နေပြည်တော် နိုဝင်ဘာ ၁၆
တပ်မတော်အနေဖြင့် နယ်မြေဒေသအေးချမ်းသာယာ၍ ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင်လည်း နိုင်ငံတော်အစိုးရ၊ ဒေသခံပြည်သူလူထုတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးပြီး အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဓိကအရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် အင်းတော် - ဝန်းသို - ကောလင်း- ကျွန်းလှ - ကန့်ဘလူလမ်းကြောင်းနှင့် အင်းတော် - ကျောက်တန်း- စပ္ပါယ်နံသာ လမ်းကြောင်းများအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် မြို့ရွာများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက် ထိန်းချုပ်လျက်ရှိပြီး အင်းတော်- ဝန်းသို - ကောလင်း လမ်းကြောင်းနှင့် အင်းတော် - မအူကုန်း - ကျောက်တန်း လမ်းကြောင်းပေါ်တွင် ခိုအောင်းနေထိုင်ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများကို တိုက်ခိုက်ချေမှုန်း ရှင်းလင်းခဲ့သည့်သတင်းအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ဆက်လက်၍ အင်းတော်- ဝန်းသို- ကောလင်း လမ်းကြောင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်းပေါ်တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် ကျန်ရှိသော အကြမ်းဖက်သောင်းကျန်းသူများနှင့် ၎င်းတို့အခြေပြုစခန်းများအား ရှင်းလင်းတိုက်ခိုက်နိုင်ရေး တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အင်းတော် - ဝန်းသို - ကောလင်းလမ်းပိုင်းပေါ်ရှိ တပ်မတော်စစ်ကြောင်းသည် အောက်တိုဘာ ၂၀ ရက် တွင် စကြာမောင်ကျေးရွာအားလည်းကောင်း၊ အောက်တိုဘာ ၂၁ ရက်တွင် ကျီကုန်းကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာအားလည်းကောင်း အသီးသီး ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
အလားတူ အင်းတော် - မအူ ကုန်း - ကျောက်တန်းလမ်းပိုင်းရှိ တပ်မတော်စစ်ကြောင်းသည် အောက်တိုဘာ ၂၉ ရက်တွင် ညောင်ကုန်းကျေးရွာနှင့် ဘုဓလက်ကျေးရွာအားလည်းကောင်း၊ နိုဝင်ဘာ ၁ ရက်တွင် ပိန္နဲကုန်း ကျေးရွာအားလည်းကောင်း၊ နိုဝင်ဘာ ၂ ရက်တွင် ပွိုင့်-၁၈၂ တောင်ကုန်းနှင့် ပွိုင့်-၃၄၄ တောင်ကုန်းအားလည်းကောင်း၊ နိုဝင်ဘာ ၄ ရက်တွင် ဒိုးပင်ကျေးရွာအားလည်းကောင်း ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။
ဆက်လက်၍ အင်းတော် - ဝန်းသို - ကောလင်း လမ်းကြောင်းပေါ်ရှိ တပ်မတော်စစ်ကြောင်းနှင့် ပူးပေါင်း၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၅ ရက်တွင် ကျွန်းတောကျေးရွာနှင့် ပဒုမ္မာကျေးရွာအားလည်းကောင်း၊ နိုဝင်ဘာ ၆ ရက်တွင် မင်းကုန်းကျေးရွာနှင့် ကျောက်တန်းကျေးရွာအားလည်းကောင်း၊ နိုဝင်ဘာ ၇ ရက်တွင် တောင်မော်ကျေးရွာအားလည်းကောင်း အဆင့်ဆင့် အောင်မြင်စွာ ချီတက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပြီး နိုဝင်ဘာ ၈ ရက် ညနေပိုင်းတွင် ဝန်းသိုမြို့သို့ အောင်မြင်စွာ ရောက်ရှိခဲ့ရာ တပ်မတော်စစ်ကြောင်းများအား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။
ယင်းနောက် တပ်မတော်စစ်ကြောင်းများက ဝန်းသို-ကောလင်း-ကျွန်းလှ-ကန့်ဘလူလမ်းကြောင်းနှင့် ကျောက်တန်း- စပ္ပါယ်နံသာလမ်းကြောင်းတို့အား ယာယီထိန်းချုပ်ပြီး အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများအား ရှင်းလင်းတိုက်ခိုက် ချေမှုန်းနိုင်ရေးအတွက် ဝန်းသိုမြို့နှင့် ကျောက်တန်းကျေးရွာတို့၌ စနစ်တကျ ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ခဲ့ပြီး စစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဟန်ချက်ညီညီ ဆက်လက်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၁ ရက်တွင် ကောလင်းမြို့သို့လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်တွင် ဝါးရုံခုံကျေးရွာ၊ ကုက္ကိုလ်ကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့အားလည်းကောင်း၊ နိုဝင်ဘာ ၁၃ ရက်တွင် ကိုးတောင်ဘို့ကျေးရွာအားလည်းကောင်း၊ နိုဝင်ဘာ ၁၅ ရက်တွင် သင်တောကျေးရွာနှင့် ဥတုံးပင်ကျေးရွာတို့အားလည်းကောင်း အဆင့်ဆင့် ရှင်းလင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် အဆိုပါလမ်းကြောင်းများနှင့် ကျေးရွာများအား ပြန်လည်သိမ်းပိုက်ရရှိရေး မိမိတို့၏ အသက်ကို ပဓာနမထားဘဲ ရင်ကိုမြေကတုတ်လုပ်၍ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းခဲ့ရာ
အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ် ထိတွေ့မှု စုစုပေါင်း ၂၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှအလောင်း ၁၃ လောင်း၊ လက်နက်မျိုးစုံ ၁၁ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ပစ်ကျင်းများ၊ ဘန်ကာများ၊ လူနေတဲများ၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ သောင်းကျန်းသူများ၏ ပြောက်ကျားဝတ်စုံများ၊ ကျည်ကာအင်္ကျီ၊ ယာယီဆေးကုသသည့်နေရာနှင့် ဆေးပစ္စည်းများ၊ အခြားအသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် အဆိုပါဒေသတစ်ဝိုက်အား ယာယီစိုးမိုးထားစဉ်အတွင်း ကျေးရွာများအတွင်း ဆက်သွယ်ရေးမြောင်းများတူးကာ ပြည်သူလူထုနေအိမ်များနှင့် ခြံစည်းရိုးများတွင် ဘန်ကာများပြုလုပ်ကာ အခိုင်အမာခံစစ်ဆင်၍ အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရှိရသည်။ ထို့ပြင် ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့၍ အဆိုပါလမ်းကြောင်းပေါ်၌ သွားလာလျက်ရှိသော ခရီးသွားမော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား ဆက်ကြေးကောက်ခြင်း၊ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်ခဲ့ကြရာ ဒေသတွင်းကုန်စည်စီးဆင်းမှုများ နှောင့်နှေးခဲ့ရပြီး ကုန်ဈေးနှုန်းများ ကြီးမြင့်ကာ ပြည်သူလူထုအနေဖြင့်လည်း လူမှုစီးပွားဘဝများ အဘက်ဘက်မှ နိမ့်ပါးခဲ့ရသည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါလမ်းကြောင်းများအား အမြန်ဆုံး ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေး၊ အဆိုပါ လမ်းကြောင်းများတစ်လျှောက် ခိုအောင်းနေထိုင်ပြီး အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက် သောင်းကျန်းသူများအား ရှင်းလင်းတိုက်ခိုက် ချေမှုန်းနိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment