နေပြည်တော် နိုဝင်ဘာ ၂၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့
ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့်
တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video
Conferencing ဖြင့် တက်ရောက်ကြသည်။
နိုင်ငံ၏ယဉ်ကျေးမှုနှင့်
အမျိုးသားရေးစရိုက်လက္ခဏာများကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သွားရမည်
ဦးစွာ နိုင်ငံတော်သမ္မတက
အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာ တန်ဆောင်တိုင်ပွဲတော် အခါသမယကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင်
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ
တန်ဆောင်တိုင်မီးထွန်းပွဲတော်များ၊ မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲများနှင့် မသိုးရွှေကြာ
သင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကျင်းပ၍ ဖြတ်သန်းခဲ့ကြပြီးဖြစ်ကြောင်း၊
ထိုကဲ့သို့ ပွဲတော်များစီစဉ်ကျင်းပရခြင်းသည်လည်း နိုင်ငံအတွင်း နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင်အများစုတို့၏
ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့် အမျိုးသားရေးစရိုက်လက္ခဏာများကို နိုင်ငံတော်အစိုးရက
ဦးဆောင်၍ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ခြင်းပင်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့်
နိုင်ငံနှင့်လူမျိုး၏ ယဉ်ကျေးမှုနှင့် အမျိုးသားရေး စရိုက်လက္ခဏာများကို ဦးဆောင်ဦးရွက်ပြု၍
ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသကဲ့သို့ အခြားဘာသာဝင်များ၏ ကိုးကွယ်ယုံကြည်မှုနှင့်
ဓလေ့ထုံးတမ်းစဉ်လာများကိုလည်း လေးစားရမည်ဖြစ်ကြောင်း၊ မည်သည့်ဘာသာတရားကို ကိုးကွယ်ယုံကြည်ကြသည်ဖြစ်စေ
သက်ဆိုင်ရာ ဘာသာတရားများ၏ အဆုံးအမများအတိုင်း ထိန်းသိမ်းလိုက်နာကျင့်သုံး သွားကြရန်လိုကြောင်း။
အပြည်ပြည်ဆိုင်ရာတရားရုံး
(ICJ)၏ မဲခွဲဆုံးဖြတ်မှုအပေါ် တာဝန်သိနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်ရန်သင့်သည်များကို
လုပ်ဆောင်သွားမည်
လက်ရှိနိုင်ငံ့အခြေအနေများနှင့်ပတ်သက်၍
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲတင်သွင်းခဲ့သည့် အမှုတွင် အပြည်ပြည်ဆိုင်ရာတရားရုံး
(ICJ)က စီရင်ချက်ချမှတ်ခဲ့သည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စသည် မိမိတို့နိုင်ငံအပေါ်
တစ်ဖက်သတ်စွပ်စွဲချက်တစ်ခုပင်ဖြစ်ပြီး အဆိုပါအမှုကို တင်သွင်းခဲ့သည်မှ ခုနစ်နှစ်တာကာလအတွင်း
မြန်မာနိုင်ငံအနေဖြင့် တရားရုံး၏လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်မှုများကို အချက်အလက်ခိုင်မာစွာဖြင့်
ဆောင်ရွက်ခဲ့ကြောင်း၊ လူမျိုးသုဉ်းစေမှု (Genocide) ဟူသည့် အသုံးအနှုန်းအနေဖြင့် နိုင်ငံ၏ဂုဏ်သိက္ခာကို
များစွာထိခိုက်စေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရားရုံးသို့ စာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း
လျှောက်လဲချက်များတင်သွင်းရာတွင် သက်ဆိုင်ရာအချက်အလက်များ၊ မှတ်တမ်းများနှင့် သက်သေအထောက်အထားများကို
ပြည့်ပြည့်စုံစုံ တင်ပြခဲ့ကြောင်း၊
မိမိအနေဖြင့် လက်ရှိအချိန်တွင်
နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သဖြင့် နိုင်ငံတော်တွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်ဟူသမျှသည်
မိမိ၌အဓိကတာဝန်ရှိသည်ဟု ခံယူထားပြီး နိုင်ငံတော်အား ထိပါးလာသည့် ကိစ္စရပ်မှန်သမျှကို
လက်ခံမည်မဟုတ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၏ မဲခွဲဆုံးဖြတ်မှုများနှင့်ပတ်သက်၍လည်း
တာဝန်သိနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်ရန်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး
လိုက်နာရန်မသင့်သည်များကို လိုက်နာဆောင်ရွက်သွားမည်မဟုတ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့်
အာဆီယံ၏ ပဋိညာဉ်အတိုင်း လေးစားလိုက်နာသွားမည်
အာဆီယံနှင့်ပတ်သက်၍လည်း
မိမိအနေဖြင့် လွှတ်တော်၌ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားထားပြီးဖြစ်ကြောင်း၊
အာဆီယံပဋိညာဉ်များနှင့်မူဝါဒများကို အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များက
လက်မှတ်ရေးထိုးသဘောတူထားခြင်းဖြစ်ပြီး ယင်းပဋိညာဉ်များနှင့် မူဝါဒများ အသက်ဝင်နေပြီး
ပျက်ပြယ်မှုမရှိသရွေ့ ယင်းအပေါ်တွင် အခြေခံ၍သာ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
မိမိတို့အနေဖြင့် နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး
အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သဖြင့်လည်း အာဆီယံ၏ပဋိညာဉ်အတိုင်း အဖွဲ့ဝင်နိုင်ငံများအပေါ်
ဆက်လက်ဆက်ဆံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်
အာဆီယံပဋိညာဉ်ကို လေးစားလိုက်နာကြရန်လိုပြီး အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့်
တည်ဆဲဥပဒေများကိုလည်း လေးစားကြရန်လိုကြောင်း။
နိုင်ငံ့စီးပွားတိုးတက်ရေးအတွက်
ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
စီးပွားရေးဆိုင်ရာများနှင့်ပတ်သက်၍
လက်ရှိအချိန်တွင် နိုင်ငံခြားငွေလဲလှယ်မှု နှုန်းထားများအနေဖြင့် နှုန်းထားတစ်ခုတွင်
ရောက်ရှိလျက်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၌
ရင်းနှီးမြှုပ်နှံခြင်းမပြုဘဲ နိုင်ငံခြားငွေများ ကိုင်ထားသူများရှိကြပြီး ၎င်းတို့၏ငွေကြေးဈေးကစားမှုများကြောင့်
ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် လဲလှယ်နှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊
ငွေကြေးတန်ဖိုးများနှင့်ပတ်သက်၍ ဖြစ်သင့်ဖြစ်ထိုက်သည့် နှုန်းထားဖြစ်ရန်လိုကြောင်း၊
ဝင်ငွေနည်းသူများအနေဖြင့် စားရေးအဆင်ပြေစေရေး၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်
လုပ်ငန်းစဉ်ဆက်မပြတ် လည်ပတ်နိုင်စေရေး၊ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သူများ ဝင်ငွေတိုးပွားစေရေး၊
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် စားဝတ်နေရေး အဆင်ပြေစေရေး ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊
တာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့် ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌လည်း ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်လာစေရေး
စီမံကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိတို့နိုင်ငံလူဦးရေ၏
၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး ထက်ဝက်ခန့်သည် စိုက်ပျိုးမွေးမြူရေးနှင့်
သားငါးကဏ္ဍတွင် လုပ်ကိုင်ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက်
လိုအပ်သည့် တိရစ္ဆာန်အစာများကို ဒေသအလိုက်မှထွက်ရှိသည့် ဖွဲ၊ ဆန်ကွဲ၊ ပြောင်း စသည့်စိုက်ပျိုးရေးထွက်ကုန်များဖြင့်
ထုတ်လုပ်၍ မွေးမြူရေးလုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်
ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်လာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ကြပ်မတ်ဆောင်ရွက်နေရန်လိုသကဲ့သို့
အမှန်တကယ်အလုပ်လုပ်စေရေးအတွက်လည်း ဝန်ကြီးချုပ်များက ဆက်လက်ကြပ်မတ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စားရေးကို အဓိကအထောက်အကူပြုစေသည့် ဥစားကြက်နှင့်
အသားစားကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး မွေးမြူမှုများ ယခုထက် ပိုမိုတိုးတက်အောင် လုပ်ငန်းစီမံချက်များရေးဆွဲပြီး
စနစ်တကျ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
ထုတ်ကုန်ရှိမှသာ
ရောင်းကုန်များရရှိမည်ဖြစ်ပြီး ထိုမှတစ်ဆင့် နိုင်ငံခြားဝင်ငွေများရရှိကာ နိုင်ငံ့စီးပွားတိုးတက်ရေးကို
အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ပြည်ပသို့ထုတ်ကုန်များ တင်ပို့ရာတွင် မြေပေါ်မြေအောက်
သယံဇာတပစ္စည်းများကို တင်ပို့ခြင်းထက် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်၍
ထုတ်ကုန်များ တင်ပို့ခြင်းသည်နိုင်ငံအတွက် ရေရှည်တွင် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊
ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရေးအတွက် မိမိအနေဖြင့် MSME လုပ်ငန်းများကို
စဉ်ဆက်မပြတ် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွင်း နေထိုင်ကြသူများအနေဖြင့်
အမှန်တကယ်အလုပ်လုပ်ကြမည်ဆိုပါက နိုင်ငံ့စီးပွားရေးသည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊
ထို့ကြောင့်တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ
ပိုမိုတိုးတက်လာစေရေး အလေးထားကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိတို့နိုင်ငံ၏
အဓိကပြည်ပပို့ကုန်တွင်ပါဝင်သည့် စပါးစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်ရေးအတွက်လည်း
“မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်” ဆိုသည့်အတိုင်း မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ
ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ဒုတိယအကြိမ်ရရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့်
ဆန်များ၏ အရည်အသွေးကိုထိန်းသိမ်းနိုင်ရန်အတွက် ဒေသနှင့်ကိုက်ညီပြီး အရည်သွေးကောင်းမွန်သည့်
စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ဘဏ္ဍာငွေများရရှိစေရေး
အခွန်ငွေများကောက်ခံရာတွင် အခွန်နှုန်းထား (Tax Rate) တိုးမြှင့်ခြင်းထက် အခွန်ကောက်ခံမှုနယ်ပယ်
(Tax Space) များ ကျယ်ပြန့်လာစေရေးကို အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အခွန်ကောက်ခံမှုနယ်ပယ်
ကျယ်ပြန့်အောင်ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်ဝင်ငွေ တိုးတက်လာမည်ဖြစ်သကဲ့သို့
ဝန်ထမ်းလစာနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်း အထောက်အကူဖြစ်လာစေမည်ဖြစ်ကြောင်း၊
နိုင်ငံ့ဝန်ထမ်းများ၏ လစာများတိုးမြှင့်ပေးနိုင်ရေးအတွက်လည်း ချိန်ဆဆောင်ရွက်လျက်ရှိပြီး
ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်ရပ်ကို စနစ်တကျဖြစ်စေရေး တွက်ချက်ဆောင်ရွက်လျက်ရှိကြောင်း၊
နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများ တိုးမြှင့်ပေးမည်ဆိုပါက MSME လုပ်ငန်းများတွင်
လုပ်ငန်းဆောင်ရွက်လျက်ရှိသူများနှင့် စက်ရုံ၊ အလုပ်ရုံများနှင့် ကုန်ထုတ်လုပ်ငန်းများရှိ
လုပ်သားများအတွက်နှင့် အငြိမ်းစားလစာခံစားနေသူများအပါအဝင် ဘက်ပေါင်းစုံမှ တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊
နိုင်ငံ့စီးပွားရေး တိုးတက်လာစေရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာကော်မတီများအနေဖြင့် စနစ်တကျ
တွက်ချက်ဆောင်ရွက်နေကြရန်လိုကြောင်း။
ကြားဖြတ်ရွေးကောက်ပွဲ
အောင်မြင်စွာကျင်းပနိုင်ရေး
လာမည့်နှစ် ဧပြီလအတွင်း
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြိုတင်ပြင်ဆင်ခြင်းများကို
ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့်
မြို့နယ်များအလိုက် မဲစာရင်းများ မှန်ကန်စွာရရှိစေရေး၊ နယ်မြေလုံခြုံမှုရှိစေရေးတို့အတွက်
တာဝန်ရှိသူများက အလေးထားပြီး ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်နှင့်
အဓိကအားဖြင့် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊
မဲစာရင်းများ မှန်ကန်မှုရှိအောင်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ MEVM မဲပေးစက်များဖြင့်
မှန်ကန်ကောင်းမွန်စွာ စနစ်တကျ မဲပေးနိုင်ရေးအတွက်လည်း အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း
မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက
သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက
တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်


No comments:
Post a Comment