြရာ လာအိုနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကိုနှင့်ဇနီး၊ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားဆက်ဆံရေးဌာနအကြီးအကဲနှင့် တာဝန်ရှိသူများက လေဆိပ်၌ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စီးနင်းလိုက်ပါလာသည့် မြန်မာ့တပ်မတော် အထူးလေယာဉ်သည် လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား လွန်ပရာဘန်ပြည်နယ်စစ်ဌာနချုပ်မှူး Brigadier General Thongla Xayavongsack နှင့်ဇနီး၊ တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment