Monday, November 23, 2026

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ မီးပုံးပျံစံချိန်တင်အများဆုံးနှင့် ပြိုင်ဆိုင်မှုမြင့်မား

 



တောင်ကြီး နိုဝင်ဘာ ၂၂

အအေးဓာတ်မပြတ်လွှမ်းခြုံနေသည့် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်သည့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို အဝေရာမီးပုံးပျံကွင်း၌ ယနေ့ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိသည်။ 

ယခုနှစ်ပြိုင်ပွဲသည် တန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲတစ်လျှောက် စံချိန်တင်မီးပုံးပျံအများဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ပြိုင်ဆိုင်မှုအားကောင်းခြင်းကြောင့် ပြည်တွင်း/ပြည်ပခရီးသွားများ အထူးစိတ်ဝင်တစားလာရောက်ကြည့်ရှုအားပေးခဲ့ကြရာ ပွဲခင်းတစ်လျှောက် ကြက်ပျံမကျ စည်ကားလျက်ရှိသည်။

“ဒီနှစ်မီးပုံးပျံပြိုင်ပွဲဟာ တောင်ကြီးမှာကျင်းပတဲ့ မီးပုံးပျံပြိုင်ပွဲတစ်လျှောက် အလုံးရေအများဆုံးနဲ့ ပြိုင်ဆိုင်မှုအားကောင်းတဲ့နှစ်လို့ ပြောရမှာပါ။ ကျွန်တော့်သက်တမ်းတစ်လျှောက်မှာ ပရိသတ်အများဆုံးနဲ့ မီးပုံးပျံအများဆုံး ယှဉ်ပြိုင်တဲ့ပြိုင်ပွဲဖြစ်တဲ့အတွက် အမှတ်ပေးဒိုင်တွေက သတိမပြတ်စောင့်ကြည့်ရတဲ့ပွဲပါ။ ပြိုင်ပွဲဝင်တဲ့ မီးပုံးပျံတွေဟာ တီထွင်ဆန်းသစ်မှု၊ ပန်းချီပညာနဲ့ အရုပ်ပုံစံတွေစုံလာတယ်။ ဒီနှစ်မှာ ကြက်ဖအရုပ်ဆိုရင် အရောင်နဲ့ပုံသဏ္ဌာန် ထူးခြားလှပအောင် ယှဉ်ပြိုင်ကြပြီး အခြားအရုပ်တွေလည်း ခြယ်သမှုကောင်းမွန်လာတာ တွေ့ရပါတယ်။ စိန်နားပန်ဆိုရင်လည်း တိုးတက်လာတယ်။ ညမီးကြီးဆိုရင် ပန်းချီရေးဆွဲမှုအားကောင်းလာပြီး ယမ်းသုံးစွဲမှုအတတ်ပညာလည်း တိုးတက်လာတာတွေ့ရပါတယ်။ ဒီနှစ်ဟာ နေ့လွှတ်အရုပ်နဲ့ ညလွှတ်မီးပုံးပျံ စံချိန်တင်အများဆုံးပါပဲ” ဟု မီးပုံးပျံပညာရှင်အသင်း နာယကဖြစ်သူ အသက် (၇၈) နှစ်ရှိ အဘဦးတင်ဝင်း (ပန်းချီ) က ပြောသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲဖွင့်ပွဲနေ့ဖြစ်သည့် နိုဝင်ဘာ ၁၆ ရက်မှစ၍ အဝေရာမီးပုံးပျံကွင်းအတွင်း နေ့စဉ်ပရိသတ်များ ရှေ့တိုးနောက်ဆုတ်၍မရသည်အထိ စည်ကားများပြားလျက်ရှိပြီး နိုဝင်ဘာ ၂၅ ရက် တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့၌ ပိတ်ပွဲအခမ်းအနားကျင်းပမည်ဖြစ်သည်။

၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီး ၇၁ လုံး၊ စိန်နားပန် ၄၁ လုံး စုစုပေါင်း ညလွှတ်မီးပုံးပျံ ၁၁၂ လုံးဖြင့်လည်းကောင်း၊ နေ့လွှတ်ခြေနှစ်ချောင်း ၂၃၆ လုံး၊ ခြေလေး‌ချောင်း ၁၃၈ လုံး၊ အရုပ်အုပ်စု ၇၅ လုံး စုစုပေါင်း နေ့လွှတ်အရုပ်မီးပုံးပျံ ၄၄၉ လုံးဖြင့်လည်းကောင်း မီးပုံးပျံ ၅၆၁ လုံး လွှတ်တင်ယှဉ်ပြိုင်လျက်ရှိသည်။

မီးပုံးပျံပွဲတော်ကို တောင်ကြီးမြို့က စတင်ခဲ့ခြင်းဖြစ်ရာ ၂၀၂၆ ခုနှစ် သီတင်းကျွတ်ပွဲတော်နှင့် တန်ဆောင် တိုင်ပွဲတော်တို့တွင် တောင်ကြီးမြို့မှ မီးပုံးပျံပညာရှင်များကို နေပြည်တော်၊ မကွေး၊ ပဲခူး၊ ပြင်ဦးလွင်၊ ဟိုပုံး၊ အောင်ပန်းမြို့တို့က ခေါ်ယူ၍ မီးပုံးပျံများကို တည်ဆောက်လွှတ်တင်လျက်ရှိသည်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲပြီးသည်နှင့် ဟိုပုံးနှင့် အောင်ပန်းမြို့တို့၌ တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်သည်။

ယနေ့နေ့လွှတ် မီးပုံးပျံပြိုင်ပွဲတွင် ခြေနှစ်ချောင်းအရုပ်များဖြစ်သည့် ကတ္တဝါ၊ ကြက်တူရွေး၊ ငှက်ကြီးဝန်ပို၊ ဇီးကွက်၊ စင်ရော်၊ အောက်ချင်း၊ ချိုးဖြူ၊ ကြက်ဖ၊ ဘဲ စသည့်အရုပ်များနှင့် ခြေလေးချောင်း အရုပ်များဖြစ်သည့် သိုး၊ မြင်း၊ သမင်၊ ဝက်ဝံ၊ မျောက်ဝံ၊ ဆင်၊ ဝက်၊ ဖျံ၊ ပန်ဒါ စသည့် အရုပ်မီးပုံးပျံ ၄၅ လုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ညလွှတ်စိန်နားပန်မီးပုံးပျံပြိုင်ပွဲတွင် ABC Men Wear ၊ Shan United၊ Lucky၊ မုံတဝတောင်ရိုး၊ KBZ Bank တို့နှင့် ညမီးကြီးပြိုင်ပွဲ၌ Shan United၊ လွိုင်လင်မီး၊ ရတနာတောင်ရိုး၊ စက္က၊ ပွဲစားအို၊ လူချော၊ အိုဇုန်း၊ 81 နဂါးပျံ၊ ပေတူး၊ KBZ Bank နှင့် အားသစ်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ 

ကိုထွေး၊ သစ္စာ၊ ဓာတ်ပုံ-ဇွဲမာန်

No comments:

Post a Comment