နေပြည်တော် နိုဝင်ဘာ ၂၇
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးတို့ကို အထောက်အကူပြုစေမည့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အစိုးရ-ပုဂ္ဂလိကကဏ္ဍအကြား ဟန်ချက်ညီညီ လက်တွဲပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကျင်းပသည့် ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၃)၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ
ဒုတိယဥက္ကဋ္ဌ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၊
ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း အဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများက အွန်လိုင်းဖြင့်
တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာနှင့် ဒေသတွင်း
ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့(UN Tourism)၊ အာဆီယံ၊ မဟာမဲခေါင်ဒေသခွဲနှင့်
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များတွင် တက်ကြွစွာ
ပါဝင်ဆောင်ရွက်လျက်ရှိပြီး ၂၀၀၈ ခုနှစ်မှစ၍ အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု စုစုပေါင်း
၁၅၈ ဆုရရှိထား ပြီးဖြစ်ရာ ၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၇ တွင် ပေးအပ်ချီးမြှင့်မည့် အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းဆု ၁၅ ဆုကို
ရရှိနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရီးသွားလုပ်ငန်းများ ပါဝင်လျှောက်ထားကြရန်
လိုအပ်ကြောင်း။
ဝန်ကြီးဌာနက ဆောင်ရွက်နေသည့် မြန်မာ့ခရီးသွားလုပ်ငန်း သတင်းအချက်အလက်ဖြေကြားမှုစနစ် (Myanmar Tourism Call Center) ကို
AI နည်းပညာနှင့် ပေါင်းစပ်ချိတ်ဆက်၍ အလိုအလျောက် တိကျစွာ ပြန်လည်ဖြေကြားနိုင်ရေး
စီစဉ်ဆောင်ရွက်နေမှုနှင့် ခရီးသွားဝန်ဆောင်မှုအားလုံးကို One-Stop Solution
အဖြစ် စုစည်းပေးမည့် မြန်မာနိုင်ငံ ဘက်စုံခရီးသွားလုပ်ငန်းဆိုင်ရာ ဒီဂျစ်တယ်ပလက်ဖောင်း
“Myanmar Integrated Digital Tourism Platform (MIDTP)” ရေးဆွဲအကောင်အထည်ဖော်နေမှုတို့တွင်
ဒေသဆိုင်ရာကော်မတီများနှင့် ပုဂ္ဂလိကကဏ္ဍတစ်ရပ်လုံးက ဟန်ချက်ညီညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်
တိုက်တွန်းပြောကြားသည်။
ထို့နောက် ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူးက ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် အမှာစာများကို
ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု၊ ခရီးသွားဧည့်သည်ဝင်ရောက်မှုနှင့် လုပ်ငန်းလိုင်စင်ခွင့်ပြုထားရှိမှု၊
ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်မြှင့်တင်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို
ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့်
ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေး၊ ခရီးသွားဈေးကွက်
မြှင့်တင်ရေး၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊
ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို သုံးသပ်ဆွေးနွေးတင်ပြပြီး
ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း
သိရသည်။

No comments:
Post a Comment