နေပြည်တော် နိုဝင်ဘာ ၁၄
နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်တွင် သက်ကြီးဆရာဝန်ကြီး စုစုပေါင်း ၂၇၁ ဦးအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပြီး သွေးဖောက်စစ်ဆေးခြင်း၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ တယ်လီဗေးရှင်းဓာတ်မှန် (Ultra-sound) ရိုက်ကူးခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ကူးခြင်း၊ ECG စစ်ဆေးခြင်း၊ သက်ကြီးပုဂ္ဂိုလ် ကျန်းမာရေး စစ်ဆေးအကဲဖြတ်ခြင်း (Geriatric assessment) နှင့် နှလုံးကျန်းမာရေး စောင့်ကြည့်ဝတ်စုံ (Vest) တပ်ဆင်ခြင်း စသည့်အထူးစမ်းသပ်စစ်ဆေးမှုများအပြင် မကူးစက်နိုင်သော နာတာရှည်ရောဂါ (Non-Communica-ble Diseases- NCDs) ဆေးဝါးများ အခမဲ့ထောက်ပံ့ခြင်းတို့ကို စနစ်တကျ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနသို့ သွားရောက်၍ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည့် အသက် ၇၀ နှင့်အထက် သက်ကြီးဆရာဝန်ကြီးများအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့၏စီစဉ်မှု၊ သက်ကြီးဆရာဝန်များ ထောက်ကူအဖွဲ့ (SGED) တို့၏ ပူးပေါင်းပါဝင်မှုဖြင့် ကျင်းပပြုလုပ်သည့် နှစ်စဉ်ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို သွားရောက်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ရန်ကုန်အနောက်ပိုင်းပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန၊ ပြင်ပလူနာဌာန၊ အတွင်းလူနာဆောင်များ၊ ငါးထပ်ဆေးကုသဆောင်နှင့် ဓာတ်ခွဲ၊ ဓာတ်မှန်ဌာနများသို့ သွားရောက်၍ ဆေးကုသမှုပေးနေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ဆေးရုံတက်ရောက်ကုသနေသော လူနာများအား မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
သတင်းစဉ်

No comments:
Post a Comment