Saturday, November 21, 2026

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၂၀

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်၍ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများ တက်ရောက်ကြပြီး သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကော်မတီ အတွင်းရေးမှူးများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးများက အွန်လိုင်းမှတစ်ဆင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အွန်လိုင်းလိမ်လည်မှုသည် ငွေကြေးခဝါချမှု၊ လူကုန်ကူးမှုနှင့် တရားမဝင်လောင်းကစားမှုတို့ ဆက်နွှယ်နေသည့် နိုင်ငံဖြတ်ကျော်မှုခင်းဖြစ်သဖြင့် ပြည်တွင်းဌာနပေါင်းစုံနှင့် နိုင်ငံတကာတို့ ပူးပေါင်းတိုက်ဖျက်ရန်လိုအပ်ကြောင်း၊ ဦးစားပေးလုပ်ငန်းများမှာ ငွေကြေးစီးဆင်းမှု ဖြတ်တောက်ခြင်း၊ ဆက်စပ်ပိုင်ဆိုင်မှု သိမ်းဆည်းခြင်း၊ အခြေခံအဆောက်အအုံများ ဖြိုခွင်းခြင်း၊ အဓိကကြိုးကိုင်သူများကို အရေးယူခြင်းနှင့် ဒီဂျစ်တယ်သက်သေခံပစ္စည်းများ စနစ်တကျ ထိန်းသိမ်းခြင်းတို့ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများနှင့် လူကုန်ကူးခံရသူ၊ အတင်းအဓမ္မခိုင်းစေခံရသူများကို သီးခြားခွဲခြားစိစစ်၍ အရေးယူရေးနှင့် နစ်နာသူကယ်ဆယ်ကာကွယ်ရေးတို့ကို ဟန်ချက်ညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပြီးကော်မတီများနှင့် Anti-Scam Centre တို့၏ချိတ်ဆက်မှုကို အားကောင်းစေပြီး သတင်းဖလှယ်မှု၊ သံသယဖြစ်ဖွယ် ငွေလွှဲမှုတားဆီးရေးနှင့် နည်းပညာဆိုင်ရာ စုံစမ်းစစ်ဆေးရေးတို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အောင်မြင်မှုကို ဖမ်းဆီးရမိသူအရေအတွက်ထက် ရာဇဝတ်ကွန်ရက် ဖြိုခွင်းနိုင်မှု၊ ငွေကြေးအကျိုးအမြတ်ဖြတ်တောက်နိုင်မှု၊ နစ်နာသူကယ်ဆယ်နိုင်မှုနှင့် ပြည်သူ့ဆုံးရှုံးမှု လျှော့ချနိုင်မှုတို့ဖြင့် တိုင်းတာ၍ လုပ်ငန်းများ ပြန်လည်အခြေချနိုင်ခြင်းမရှိစေရန် ရေရှည်စောင့်ကြည့်ကာကွယ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ ယင်းတို့နှင့်ဆက်စပ်ဖြစ်ပွားသည့် ရာဇဝတ်မှုများ တားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဗဟိုကော်မတီဝင်များ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး /ပြည်နယ် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကော်မတီ အတွင်းရေးမှူးများက တင်ပြဆွေးနွေးကြပြီး လိုအပ်သည်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဗဟိုကော်မတီဥက္ကဋ္ဌက ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment