Saturday, November 14, 2026

ချင်းပြည်နယ် ဖလမ်းမြို့တွင် (၇၈)ကြိမ်မြောက် ချင်းရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ချင်းပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ တက်ရောက်ချီးမြှင့်

 


ဖလမ်း နိုဝင်ဘာ ၁၄

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ နိုဝင်ဘာလ ၁၄ ရက်က ကျင်မွာလ်ရပ်ကွက် မိုးလုံလေလုံ အားကစား ခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၈) ကြိမ်မြောက် ချင်းရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများနှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ တက်ရောက် ချီးမြှင့်ကြသည်။



ရှေးဦးစွာ ချင်းရိုးရာနှစ်သစ်ကူးပွဲတော်ကို ဆုတောင်းခြင်းဖြင့်စတင်ကြပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက နှစ်သစ်ကူးအမှာ စကားပြောကြားသည်။ ထို့နောက် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်ကျော်ဟန်က နှစ်သစ်ကူးအားပေးစကား ပြောကြားရာတွင် ချင်းပြည်နယ်၏ သာယာလှပမှုများကို ကိုယ်တိုင်မြင်တွေ့ရသည့်အတွက် အားရကျေနပ်မိပါကြောင်း၊ ထို့အပြင် ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၏ တိုးတက်မှုများနှင့်အတူ ယခုလိုရိုးရာပွဲတော်ကို စည်စည်ကားကား ကျင်းပနိုင်ခြင်းမှာ အားလုံး၏စည်းလုံးညီညွတ်စွာ ကြိုးပမ်းခြင်း၏ အသီးအပွင့် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ချင်းရိုးရာနှစ်သစ်ကူးပွဲအထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားအသင်းများကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ကြသည်။

ယင်းနောက် ရိုးရာအကနှင့် သီဆိုဖျော်ဖြေမှုများကို အားပေးကြည့်ရှုကာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ပွဲတော်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ချင်းရိုးရာနှစ်သစ်ကူးပွဲတော်ကို ကောက်ရိတ်သိမ်းပြီးချိန် အောက်တိုဘာလတွင် ကျင်းပလေ့ရှိပြီး ယခုအခါ အထိမ်းအမှတ်ပွဲအဖြစ် ရှေးရိုးရာစာပေ၊ သီချင်းနှင့်အကများ မပျောက်ပျက်စေရန် ဒေသအသီးသီးတွင် ပြိုင်ပွဲများကျင်းပကြခြင်းဖြစ်ကြောင်း သိရသည်။ ချင်းရိုးရာ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် စာပေပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို နိုဝင်ဘာလ (၂)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပကြခြင်းဖြစ်ပြီး ပွဲတော်နေ့ဖြစ်သည့် နိုဝင်ဘာလ(၁၄)ရက် ယနေ့တွင် ရိုးရာအကနှင့် ရိုးရာဝတ်စုံ ဝတ်စားဆင်ယင်ခြင်း ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း၊ ပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲသည် ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာများမှပါ လာရောက်ယှဥ်ပြိုင်ကြပြီး ပွဲတော်နေ့ကိုလည်း စည်စည်ကားကား ကျင်းပကြကြောင်း သိရသည်။

နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်ကျော်ဟန်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ် အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ကြွန်ဘိခ်လမ်းတစ်လျှောက် ဌာနဆိုင်ရာ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ရုံးအဆောက်အဦနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ၂ ခန်းတွဲဝန်ထမ်းအိမ်ရာ RC ၂ ထပ် ရာနှုန်းပြည့် ပြုပြင်ပြီးစီးမှု အခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးကာ ဘဏ်အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ အိမ်ရာများတွင် ဝန်ထမ်းမိသားစုများ နေထိုင်နိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေး၊ ရေရရှိရေး ကိစ္စများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment