နေပြည်တော် နိုဝင်ဘာ ၂၀
လှည်းကူးမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးနှင့် ဝိုင်းမော်မြို့နယ်၌ ငွေကျပ် ၁၅၈၄ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လှည်းကူးမြို့နယ် မင်းလွင်ကုန်းရွာနေ မင်းထက်အောင် (ခ) ကိုထက် (၄၃)နှစ်၏ နေအိမ်မှ စိတ်ကြွဆေးပြား ၁၀ သိန်း (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁ ဒသမ ၅ ဘီလီယံ) ဖမ်းဆီးရမိခဲ့ပြီး အဆိုပါဖမ်းဆီးရမိ စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် သီဟအောင် (ခ) သီဟ (၄၇)နှစ်အား လှည်းကူးမြို့နယ် မင်းလွင်ကုန်းရွာရှိ နေအိမ်၌လည်းကောင်း၊ ဟင်္သာတမြို့ ရွှေကူရပ်ကွက်နေ ရဲထိုက်အောင် (ခ) ကိုထိုက် (၅၂)နှစ်၊ လှည်းကူးမြို့ (၂) ရပ်ကွက်နေ ဇော်မျိုး (၄၀)နှစ်နှင့် လှည်းကူးမြို့နယ် မင်းလွင်ကုန်းရွာနေ ခန့်မင်း (ခ) အကြီးကောင် (၂၃) နှစ်တို့အား မင်းလွင်ကုန်းရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် BMW အမျိုးအစား ယာဉ်တစ်စီးနှင့်လည်းကောင်း၊ လှည်းကူးမြို့နယ် ကျွန်းကလေးရွာနေ သန်းကိုကို (၃၂) နှစ်အား ယင်းရွာအနီး၌လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် တရားခံ သီဟအောင် (ခ) သီဟ၊ ရဲထိုက်အောင် (ခ) ကိုထိုက်၊ သန်းကိုကို၊ ဇော်မျိုး၊ ခန့်မင်း (ခ) အကြီးကောင်နှင့် မင်းထက်အောင် (ခ) ကိုထက်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ထို့အတူ နိုဝင်ဘာ ၁၈ ရက် ည ၇ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဝိုင်းမော်မြို့နယ် မိုင်းနားရွာအနီးတွင် မိုးကောင်းမြို့နယ် နမ္မတီးမြို့ ရွှေဝါရပ်ကွက်နေသူများဖြစ်သည့် အောင်ပွဲ (၂၉) နှစ် မောင်းနှင်ပြီး မဟွမ်လင်း (ခ) အေးဟွမ်(၂၄)နှစ် လိုက်ပါလာသည့် SKAT အမျိုးအစားယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၇ ဒသမ ၂ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၂၂၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၁၅၈၄ သိန်း) ဖမ်းဆီးရမိသဖြင့် အောင်ပွဲနှင့် မဟွမ်လင်း (ခ) အေးဟွမ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment