Saturday, November 21, 2026

နိုင်ငံတော်သမ္မတရုံး၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ ကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၂၀

နိုင်ငံတော်သမ္မတရုံး၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတရုံး ဘက်စုံသုံးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက နိုင်ငံတော်အစိုးရ၏မူဝါဒများနှင့် ဦးစားပေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။








ဦးစွာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ယခုပြုလုပ်သည့် အခမ်းအနားသည် ဒုတိယအကြိမ်ဖြစ်ပြီး မူလက ၁၇ ရက်၌ ပြုလုပ်ရန်စီစဉ်ထားသော်လည်း ၁၈ ရက်တွင် လွှတ်တော်၌ နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြားမည်ဖြစ်သည့်အတွက် နောက်ဆုတ်ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းထဲတွင် အများပြည်သူသိရှိလိုသည့် အချက်အလက်များ၊ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့် facts and figures များစွာ ပါဝင်သည့်အတွက် ယခုကဲ့သို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ သတင်းထောက်များ၏မေးခွန်းများကို ပထမအကြိမ်က မိမိတစ်ဦးတည်းဖြေကြားခဲ့သော်လည်း ယခုတစ်ခေါက်တွင် ပိုမိုပြည့်စုံစွာ ဖြေကြားနိုင်ရန် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများကိုပါ ဖိတ်ကြားထားပြီး facts and figures များဖြင့် ပြည့်ပြည့်စုံစုံ ဖြေကြားပေးသွားမည်ဖြစ်ကြောင်း။

ပထမဆုံးအနေဖြင့် presentation ပြုလုပ်သွားမည်ဖြစ်ပြီး မိမိအနေဖြင့် ပြည်ပခရီးစဉ်များမှ ပြန်လည်ရောက်ရှိချိန်တွင် ပြုလုပ်ရန်ဖြစ်သော်လည်း ပြည်တွင်းခရီးစဉ်များ၊ အစည်းအဝေးများနှင့် အခမ်းအနားများရှိနေသည့်အတွက် အချိန်အနည်းငယ် ကြန့်ကြာသွားခဲ့ရခြင်းဖြစ်ကြောင်း၊ သို့သော် အဆိုပါခရီးစဉ်များနှင့်ပတ်သက်၍ အကျဉ်းချုပ် ရှင်းလင်းပြောကြားလိုခြင်းနှင့် နိုင်ငံတော်သမ္မတကြီး၏ မူဝါဒများ၊ လမ်းညွှန်ချက်များကို တင်ပြလိုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရသစ် တာဝန်ယူပြီးနောက် ၂၂၄ ရက်ကာလအတွင်း ချမှတ်ခဲ့သည့် မူဝါဒများနှင့် လမ်းညွှန်ချက်များအားလုံးကို ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း။

ယနေ့အစီအစဉ်တွင် နိုင်ငံတော်သမ္မတ၏ မူဝါဒ၊ ဦးစားပေးလုပ်ငန်းစဉ်၊ ပြည်ပခရီးစဉ် ၉ ခု အနက် အိန္ဒိယနှင့် တရုတ်ခရီးစဉ်များကို ရှင်းလင်းပြီးဖြစ်၍ ကျန်ရှိသည့် ခရီးစဉ် ၇ ခုနှင့် အသိပေးလိုသည့် အချက်အလက်အချို့ကို အချိန်အပေါ်မူတည်၍ တင်ပြသွားမည့်အပြင် မီဒီယာများ၏ မေးမြန်းမှုများကိုလည်း ပြန်လည်ဖြေကြားသွားမည်ဖြစ်ကြောင်း။

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကြီး ၃ ခုဖြစ်သည့် ဧပြီလ ၁၀ ရက်နှင့် ၁၂ ရက်တို့တွင် ပြောကြားခဲ့သည့် မိန့်ခွန်း၊ ရက် ၁၀၀ ပြည့် မိန့်ခွန်းနှင့် ယခုရက်ပိုင်းအတွင်း ပြောကြားခဲ့သည့် မိန့်ခွန်းများအပြင် ကက်ဘိနက်အစည်းအဝေးများ၊ အခြားအခမ်းအနားများတွင် ပြောကြားခဲ့သည့် မိန့်ခွန်းများနှင့် သဝဏ်လွှာများအားလုံးကို ပေါင်းစပ်၍ မူဝါဒများ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးရည်မှန်းချက် ၂ ရပ်ကို ထပ်လောင်း၍ အခိုင်အမာအတည်ပြုပြီး တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဟူသည့် အမျိုးသားရေးရည်မှန်းချက် ၂ ရပ်ကိုလည်း မိန့်ခွန်းတိုင်းတွင် ထည့်သွင်းကာ အမျိုးသားရေး ဦးတည်ချက်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အစိုးရ သက်တမ်းကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး NCA လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းကာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ငြိမ်းချမ်းရေးမူဝါဒအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးနှင့် လူမှုရေးအချက်များအားလုံးကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည့်အတွက် ရထားလမ်းအဆင့်မြှင့်တင်ခြင်း၊ ရထားတွဲများ အဆင့်မြှင့်တင်ခြင်းနှင့် လမ်းပိုင်းများပြင်ဆင်ခြင်းတို့ကို ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ပမှ ရထားတွဲများ မှာယူရသဖြင့် ကုန်ကျစရိတ် များပြားသည့်အတွက် ပြည်တွင်း၌ ရထားတွဲများ ထုတ်လုပ်နိုင်ရန် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ စွမ်းအင်ကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ဦးစားပေးထုတ်လုပ်ဆောင်ရွက်ရန် မူဝါဒချမှတ်ထားပြီး ဆက်သွယ်ရေးကဏ္ဍတွင် 5G စနစ်ကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ စမ်းသပ်နေကာ အဆင်ပြေပါက တစ်နိုင်ငံလုံးသို့ ချဲ့ထွင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီးက ပြီးခဲ့သည့်မိန့်ခွန်းတွင် မူဝါဒများ၊ မျှော်မှန်းချက်ပန်းတိုင်များနှင့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် စားရေရိက္ခာဖူလုံရေး ခေါင်းစဉ်အောက်တွင် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးမြှင့်ကာ ကုန်သွယ်မှုလိုငွေလျှော့ချနိုင်ရေးနှင့် သွင်းကုန်အစားထိုးရေးတို့ကို နည်းလမ်းပေါင်းစုံဖြင့် မြေပြင်၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ MSME လုပ်ငန်းများကို အားပေးသည့်အနေဖြင့် နိုင်ငံတော်သမ္မတကြီး၏ ပြည်တွင်းခရီးစဉ်များအားလုံးတွင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာကာ အသေးစိတ်ဆောင်ရွက်ခဲ့ကြောင်း၊ ဒေသထွက်ကုန်ကြမ်းများကို ကုန်ကြမ်းအဖြစ်သာ တင်ပို့နေရသဖြင့် ဝင်ငွေလျော့နည်းနေရပြီး ပြည်တွင်း၌ တန်ဖိုးမြှင့်ကုန်ချောများပြုလုပ်၍ တန်ဖိုးမြင့်ထုတ်ကုန်များ တင်ပို့နိုင်ရေးသည်လည်း မူဝါဒတစ်ခုဖြစ်ကြောင်း။

ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ဦးဆောင်ဆောင်ရွက်လျက်ရှိပြီး ပြည်ပခရီးစဉ် ၉ ခုအနက် ၇ ခုတွင် စီးပွားရေးဖိုရမ်များ ပြုလုပ်ခဲ့ကာ ရင်းနှီးမြှုပ်နှံမှု investor များကို ဖိတ်ခေါ်ခြင်းနှင့် ကတိကဝတ်များပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုများအတွက် အဆင်ပြေချောမွေ့လွယ်ကူစေမည့် environment ဖြစ်စေရန် လိုအပ်သည့် ဥပဒေပြဋ္ဌာန်းခြင်းများ၊ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်ပြင်ဆင်ဆွေးနွေးမှုများ များစွာပြုလုပ်လျက်ရှိကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒအနေဖြင့် ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းမွန်စေရန်နှင့် အမြတ်နည်းနည်းဖြင့် အရေအတွက်များများ ထုတ်လုပ်ရန် လမ်းညွှန်ချက်များပေးအပ်ထားကြောင်း။

စိုက်ပျိုးရေးနှင့် သီးနှံတိုးချဲ့ရေးကဏ္ဍတွင် နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသ၌ နေထိုင်ပြီး ၎င်းတို့အနက် ရာခိုင်နှုန်း ၅၀ ခန့်သည် လယ်ယာ၊ သားငါးနှင့် သစ်တောကဏ္ဍများတွင် အလုပ်လုပ်ကိုင်နေကြသည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ယင်းကဏ္ဍများကိုသာ အခြေခံရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးအတွက် အဓိကဖြစ်သော မျိုး၊ မြေ၊ ရေနှင့် နည်းလမ်းလေးခု တိုးတက်ကောင်းမွန်စေရန်နှင့် မိုးစပါး ဧက ၁၃ သန်းကျော် စိုက်ပျိုးနိုင်သော်လည်း နွေစပါး ၂ သန်းကျော်သာ စိုက်ပျိုးနိုင်သည့်အတွက် ရေရရှိရန် မြစ်ရေတင်စီမံကိန်းများကို ဆိုလာစနစ်ဖြင့် ဆောင်ရွက်ကာ နွေစပါးတိုးချဲ့ထုတ်လုပ်ရန် လမ်းညွှန်ထားကြောင်း။

ပြီးခဲ့သည့်လက ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် အခမ်းအနား၌ မြန်မာ့ပေါ်ဆန်းဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်ဆု ရရှိခဲ့ပါကြောင်း၊ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်သည် ၂၀၁၁ ခုနှစ်တွင်ဖြစ်ပါကြောင်း၊ ပေါ်ဆန်းဟုပြောလိုက်လျှင် မြန်မာနိုင်ငံက ကမ္ဘာ့အကောင်းဆုံး ဆန်ဆိုသည့် Brand အရည်အသွေးကို ထိန်းထားရန်လိုအပ်ကြောင်း၊ အခြားဆန်များသည် တစ်တန်လျှင် ဒေါ်လာ ၃၅၀ ခန့်သာ ရရှိချိန်တွင် ပေါ်ဆန်းဆန်မှာ ဒေါ်လာ ၇၀၀ ခန့် နှစ်ဆရရှိသဖြင့် ဈေးကောင်းရသည်ဆိုပြီး quality control မလုပ်ပါက အရည်အသွေးကျဆင်းသွားမည်ဖြစ်သည့်အတွက် quality control ပြုလုပ်ရန် မူဝါဒချမှတ်ထားပါကြောင်း၊ ရော်ဘာ၊ ဝါး၊ ဝါနှင့် ကော်ဖီများကိုလည်း တိုးချဲ့စိုက်ပျိုးရန် မူဝါဒချမှတ်ထားပါကြောင်း။

သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီပါက ပြည်တွင်းဖူလုံသည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်သော်လည်း လက်ရှိတွင် ဆီထွက်သီးနှံနှင့် အခြားသီးနှံများကို ပြည်ပမှ တင်သွင်းနေရဆဲဖြစ်ရာ စာရင်းဇယားမှန်ကန်ရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးတို့ကို မူဝါဒတစ်ရပ်အနေဖြင့် ချမှတ်ထားကြောင်း၊ နောက်တစ်ခုက စိုက်ပျိုးရေးနှင့် သီးနှံတိုးချဲ့ရေးအနေဖြင့် Smart Agriculture စိုက်ပျိုးရေးကို အခြေခံသည့် Industry လမ်းကြောင်းကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း။

မြေယာအသုံးချမှုကဏ္ဍတွင် စိုက်ပျိုးမွေးမြူရေးအတွက် ပေးအပ်ထားသည့် မြေယာများကို ရည်ရွယ်ချက်အတိုင်း အကောင်အထည်မဖော်ဘဲ အခြားနည်းလမ်းဖြင့် သုံးစွဲခြင်း သို့မဟုတ် ရောင်းချခြင်းများတွေ့ရှိပါက ပြန်လည်သိမ်းဆည်းမည်ဖြစ်ကြောင်း။

ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ နေကြာ၊ ပဲပုပ် နှင့် မြေပဲတို့ တိုးချဲ့စိုက်ပျိုးရန် မကွေးတိုင်းဒေသကြီးအပါအဝင် အခြားဒေသများ၌ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ပြီး နည်းလမ်းနှင့် မျိုးကောင်းမျိုးသန့်များဆိုင်ရာ outcome များရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ဆီထွက်သီးနှံစိုက်ပျိုးသော နိုင်ငံဖြစ်သော်လည်း လစဉ်ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခံ၍ ပြည်ပမှ စားသုံးဆီအတွက် စားအုန်းဆီများ တင်သွင်းနေရကြောင်း၊ ပြည်တွင်း၌ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆီအုန်းများကို အောင်အောင်မြင်မြင် စိုက်ပျိုးပြီး ခေတ်မီဆီစက်များဖြင့် ဆီကြမ်းမှ ဆီချောအထိ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှတင်သွင်းရသည့် နိုင်ငံခြားငွေကုန်ကျစရိတ်များ လျှော့ချနိုင်ကာ ပြည်သူများအတွက် အခြားအကျိုးရှိမည့် ကဏ္ဍများ၌ သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ စားသုံးဆီ၊ ဂျုံ၊ ချည်ထည်များသည် ပြည်တွင်း၌ ထွက်ရှိသော်လည်း ကုန်ချောဖြစ်အောင် မပြုလုပ်နိုင်ဘဲ ပြည်ပမှတင်သွင်းနေရသည့်အတွက် နိုင်ငံခြားငွေ trade balance မမျှတခြင်းဖြစ်ကြောင်း။

မွေးမြူရေး၊ ကုန်ဈေးနှုန်း၊ အခွန်နှင့်ပတ်သက်၍လည်း မူဝါဒချမှတ်ထားပါကြောင်း၊ မွေးမြူရေးကဏ္ဍတွင် ကြက်ဥနှင့် ကြက်သားကို လူဦးရေနှင့် စားသုံးမှုပမာဏအပေါ် အခြေခံတွက်ချက် တိုးချဲ့မွေးမြူရမည်ဖြစ်ကြောင်း၊ သားငါးကဏ္ဍတွင် ငါး၊ ပုစွန်ရေထွက်ပစ္စည်း သဘာဝမှဖမ်းဆီးရယူမှုမှာ ရာခိုင်နှုန်း ၇၀ ရှိပြီး မွေးမြူမှုမှာ ရာခိုင်နှုန်း ၃၀ သာရှိသဖြင့် ဗီယက်နမ်နိုင်ငံကဲ့သို့ မွေးမြူရေးကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသည် ယခင်က CLMV လေးနိုင်ငံ အတွင်း အတူတကွပါဝင်ခဲ့သော်လည်း ယခုအခါ ဖွံ့ဖြိုးမှုအဆင့်အတန်း များစွာကွာခြားသွားပြီဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏မိန့်ခွန်းတွင် တွေ့ရှိရသည့် အချက်အလက်များအရ ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀ ကျော်၊ ၅၀၀ နီးပါးအထိ ရှိနေချိန်တွင် မိမိတို့နိုင်ငံ၏ GDP မှာ ဘီလီယံ ၈၀ ကျော်သာရှိသေးကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် သားငါးမွေးမြူရေးကဏ္ဍကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် တိရစ္ဆာန်မွေးမြူရေးအတွက် လိုအပ်သည့်အစာများ မိမိတို့နိုင်ငံတွင် အလုံအလောက်ရှိပြီးဖြစ်ကြောင်း။

စက်သုံးဆီနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းကြီးမြင့်မှုများကြောင့် အစိုးရအနေဖြင့် တတ်နိုင်သမျှ အခွန်လျှော့ကောက်ခြင်း၊ ဓာတ်မြေဩဇာအတွက် အခွန်သက်သာခွင့်ပေးခြင်းနှင့် ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်းများဖြင့် ထိန်းညှိပေးခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း၊ အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ လက်ရှိ tax rate ကို တိုးမြှင့်မည်မဟုတ်ဘဲ အခွန်ရရှိနိုင်သည့် နယ်ပယ်ကိုသာ ချဲ့ထွင်သွားမည်ဖြစ်ပြီး နယ်စပ်ဒေသများရှိ တရားမဝင် ကုန်သွယ်မှုများကိုလည်း ဆက်လက်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း။

ကျန်းမာရေးကဏ္ဍတွင် လူ့အသက်ထက် အရေးကြီးသည့်အရာ ဘာမျှမရှိခြင်း၊ ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်ဖြစ်ခြင်းနှင့် လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ခြင်းဟူသည့် မူဝါဒ ၃ ရပ် ချမှတ်ထားပါကြောင်း၊ DCS ပြုလုပ်သွားသည့် ဝန်ထမ်းအရေအတွက် များပြားခဲ့သဖြင့် ချက်ချင်းပြန်လည်ဖြည့်ဆည်းရန် ခက်ခဲသော်လည်း ဆေးတက္ကသိုလ်များမှ ၆ နှစ်၊ ၇ နှစ်ခန့် အချိန်ယူ မွေးထုတ်ပေးလျက်ရှိရာ မောင်မယ်သစ်လွင်ဆရာဝန် ၂၅၀၀ ကျော်နှင့် သူနာပြု ၂၆၀၀ ကျော်ခန့် အပ်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် အထူးကုဆရာဝန်ကြီးများအနေဖြင့် ချက်ချင်းဖြစ်မလာနိုင်ဘဲ အချိန်ယူပြုစုပျိုးထောင်ရမည့် အခြေအနေရှိကြောင်း။

ပညာရေးကဏ္ဍနှင့်စပ်လျဉ်း၍ အခမ်းအနားများ၊ အစိုးရအဖွဲ့အစည်းအဝေးများနှင့် နိုင်ငံတော်အခြေပြ မိန့်ခွန်းများအားလုံးတွင် ပညာရေးကို အလေးပေးပြောကြားလေ့ရှိကြောင်း၊ ယခင်က မူလတန်းမသင်မနေရ ပညာရေးစနစ်ကျင့်သုံးခဲ့ရာမှ ယခုအခါ အလယ်တန်းအဆင့် (KG+9) မသင်မနေရ ပညာရေးစနစ်ကို ချမှတ်ထားပြီး ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အလယ်တန်း စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ပညာရပ်များသင်ကြားနိုင်ရန် Poly-technic School များ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေသကဲ့သို့ စက်မှု၊ စိုက်ပျိုးရေး အထက်တန်းကျောင်းများအပြင် အလယ်တန်းအဆင့်များ၌ စာမေးပွဲဖြေဆိုရန်မလိုသော်လည်း အသိပညာဗဟုသုတအဖြစ် သင်ကြားပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူငယ်များ၏ စည်းကမ်း၊ အကျင့်စာရိတ္တနှင့် စိတ်ဓာတ်မြှင့်တင်ရေးအတွက် သင်ရိုးညွှန်းတမ်းများနှင့် သင်ခန်းစာပို့ချမှုများတွင် ထည့်သွင်းသင်ကြားနိုင်ရန် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း။

စံကိုက်ကျောင်းများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းပေါင်း ၅၀၀၀၀ ကျော် ရှိသည့်အနက် ၁၀ ရာခိုင်နှုန်းခန့်သာ စံကိုက်ကျောင်းများဖြစ်ပါကြောင်း၊ စံကိုက်ကျောင်း သတ်မှတ်ချက်အရ ကျောင်းဝင်းအကျယ်အဝန်းမှာ မူလတန်းကျောင်းဖြစ်ပါက ၃ ဧက၊ အလယ်တန်းကျောင်းဖြစ်ပါက ၅ ဧကနှင့် အထက်တန်းကျောင်းဖြစ်ပါက ၇ ဧက ရှိရမည်ဖြစ်သကဲ့သို့ အခြားရှိသင့်ရှိထိုက်သည့် စံနှုန်းသတ်မှတ်ချက် စာရင်းများလည်းရှိပြီးဖြစ်ကြောင်း၊ ကျောင်းအားလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်းအဆင့်မြှင့်တင်ရန် မဖြစ်နိုင်သေးသော်လည်း အရေးကြီးသည့်အဆင့်များကို တစ်ဆင့်ချင်းစီ အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး ယင်းမှာ မိမိတို့၏ ၅ နှစ်တာကာလအတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း။

ထို့နောက် နိုင်ငံခြားရေးမူဝါဒနှင့်စပ်လျဉ်း၍ လွတ်လပ်ပြီး တက်ကြွ၍ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်နှင့်အညီ ဆက်လက်လျှောက်လှမ်းသွားမည်ဟု ထပ်လောင်း အတည်ပြုပြောကြားလိုကြောင်း၊ ယနေ့အထိလည်း အဆိုပါမူဝါဒမှ သွေဖည်ခဲ့ခြင်းမရှိသကဲ့သို့ နောင်တွင်လည်း ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများအားလုံးနှင့် ခင်မင်ရင်းနှီးပြီး မိတ်ဝတ်မပျက်သော ဆက်ဆံရေးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဝတ်မပျက် ဆက်ဆံသွားမည်ဖြစ်ကြောင်း။

အားကစားနှင့် ယဉ်ကျေးမှုကဏ္ဍနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ခရီးစဉ်တိုင်းတွင် အားကစားရုံများ၊ အားကစားကွင်းများသာမက တက္ကသိုလ်များရှိ အားကစားရုံများ၊ အားကစားကွင်းများနှင့် အပန်းဖြေစင်တာ (Recreation Center) များကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အဆင့်မြှင့်တင်ရန် လိုအပ်သည်များ၊ ပြုပြင်ရန် လိုအပ်သည်များနှင့် အသစ်ထပ်မံဖြည့်ဆည်းရန် လိုအပ်သည်များအားလုံးကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

ထို့ပြင် အနုပညာကဏ္ဍနှင့်ပတ်သက်၍ ဇာတ်ရုံများနှင့် ရုပ်ရှင်ရုံများကို ပြုပြင်မွမ်းမံလျက်ရှိသကဲ့သို့ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အနုပညာဗဟိုဌာန (Art Center) (၂) ခုကိုလည်း ပြီးစီးအောင် တည်ဆောက်၍ အနုပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးအဆင့်မြှင့်တင်လျက်ရှိကြောင်း၊ အားကစားနှင့်ပတ်သက်၍ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သည့် အားကစားသမားများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုချီးမြှင့်ပေးလျက်ရှိကြောင်း။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွင် မိုးရာသီကာလတစ်လျှောက်လုံး၌ နိုင်ငံတော်အဆင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို (၃) ကြိမ်၊ (၄) ကြိမ်ခန့် ကျင်းပဆောင်ရွက်သကဲ့သို့ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် မိမိတို့နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ ရာခိုင်နှုန်း ၄၀ ကျော်သာ ရှိသေးသဖြင့် ရာခိုင်နှုန်း ၅၀ အထိ ဖုံးလွှမ်းနိုင်စေရန် ရည်ရွယ်ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း။

ထို့ပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (Economy) ဘက်ကိုသာ အလွန်အကျွံ အလေးပေးဆောင်ရွက်ပါက ဂေဟစနစ် (Ecology) ကို ထိခိုက်နိုင်သဖြင့် ဂေဟစနစ်နှင့် စီးပွားရေး ဟန်ချက်ညီမျှစေရန် (Ecology and Economy Balance) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏မူဝါဒအရ မြေပေါ်မြေအောက်သယံဇာတများအနက် ပြန်လည်အစားထိုး စိုက်ပျိုးထုတ်လုပ်နိုင်သည့် သယံဇာတများကို ထုတ်ယူသုံးစွဲသွားမည်ဖြစ်ပြီး လွယ်လင့်တကူ ပြန်လည်အစားမထိုးနိုင်သည့် သယံဇာတများကိုမူ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ သစ်ပင်ကဲ့သို့ ပြန်လည်စိုက်ပျိုး၍ ရသည့်အရာများကို ထုတ်ယူသုံးစွဲခြင်းနှင့်အတူ ပြန်လည်စိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး မူကြီး (၅) ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ အွန်လိုင်းငွေလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် Zero Tolerance ကို ကျင့်သုံးကာ လုံးဝသက်ညှာမည်မဟုတ်ဘဲ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ထို့ပြင် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ မိမိတို့နိုင်ငံသည် ရေကြီးရေလျှံမှုများနှင့် မန္တလေးငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရလေ့ရှိရာ ယင်းတို့နှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အတတ်နိုင်ဆုံး အချိန်မီပြီးစီးအောင် ဆောင်ရွက်ရမည်ဟူသည့် မူဝါဒကိုချမှတ်ထားပါကြောင်း။

ယခင်ရက်ပိုင်းက နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းတွင်ပါဝင်သည့် မျှော်မှန်းချက်ပန်းတိုင်များနှင့်စပ်လျဉ်း၍ မိမိတို့အနေဖြင့် မူဝါဒများချည်းသာ ချမှတ်နေခြင်းမဟုတ်ဘဲ မူဝါဒများနှင့်အတူ Target များလည်းရှိကြောင်း၊ ယင်းပန်းတိုင်သို့ ရောက်ရှိရန် မည်သည့်လုပ်ငန်းစဉ် (Activities) များဖြင့် ဆောင်ရွက်မည်ဆိုသည်ကိုလည်း စနစ်တကျချမှတ်ထားပါကြောင်း၊ အချိန်ကန့်သတ်ချက်အရ မိမိအနေဖြင့် မူဝါဒနှင့် ပန်းတိုင်များကိုသာ ပြောကြားမည်ဖြစ်ပြီး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မည်သည့်အချိန်ဇယား (Timeline) ဖြင့် သွားမည်၊ မည်သည့်အချိန်တွင် အပြီးဆောင်ရွက်မည်၊ ဘတ်ဂျက် (Budget) မည်မျှသုံးစွဲမည်၊ မည်သူက မည်သို့တာဝန်ယူဆောင်ရွက်မည် စသည့်လုပ်ငန်းလမ်းပြမြေပုံ (Roadmap) များမှာ သက်ဆိုင်ရာဌာနများတွင် အသီးသီးရှိပြီးဖြစ်ကြောင်း။

လက်ရှိတွင် အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံကျော်သာရှိသေးပြီး ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ကို ယခုနှစ်အတွင်း ဒေါ်လာ ၉၈ ဘီလီယံအထိ ရောက်ရှိရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်ပကြွေးမြီအနေဖြင့် ၂၀၂၁ ခုနှစ် မတိုင်မီက အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံရှိခဲ့ရာမှ တဖြည်းဖြည်း ပေးဆပ်လျှော့ချလာခဲ့ရာ ယခုအခါ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံအထိ လျှော့ချနိုင်ခဲ့ပြီဖြစ်ကြောင်း။

စားသုံးဆီကဏ္ဍနှင့်စပ်လျဉ်း၍ ၅ နှစ်အတွင်း ပြည်တွင်း၌ ဖူလုံရမည်ဖြစ်ပြီး ပြည်ပမှတင်သွင်းရန် မလိုအပ်တော့သည့်အဆင့်အထိ ရောက်ရှိစေရန် ပန်းတိုင်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းကဏ္ဍတွင်လည်း ရထားများ တစ်နာရီလျှင် ကီလိုမီတာ ၇၀- ၈၀ အထိ မောင်းနှင်ပြေးဆွဲနိုင်ရန် ဦးတည်ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း။

လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ လက်ရှိတွင် အားလုံးကြုံတွေ့ခံစားနေရသည့် လျှပ်စစ်မီးပြတ်တောက်မှုများ၊ အထူးသဖြင့် အယ်လ်နီညိုရာသီဥတု ပူပြင်းသည့်ကာလများတွင် ကြုံတွေ့ရသည့်အခက်အခဲများကို ဖြေရှင်းနိုင်ရန် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀၀ ကျော်အထိ တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားပြီး ယင်းအစီအမံများကိုလည်း ဆက်လက်ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း။

ထို့ပြင် ငြိမ်းချမ်းရေးကဏ္ဍနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး ပြောကြားခဲ့သည့်အတိုင်း ၂၀၂၈ ခုနှစ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပပြုလုပ်နိုင်ရန် စီမံထားရှိပြီး အသေးစိတ်အချက်အလက်များကို နောက်ပိုင်းတွင် ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း။

နိုင်ငံတော်သမ္မတကြီး၏ ပြည်ပခရီးစဉ်များအနေဖြင့် ရက်ပေါင်း ၁၈၂ ရက်အတွင်း မိုင်ပေါင်း ၂၅၀၀၀ ကျော် ပျံသန်း၍ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဘယ်လာရုစ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မလေးရှား စသည့်နိုင်ငံပေါင်း ၉ နိုင်ငံသို့ သွားရောက်ခဲ့ပြီး ၇ နိုင်ငံတွင် စီးပွားရေးဖိုရမ်များကျင်းပ၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ခရီးစဉ်လမ်းကြောင်းအရ ပထမဦးစွာ အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ထိုမှတစ်ဆင့် အာဆီယံကုန်းတွင်းပိတ်နိုင်ငံများ၊ ထို့နောက် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများဖြစ်သည့် ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံများသို့ သွားရောက်ခဲ့ကာ အာဆီယံပင်လယ်ပိုင်းနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံသို့လည်း သွားရောက်ခဲ့ကြောင်း။

ခရီးစဉ်တစ်ခုချင်းစီ၏အချုပ်အားဖြင့် လာအိုနိုင်ငံခရီးစဉ်တွင် သံတမန်ရေးအရ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန်၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် နယ်စပ်ဖြတ်ကျော်ရေးရာကိစ္စရပ်များ၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည့်အပြင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အာဆီယံတွင် မြန်မာနိုင်ငံ ပုံမှန်အတိုင်း ပြန်လည်ပါဝင်နိုင်ရေးအတွက် လာအိုနိုင်ငံက အပြည့်အဝထောက်ခံကြောင်း၊ ယင်းခရီးစဉ်တွင် နေပြည်တော်နှင့် ဗီယင်ကျန်းမြို့တို့အကြား ညီအစ်မမြို့တော် (Sister City) အဖြစ် ဆောင်ရွက်ရန်၊ မဲခေါင်မြစ်ဝှမ်းရေအားလျှပ်စစ် (Feasibility Study) ပူးတွဲဆောင်ရွက်ရန်နှင့် လာအိုနိုင်ငံရောက် မြန်မာလုပ်သားများအတွက် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်ရရှိခဲ့ပြီး ကျိုင်းတုံ-လွမ်ပရာဘမ် လေကြောင်းလိုင်း တိုးချဲ့ပြေးဆွဲရေးအတွက် ဆွေးနွေးလျက်ရှိကြောင်း။

ထို့ပြင် ထိုင်းနိုင်ငံခရီးစဉ်တွင်လည်း နယ်စပ်ဒေသများ၌ ဖြစ်ပွားနေသည့် အွန်လိုင်းလောင်းကစားမှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးတို့အတွက် သတင်းအချက်အလက်ဖလှယ်ရန် ဆွေးနွေးသဘောတူညီမှု ရရှိခဲ့သကဲ့သို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍတွင်လည်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးကိစ္စရပ်များမှာ ခရီးစဉ်အပြီး ဆက်လက် အကောင်အထည်ဖော်မှုများကြောင့် အတော်ခရီးရောက်နေပြီဖြစ်ကြောင်း။

ယခုအခါ နှစ်နိုင်ငံသဘောတူညီချက်အရ အပြန်အလှန်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ နမ့်ခုတ်မြစ်ရေအရည်အသွေးထိန်းသိမ်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍတွင် လက်ရှိကိန်းဂဏန်းအချက်အလက် အနည်းငယ်ကွာဟမှုရှိသော်လည်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ ရောက်ရှိအောင် တိုးမြှင့်ဆောင်ရွက်သွားရန် ညှိနှိုင်းခဲ့ကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ တရားဝင်ရပ်တည်နေထိုင်ခွင့်၊ အလုပ်သမားအခွင့်အရေးများနှင့် လူမှုဖူလုံရေးကိစ္စရပ်များနှင့်ပတ်သက်၍လည်း နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်က မိဘနေရာကနေ၍ အလေးအနက်ထား ပြောကြားခဲ့ကြောင်း။

ဆက်လက်၍ ရုရှားနိုင်ငံခရီးစဉ်နှင့်စပ်လျဉ်း၍ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်နိုင်ခဲ့ကြောင်း၊ ခရီးစဉ်အတွင်း ရုရှားနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်နှင့် ဒူးမားလွှတ်တော်အကြီးအကဲများ စသည့်နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲနှင့် လွှတ်တော်အကြီးအကဲများအားလုံးနှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့် နည်းပညာကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး ယခုအခါ ဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ခရီးစဉ်အတွင်း အစိုးရအချင်းချင်း (G2G) နားလည်မှုစာချွန်လွှာ ၁၂ ခုနှင့် စီးပွားရေးလုပ်ငန်းအချင်းချင်း (B2B) သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း။

အထူးသဖြင့် စွမ်းအင်နှင့် အဆင့်မြင့်ပညာကဏ္ဍတွင် ၂၀၂၈ ခုနှစ်၌ မြန်မာအာကာသယာဉ်မှူး စေလွှတ်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အာကာသနည်းပညာဆိုင်ရာ MoU ၄ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ထားဝယ် LNG စီမံကိန်းနှင့်စပ်လျဉ်း၍ LNG စက်ရုံ တည်ဆောက်ကာ ပြည်တွင်း၌ သုံးစွဲရန်သာမက အိမ်နီးချင်းနိုင်ငံများသို့ပါ တင်ပို့ရောင်းချနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း။

ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်နှင့်စပ်လျဉ်း၍ ဘယ်လာရုစ်နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံ၍ ဖွံ့ဖြိုးတိုးတက်လာသည့် နိုင်ငံဖြစ်သည့်အတွက် ဘယ်လာရုစ်နိုင်ငံမှ စိုက်ပျိုးရေးနည်းပညာများ၊ ဓာတ်မြေဩဇာများ၊ စက်ကိရိယာများကို မိမိတို့နိုင်ငံရှိ မြေယာနှင့် လုပ်သားအင်အားအရင်းအမြစ်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း၊ ထို့ပြင် အကြီးစားစက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ စက်မှုလုပ်ငန်းကဏ္ဍများတွင်လည်း ဘယ်လာရုစ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၆-၂၀၂၈ ခုနှစ် (၃) နှစ်တာကာလအတွက် မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံ (Myanmar-Belarus Cooperation Roadmap) ကို ရေးဆွဲသဘောတူညီပြီးဖြစ်ရာ အဆိုပါမူဘောင်အတိုင်း အချိန်ဇယားနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ဗီယက်နမ်နိုင်ငံသည် အစောပိုင်းက တင်ပြခဲ့သည့်အတိုင်း CLMV ၄ နိုင်ငံအဆင့်မှ ယခုအခါ မိမိတို့ထက် ဖွံ့ဖြိုးတိုးတက်သာလွန်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာပြီဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် အာဆီယံနှင့် မဲခေါင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မကြာမီတွင်လည်း မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ (Chair) အဖြစ် တာဝန်ယူကျင်းပမည့် ACMECS အစည်းအဝေးနှင့် CLMV ၄ နိုင်ငံအစည်းအဝေးများ ကျင်းပရန်ရှိပါကြောင်း၊ ဗီယက်နမ်ခရီးစဉ်အတွင်း နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲနှင့် လွှတ်တော်အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စွမ်းအင်ကဏ္ဍ၊ သတင်းအချက်အလက်နှင့် နည်းပညာ (IT) ကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် ဒစ်ဂျစ်တယ်ကဏ္ဍ စသည့်ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးသဘောတူညီမှုများရရှိခဲ့ကာ နားလည်မှုစာချွန်လွှာ (MoU) များ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း။

ကမ္ဘောဒီးယားနိုင်ငံ ခရီးစဉ်နှင့်စပ်လျဉ်း၍ ကမ္ဘောဒီးယားနိုင်ငံထံမှ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အတုယူဖွယ်ရာ အတွေ့အကြုံကောင်းများများစွာရှိပါကြောင်း၊ ခရီးစဉ်အတွင်း ယာယီ နိုင်ငံတော်အကြီးအကဲ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံအတွင်း မြန်မာနိုင်ငံ ပုံမှန်အတိုင်း ပြန်လည်ပါဝင်နိုင်ရေးအတွက် အခိုင်အမာထောက်ခံအားပေးသည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ပြင် ခရီးသွားလုပ်ငန်းများစွာ ဖွံ့ဖြိုးတိုးတက်နေသည့် ကမ္ဘောဒီးယားနိုင်ငံနှင့်ပူးပေါင်း၍ ‘‘နိုင်ငံနှစ်ခု၊ ခရီးစဉ်တစ်ခု’’ (Two Countries, One Destination) အစီအစဉ်အရ ပုဂံမြို့နှင့် စီယမ်ရိ (Siem Reap) မြို့တို့အကြား ညီအစ်မမြို့တော် (Sister City) အဖြစ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း၊ ယင်းအစီအစဉ်အောင်မြင်စေရန်အတွက် တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း။

ဆက်လက်၍ ယခုခရီးစဉ်များအနက် နောက်ဆုံးသွားရောက်ခဲ့သည့် မလေးရှားနိုင်ငံခရီးစဉ်နှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မြန်မာနိုင်ငံအပေါ် သဘောထားအနည်းငယ်တင်းမာသည်ဟု အကြမ်းဖျင်းယူဆရသော်လည်း အမှန်တကယ်သွားရောက်ခဲ့သည့်အခါ အလွန်ပင် လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပြီး အာဆီယံအတွင်း မြန်မာနိုင်ငံက ကျင့်သုံးလျက်ရှိသည့် (Myanmar Ways) သွားနေသည့်ပုံစံကို ထောက်ခံကြောင်း အလေးအနက်ဆွေးနွေးခဲ့ကြောင်း။

ထို့ပြင် မလေးရှားနိုင်ငံနှင့် (Logistics) ကိစ္စရပ်များ၊ ဆိပ်ကမ်းနှင့် သံမဏိလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည့်အပြင် အစိုးရအချင်းချင်း (G2G)၊ စီးပွားရေးလုပ်ငန်းအချင်းချင်း (B2B)၊ ပြည်သူအချင်းချင်း (People-to-People) အစီအစဉ်များနှင့်အတူ ပညာရှင်အဖွဲ့အစည်းအချင်းချင်း (Think Tank to Think Tank) ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း၊ ထူးခြားချက်အနေဖြင့် နှစ်နိုင်ငံပညာရှင်အဖွဲ့အစည်း (Think Tank) များ သီးသန့်ဆွေးနွေးသည့် ဆွေးနွေးပွဲတစ်ရပ်ကိုလည်း ကျင်းပနိုင်သကဲ့သို့ မလေးရှားနိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိသည်ကို တွေ့ရှိရကြောင်း။

ယင်းခရီးစဉ်၏ အထူးခြားဆုံးအောင်မြင်မှုရလဒ်အဖြစ် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၈၀၀၀ ကျော်ကို ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး နောက်ဆုံးအကြိမ်အဖြစ် တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို သွားရောက် ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်းနှင့် နောက်ပိုင်းတွင်လည်း လိုအပ်သည့်စိစစ်မှုများ ပြုလုပ်ပြီးပါက ထပ်မံပြန်လည်ခေါ်ဆောင်ပေးမည့် အစီအစဉ်များရှိပါကြောင်း။

ပြည်ပခရီးစဉ်များအတွင်း ဆွေးနွေးခဲ့သည့် မဟာဗျူဟာမြောက် စီမံကိန်းကြီးရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ အာကာသနှင့် ဂြိုဟ်တုနည်းပညာကဏ္ဍ၊ ဂြိုဟ်တုလွှတ်တင်ရေးကိစ္စရပ်များအပြင် ရုရှားနိုင်ငံနှင့်ပူးပေါင်း၍ မြန်မာအာကာသ ယာဉ်မှူးစေလွှတ်ရေးတို့ကို ရေရှည်မဟာဗျူဟာစီမံကိန်း (Long-term Plan) များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍတွင်လည်း မဲခေါင်ရေအားလျှပ်စစ်စီမံကိန်း၊ သဘာဝဓာတ်ငွေ့ရည် (LNG) စက်ရုံတည်ဆောက်ရေးနှင့် နျူကလီးယားစွမ်းအင်သုံး စက်ရုံတည်ဆောက်ရေးတို့မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသည့် မဟာဗျူဟာမြောက် စီမံကိန်းကြီးများဖြစ်ပါကြောင်း။

ဒေသတွင်း ကုန်သွယ်မှုလမ်းကြောင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် အဆိုပြုတင်ပြခဲ့သည့် အရှေ့-အနောက်စီးပွားရေး စင်္ကြံလမ်း (East-West Corridor) အရ ဗီယက်နမ်နိုင်ငံမှစတင်ကာ လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့ကို ချိတ်ဆက်၍ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်သို့ ဖြတ်သန်းသွားလာနိုင်မည့် လမ်းကြောင်းဆိုင်ရာကိစ္စရပ်များကို ရုရှား၊ ဘယ်လာရုစ်၊ အာဆီယံနိုင်ငံများအပြင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၌ပါ ဆွေးနွေးအဆိုပြုခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့်လည်း ယင်း၏ကုန်ပစ္စည်းများတင်ပို့ရန် စိတ်ဝင်စားမှုရှိနေပြီး မြန်မာနိုင်ငံသည် အလယ်ဗဟိုဆုံမှတ် (Junction) နေရာတွင် တည်ရှိနေသည့်အတွက် မြန်မာနိုင်ငံကိုဖြတ်သန်း၍ ကုန်သွယ်မှုလမ်းကြောင်း ဖော်ဆောင်နိုင်ရေးနည်းလမ်းများကို နိုင်ငံတော်သမ္မတကြီးက အဆိုပြုဆွေးနွေးခဲ့ကြောင်း။

ထို့ပြင် ယနေ့သတင်းစာရှင်းလင်းပွဲ၏ အဓိကခေါင်းစဉ် (၂)ရပ်အပြင် အရေးအကြီးဆုံးဖြစ်သည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရသစ် တာဝန်ယူပြီးချိန်၌ လျှပ်စစ်ဓာတ်အားကို တိုးမြှင့်ဖြန့်ဖြူးပေးမည်ဟု ပြောကြားခဲ့သည့်အတိုင်း ဧပြီ ၂၂ ရက်မှစတင်ကာ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ သို့ရာတွင် စက်တင်ဘာလအတွင်း စူပါအယ်လ်နီညိုရာသီဥတုသက်ရောက်မှုကြောင့် ရေလှောင်တမံများ၏ ရေမျက်နှာပြင်များ ကျဆင်းခဲ့ရသဖြင့် အောက်တိုဘာ ၅ ရက်မှစတင်၍ ဝန်အားထိန်းညှိသည့် အလှည့်ကျလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုအစီအစဉ်ကို ကြေညာဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့ အလှည့်ကျပေးဝေရာတွင် တစ်ခါတစ်ရံ လျှပ်စစ်မီးစတင်ရရှိသည်နှင့်တစ်ပြိုင်တည်း လျှပ်စစ်ပစ္စည်းများ အလွန်အကျွံအသုံးပြုကြခြင်းကြောင့် စနစ်အတွင်းဝန်အားပိကာ မီးပြန်လည်ပြတ်တောက်သွားခြင်းနှင့် ပြန်လည်ရရှိရန် အချိန်ကြာမြင့်ခြင်းတို့ဖြစ်ပေါ်ခဲ့သဖြင့် ပြည်သူများအကြား ဝေဖန်ပြောဆိုသံများ ထွက်ပေါ်ခဲ့ကြောင်း၊ အမှန်တကယ်တွင် မီးလာမည့်အချိန်၌ မပေးဘဲနေခြင်းမဟုတ်ဘဲ အားလုံးကတစ်ပြိုင်တည်းဝိုင်းဝန်း အသုံးပြုလိုက်သည့်အခါ ဓာတ်အားစနစ်ကို Effect ဖြစ်သည့်အတွက် လျှပ်စစ်ဓာတ်အားကို ထိန်းထိန်းသိမ်းသိမ်းသုံးစွဲကြရန် သက်ဆိုင်ရာဝန်ကြီးဌာနကလည်း အသိပေးကြေညာထားပြီးဖြစ်ကြောင်း။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများနှင့်စပ်လျဉ်း၍ ၂၀၁၀ ပြည့်နှစ်မှစတင်ကာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု တောက်လျှောက်တိုးတက်လာခဲ့သော်လည်း ၂၀၂၁ ခုနှစ်မှ ၂၀၂၅၊ ၂၀၂၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖျက်ဆီးမှုလုပ်ရပ်များကြောင့် ရှိရင်းစွဲအခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ယင်းသို့ဖျက်ဆီးခံရမှုများကြောင့် ပြန်လည်ပြုပြင်ရခြင်း၊ အချိန်နှင့်ငွေကြေးကုန်ကျရခြင်းတို့မှာ နောက်ဆုံးတွင် ပြည်သူလူထု၏ ကုန်ကျစရိတ်များသာဖြစ်ပြီး ပြည်သူများသာ အဓိကထိခိုက်နစ်နာရကြောင်း၊ ထိုသို့ ဖျက်ဆီးခံရမှုများမရှိခဲ့ပါက လျှပ်စစ်ဓာတ်အားများကို အပြည့်အဝဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတော်သမ္မတကြီး ဦးဆောင်သည့် ယခုအစိုးရသစ်လက်ထက်တွင် ၂၀၃၀ ပြည့်နှစ်၌ တစ်နိုင်ငံလုံး အပြည့်အဝလျှပ်စစ်ဓာတ်အားရရှိစေရန် ရည်မှန်းချက်ထားရှိပြီး အစိုးရတာဝန်စတင်ယူချိန်မှစ၍ စီမံချက်များရေးဆွဲကာ အားလုံးဝိုင်းဝန်းဆွေးနွေးတိုင်ပင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားသည် မရှိမဖြစ်အရေးကြီးသည့်အတွက် စွမ်းအင်အရင်းအမြစ်မျိုးစုံကို အသုံးပြုသွားမည်ဖြစ်ရာ နေပြည်တော်ရှိ ဝန်ကြီးဌာနရုံး အဆောက်အအုံအမိုးများပေါ်တွင် ဆိုလာစနစ်များ စတင်တပ်ဆင်ရန် စီစဉ်နေပြီဖြစ်ပြီး လာမည့်နွေရာသီအမီ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀၀ ရရှိနိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း။

ထို့ပြင် ဓာတ်အားပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းများကိုလည်း ပြုပြင်မွမ်းမံ၍ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရန် ဆောင်ရွက်နေသကဲ့သို့ ဓာတ်အားခိုးယူသုံးစွဲမှုများကိုလည်း ထိန်းချုပ်ရေး စင်တာ (Control Center) များမှ စောင့်ကြည့်ထိန်းချုပ်ကာ ဒဏ်ရိုက်ခြင်းနှင့် နိုင်ငံတော်သို့ ငွေပြန်လည်ပေးသွင်းစေခြင်းတို့ကို တင်းကျပ်စွာဆောင်ရွက်လျက်ရှိကြောင်း။

လက်ရှိ ၂၀၂၆ ခုနှစ်တွင် လျှပ်စစ်စွမ်းအင်အရင်းအမြစ်အဖြစ် ရေအားလျှပ်စစ်ကို အဓိကအသုံးပြုနေပြီး သဘာဝဓာတ်ငွေ့နှင့် ဆိုလာစွမ်းအင်အသုံးပြုမှုမှာ နည်းပါးနေသေးသော်လည်း ၂၀၃၀-၂၀၃၁ ခုနှစ်တွင် ရေအားလျှပ်စစ်နှင့်အတူ ဆိုလာစွမ်းအင်ကို သိသိသာသာ တိုးမြှင့်အသုံးပြုသွားမည်ဖြစ်သကဲ့သို့ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးစွမ်းအင်တို့ကိုလည်း အချိုးကျ ဟန်ချက်ညီညီ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရေးအကြီးဆုံးမှာ တည်ဆောက်ပြီးသား လျှပ်စစ်အခြေခံအဆောက်အအုံများကို မဖျက်ဆီးကြရန်ဖြစ်ပြီး ဖျက်ဆီးပါက ပြည်သူများသာ ထိခိုက်ခံစားရမည်ဖြစ်ကြောင်း။

နိဂုံးချုပ်အနေဖြင့် ယခုအစိုးရသက်တမ်း (၅) နှစ်တာကာလအတွင်း လုပ်ငန်းစဉ်များကို ပြန်လည်အနှစ်ချုပ်တင်ပြရပါက နိုင်ငံတော်သမ္မတကြီး၏ ရက် ၁၀၀ မိန့်ခွန်းတွင် ပြောကြားခဲ့သည့်အတိုင်း ပထမ (၂)နှစ်တာကာလ (Phase 1)တွင် ခိုင်မာသည့်အခြေခံအုတ်မြစ်များ ချမှတ်ခြင်းနှင့် လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန် (၃) နှစ်တာကာလ (Phase 2)တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ရာ လက်ရှိတွင် ပထမတစ်နှစ်အတွင်း၌သာ ရှိနေသေးသည့်အတွက် နောင်တွင်အရှိန်အဟုန်မြှင့် လျှောက်လှမ်းနိုင်ရန်လိုအပ်သည့် အခြေခံအုတ်မြစ်များခိုင်မာစေရေး အလေးထားကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ယခုမူဝါဒများ ရှင်းလင်းပြတ်သားစွာ ချမှတ်ထားပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုများလိုအပ်မည်ဖြစ်ကြောင်း၊ ရလဒ်ကောင်းများရရှိနိုင်ရန်အတွက် အရေးကြီးဆုံးမှာ လက်တွေ့လုပ်ဆောင်မှုပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရဘက်မှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများအပေါ် လက်တွေ့အကျိုးသက်ရောက်မှု ရှိစေရေးတို့အတွက် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် ယင်းလုပ်ငန်းစဉ်များမှာ ယခုချက်ချင်း၊ တစ်ရက်တည်း၊ တစ်လတည်း၊ အစိုးရတစ်ဖွဲ့တည်းက ဆောင်ရွက်နေရုံဖြင့် မလုံလောက်ပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးနှင့် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ Stakeholders များ အားလုံးက ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ကြမှသာ မျှော်မှန်းထားသည့် ရလဒ်ကောင်းများရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်တွင်း/ ပြည်ပ သတင်းမီဒီယာများ၏ သိရှိလိုသည့် အကြောင်းအရာများနှင့်စပ်လျဉ်းသည့် မေးခွန်းများအပေါ် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

သူရိယနေဝန်းဂျာနယ်မှ ဦးမိုးဟိန်းက မြန်မာ-အမေရိကန် ဆက်ဆံရေးအခြေအနေနှင့်စပ်လျဉ်း၍ မေးမြန်းရာ ဒုတိယဝန်ကြီးက အမေရိကန်နှင့် ပြန်လည်ဆက်ဆံသည်မှာ မှန်ကန်ကြောင်း၊ လက်ရှိတွင် စင်ကာပူ၊ မြန်မာနှင့် ဂျပန်နိုင်ငံတို့တွင် စုစုပေါင်း (၃) ကြိမ် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ မကြာသေးမီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာ အစီအစဉ်တွင် ရည်မှန်းချက် (၄)ခုပါဝင်ကြောင်း၊ ပထမအချက်ဖြစ်သည့် မြန်မာနိုင်ငံမှ အစပြုသော နိုင်ငံဖြတ်ကျော်ခြိမ်းခြောက်မှုများကို ကာကွယ်ရန်ဆိုသည့် အချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် Zero Tolerance ကျင့်သုံးကာ အွန်လိုင်းလိမ်လည်မှု (Online Scam) နှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နေသဖြင့် မိမိတို့မူဝါဒနှင့်ကိုက်ညီကြောင်း၊ ကျန်အချက်များမှာ ပို့ကုန်ကုန်သွယ်မှု လိုငွေလျှော့ချရန်၊ ငြိမ်းချမ်းရေးအစီအစဉ်နှင့် ဒေသတွင်းဩဇာလွှမ်းမိုးမှု တိုးမြှင့်၍ အမေရိကန်နိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများ တိုးချဲ့ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း။

အမေရိကန်နိုင်ငံသည် အမျိုးသားအကျိုးစီးပွား (National Interest) အတွက် ဆောင်ရွက်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သဖြင့် မိမိတို့၏အမျိုးသားအကျိုးစီးပွားကို ရှေးရှုကာ နှစ်ဖက်အကျိုးရှိစေမည့် (Win-Win Situation) ကိစ္စရပ်အားလုံးကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏မိန့်ခွန်းတွင် ပါဝင်သည့်အတိုင်း မည်သည့်နိုင်ငံကိုမျှ ရန်သူအဖြစ်သဘောမထားဘဲ မိတ်ဝတ်မပျက်ဆက်ဆံလျက်ရှိရာ အမေရိကန်သည်လည်း မိတ်ဆွေနိုင်ငံဖြစ်သဖြင့် နှစ်နိုင်ငံအကျိုးရှိမည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း။

ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်၍ ပြည်ပနိုင်ငံတစ်ခုအနေဖြင့် မြန်မာနိုင်ငံ၏သမိုင်းကြောင်းနှင့် မြေပြင်အခြေအနေကို မည်မျှသိရှိထားသည်ကို မသိရှိသော်လည်း ပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် နည်းလမ်းများဖြင့်သာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပိတ်ဆို့အရေးယူမှု (Sanction) များ ရုပ်သိမ်း၍ အတူပူးပေါင်းဆောင်ရွက်နိုင်ပါက ပြည်သူများ၏ လူနေမှုအဆင့်အတန်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသည်မှာ မှန်ကန်ပြီး နှစ်ဖက်အကျိုးရှိရေး ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း ဖြေကြားသည်။

Myanmar Hard Talk မှ ဦးဥက္ကာက ပြည်နယ်အမည်များ ပြောင်းလဲရန် ရှိ၊ မရှိနှင့် အမျိုးသားညီလာခံတစ်ရပ် ပေါ်ပေါက်လာနိုင်ခြေ ရှိ၊ မရှိနှင့် စပ်လျဉ်း၍မေးမြန်းရာ ဒုတိယဝန်ကြီးက NCA နှစ်ပတ်လည် ဖွင့်ပွဲမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတကြီး ထည့်သွင်းပြောကြားခဲ့သည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပျံ့နှံ့နေထိုင်လျက်ရှိရာ ပြည်နယ်များသည် ယင်းပြည်နယ်အတွင်း နေထိုင်သူအားလုံးကို ကိုယ်စားပြုသင့်ကြောင်း၊ လူမျိုးတစ်မျိုးတည်း၏ အမည်ဖြစ်နေပါက အခြားလူမျိုးများအတွက် တစ်မျိုးဖြစ်နေနိုင်ကြောင်း၊ ဥပမာအားဖြင့် ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုး ၃၅ ရာခိုင်နှုန်းခန့်နှင့် ကချင်ပြည်နယ်တွင် ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းခန့်သာ နေထိုင်ပြီး အခြားတိုင်းရင်းသားများနှင့်အတူ နေထိုင်ကြသဖြင့် ပြည်နယ်အတွင်း နေထိုင်သူများ၏ဆန္ဒအပေါ် မူတည်၍အားလုံးကို ကိုယ်စားပြုသည့် အမည်ပြောင်းလဲရန် အကြံပြုခဲ့ခြင်းသာဖြစ်ကြောင်း။

ယင်းကိစ္စသည် အမည်ပြောင်းလဲခြင်းသာဖြစ်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်မလိုအပ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ (ဂ) အရ အမည်ပြောင်းလဲနိုင်သည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်ရာ ယင်းကိစ္စအတွက် အမျိုးသားညီလာခံ ခေါ်ယူရန်မလိုအပ်ကြောင်း၊ လက်ရှိနိုင်ငံ၏ဖွံ့ဖြိုးရေးကာလတွင် အခြားလုပ်ဆောင်စရာ လုပ်ငန်းများစွာရှိနေသေးကြောင်း ဖြေကြားသည်။

ဟိဏ်းသစ္စာဂျာနယ်မှ ဒေါ်ခိုင်စံပယ်ဦးက နိုင်ငံအတွင်း ရာဇဝတ်မှုများနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မေးမြန်းရာ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူတို့၏လူမှုစီးပွားဘဝကို ထိခိုက်စေမည့် စိန်ခေါ်မှုများကို သက်ဆိုင်ရာဌာနများအားလုံးနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများသာမက ပြည်သူများအားလုံးကပါ အတူပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဖြေကြားသည်။

Voice of Myanmar သတင်းဌာနမှ ဦးနေလင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့်စပ်လျဉ်း၍ မေးမြန်းရာ ဒုတိယဝန်ကြီးက ပထမအချက်ဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အချိန်တိုအတွင်း ပြီးစီးနိုင်မည်မဟုတ်သော်လည်း နိုင်ငံတော်သမ္မတကြီးက ယခုအစိုးရ သက်တမ်း (၅) နှစ်အတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ KIA အပါအဝင် အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်ဆွေးနွေးလျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ် ပဋိပက္ခများနှင့် ကိုဗစ်ကာလတွင် အရှိန်လျော့သွားခဲ့သော်လည်း ယခုအခါ နေပြည်တော်၌သာမက သက်ဆိုင်ရာဒေသများအထိ သွားရောက်၍ ညှိနှိုင်းဆောင်ရွက်နေသဖြင့် အောင်မြင်မှုများရရှိနေပြီဖြစ်ကြောင်း၊ ဒုတိယအချက်ဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့က အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုသည် ပေးသူနှင့်ယူသူ နှစ်ဦးနှစ်ဖက်စလုံးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ မိမိလိုလားချက်ပြည့်ဝရန် လာဘ်ပေးခြင်းကို ထိန်းသိမ်းရန်လိုအပ်သကဲ့သို့ အစိုးရဘက်ကလည်း ထိရောက်စွာအရေးယူခြင်းဖြင့် လျော့ကျသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

ထို့အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ကော်မရှင်အနေဖြင့် တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ အများပြည်သူဝန်ဆောင်မှုရယူရာတွင် တုံ့ပြန်ဖြေကြားနိုင်ရန် Short Code လေးလုံးစနစ် (Public Feedback Programme – PFP)နှင့် အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်ခြင်း (Corruption Risk Assessment – CRA ) တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဝန်ထမ်းများ၊ ပြည်သူများအားလုံးက ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအလိုက် အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးစားပြုလုပ်မှုများကို အရေးယူဆောင်ရွက်ထားသည့် ဖြစ်စဉ်များစွာရှိကြောင်း၊ သတင်းမီဒီယာများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် ဝိုင်းဝန်းအသိပညာပေး ဆောင်ရွက်စေလိုကြောင်း ဖြည့်စွက်ပြောကြားသည်။

ကင်းထောက်သတင်းစုံဂျာနယ်မှ စောချစ်နိုင်က KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေရန် ရည်ရွယ်လုပ်ဆောင်နေမှုများအပေါ် မည်သို့တုံ့ပြန်ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများနှင့်အညီ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ KNU၊ KNLA နှင့် NUG ၊ CRPH လက်ဝေခံ PDF အကြမ်းဖက်အဖွဲ့များသည် အကြမ်းဖက်အားပေး မီဒီယာအချို့နှင့်ပူးပေါင်း၍ မြန်မာ-ထိုင်း ချစ်ကြည်ရေးကို ထိခိုက်စေရန် ရည်ရွယ်လုပ်ဆောင်နေမှုများနှင့်ပတ်သက်၍ နိုဝင်ဘာလ ၃ ရက်တွင် တရားဝင်ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော်တို့အကြား ကာလရှည်မိတ်ဖက် ချစ်ကြည်ရင်းနှီးမှုရှိပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများကို အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။

အွန်လိုင်းမီဒီယာများမှတစ်ဆင့် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် သတင်းတု/ သတင်းမှားများ ဖြန့်ဝေနေမှုကို တုံ့ပြန်လျက်ရှိသကဲ့သို့ နယ်စပ်ဒေသပြဿနာများ ဖြေရှင်းရန် သက်ဆိုင်ရာကော်မတီအစည်းအဝေးများကို ပုံမှန်ကျင်းပလျက်ရှိကြောင်း၊ ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဩဂုတ် ၁၉ ရက် နှင့် ၂၁ ရက်တို့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နယ်စပ်ဒေသဆိုင်ရာကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံသည် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများဖြစ်သည်နှင့်အညီ အခြားနိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးစေမည့်အပြုအမူမျိုး လုံးဝပြုလုပ်မည်မဟုတ်ဘဲ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးကောင်းမွန်ခိုင်မာလျက်ရှိကြောင်း ဖြေကြားသည်။

Union Politics News Agency မှ ဦးထူးမောင်မောင်က လက်ရှိအစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် NCA နှင့်အပြိုင် အကောင်အထည်ဖော်မည့် မူဝါဒ၊ လုပ်ငန်းစဉ်များ ရှိ၊ မရှိနှင့် အချို့ဒေသများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်၍ နယ်မြေချဲ့ထွင်နေသည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ မေးမြန်းရာ ဒုတိယဝန်ကြီးက အခြားလမ်းကြောင်းသစ်မရှိကြောင်း၊ NCA လမ်းကြောင်းအတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ NCA သည် အပစ်အခတ်ရပ်စဲရေး တစ်ခုတည်းအတွက်မဟုတ်ဘဲ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး အခင်းအကျင်းများပါဝင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံတကာသံတမန်များ ပါဝင်သဘောတူထားသည့် စာချုပ်ဖြစ်ကြောင်း၊ ယခုအခါ အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက်နေသဖြင့် NCA လမ်းကြောင်းမှတစ်ဆင့် နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာသွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်၍ နယ်မြေချဲ့ထွင်နေသည့် အနေအထားများရှိသော်လည်း NCA လမ်းကြောင်းမှတစ်ဆင့် ပြန်လည်ညှိနှိုင်းသွားမည်ဖြစ်ပြီး မိမိတို့အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

ပေါ်ပြူလာသတင်းအေဂျင်စီမှ ဦးမြတ်ခိုင်က မြန်မာနိုင်ငံ၏ နိုင်ငံရေးရေချိန်အနိမ့်အမြင့်သည် မည်သည့်အခြေအနေအပေါ်မူတည်နေသည်နှင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်အပေါ် နိုင်ငံတော်သမ္မတကြီး၏သဘောထားကို သိရှိလိုကြောင်းမေးမြန်းရာ ဒုတိယဝန်ကြီးက ပထမမေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သဖြင့် နိုင်ငံရေးရေချိန်သည် မည်သည့်ပြည်ပအင်အားစုအပေါ်တွင်မျှ မူတည်ခြင်းမရှိဘဲ မိမိတို့နိုင်ငံအတွင်းရှိ ပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းအပေါ်တွင်သာ မူတည်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေးအင်အားကြီးနိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့် သက်ရောက်မှုအနည်းငယ်ရှိနိုင်သော်လည်း ပြည်သူလူထုအပေါ်တွင်သာ အဓိကမူတည်ကြောင်း။

ဒုတိယမေးခွန်းဖြစ်သည့် ICJ ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် (၇)နှစ်ကတည်းက မတရားစွပ်စွဲခံရမှုအပေါ် နိုင်ငံတကာစံနှုန်းများနှင့်အညီ စနစ်တကျဖြေရှင်းခြင်းနှင့် ကြားဖြတ်အမိန့်များကို လိုက်နာခြင်းတို့ကို အကောင်းဆုံးဆောင်ရွက်ခဲ့ကြောင်း၊ ယမန်နေ့က ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်တွင် တရားသူကြီး (၁၅) ဦး အနက် (၉) ဦးကသဘောတူပြီး (၆)ဦးက သဘောမတူခဲ့သဖြင့် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်မဟုတ်ဘဲ မျှတမှုမရှိကြောင်း၊ တရားရုံးဆုံးဖြတ်ချက် စာမျက်နှာ ၁၈၆ မျက်နှာနှင့် တရားသူကြီးများ၏ စီရင်ချက် စာမျက်နှာ ၂၆၉ မျက်နှာတို့ကို ဥပဒေကြောင်းအရ အချိန်ယူလေ့လာရဦးမည်ဖြစ်ကြောင်း၊ ယမန်နေ့ကပင် ကမ္ဘာ့ထိပ်သီးခေါင်းဆောင်သုံးဦး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ အမေရိကန်အနေဖြင့် ICC နှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် တရားစီရင်ပိုင်ခွင့်အာဏာကို အလွဲသုံးစားမပြုလုပ်သင့်ကြောင်းနှင့် ICJ ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို လေ့လာသုံးသပ်နေပြီး နိုင်ငံရေးအရအသုံးမပြုသင့်ကြောင်းကို ထုတ်ပြန်ခဲ့ကြောင်း ဖြေကြားသည်။

Top Phoenix ဂျာနယ်မှ ဦးသူရအောင်က ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းနှင့်စပ်လျဉ်း၍ မေးမြန်းရာ ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်လေဆိပ်၏မြေနေရာ တိုးချဲ့ရန်အခက်အခဲကြောင့် ၁၉၉၄ ခုနှစ်ကတည်းက ဟံသာဝတီလေဆိပ်စီမံကိန်းကို လျာထားစီမံဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင် စီမံကိန်းအတွက် ဒုတိယသမ္မတ (၁) ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး အဖွဲ့ဝင် (၁၅) ဦးဖြင့် ဦးဆောင်ကော်မတီကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ လာမည့်ဒီဇင်ဘာလအတွင်း ဦးဆောင်ကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပရန် စီစဉ်ထားပြီး အစည်းအဝေးပြုလုပ်ပြီးမှသာ စတင်မည့်အချိန် ကာလနှင့်ဆောင်ရွက်မည့် မူဝါဒလမ်းစဉ် အသေးစိတ်ကို သိရှိနိုင်မည်ဖြစ်ကြောင်း ဖြေကြားသည်။

New History for People (NHP) သတင်းဌာနမှ ဦးဝင်းဦးက ယာယီနေရပ်စွန့်ခွာပြည်သူများ ကြုံတွေ့နေရသည့်အခက်အခဲများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုနှင့် နေရပ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့်စပ်လျဉ်း၍ မေးမြန်းရာ ဒုတိယဝန်ကြီးက ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း နေရပ်စွန့်ခွာပြည်သူများကို စာရင်းကောက်ယူ၍ တစ်လလျှင် တစ်ဦးကို ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ စုစုပေါင်း ငွေကျပ် ၁၃၅ ဒသမ ၄၀၂ ဘီလီယံ ထောက်ပံ့ပေးခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် စာရင်းကောက်ယူ၍ အခြေခံစားသောက်ကုန် ငါးမျိုးထောက်ပံ့ပေးခြင်းအတွက် ငွေကျပ်သန်း ၁၀၀၀ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကျပ်သန်း ၃၀၀၀၀ ကျော်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြားသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက တိုင်းရင်းသားပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများကို ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာနေရပ်များသို့ ပြန်လည်နေထိုင်ကြသည့် ပြည်သူများကို မိမိတို့ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများအနေဖြင့် နေရပ်ဒေသသို့ မပြန်နိုင်သေးပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ရုံးများကို ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်း ဖြေကြားသည်။

Public Echo Online Media မှ ဒေါ်ခက်နှင်းဆုက လက်နက်ကိုင်ပဋိပက္ခကြောင့် အိမ်ထောင်ဦးစီးဆုံးရှုံးခဲ့ရသည့် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ဘဝရပ်တည်ရေးနှင့် အလုပ်အကိုင်ရရှိရေးအတွက် နိုင်ငံတော်အနေဖြင့် မည်သို့စီမံဆောင်ရွက်ထားရှိသည်ကို သိရှိလိုကြောင်း မေးမြန်းရာ ဒုတိယဝန်ကြီးက မိသားစုဝင်ဆုံးရှုံးသွားသူများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အဓိကအားဖြင့် ပညာရေးနှင့် ကျန်းမာရေးမထိခိုက်စေရန်၊ ကလေးငယ်များ၏ ဘဝလုံခြုံမှုရှိစေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးစီးဆောင်ရွက်ပေးနေကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မိဘဆုံးရှုံးသွားသည့် ကလေးများ၊ မိဘမဲ့ကလေးများနှင့် ကာကွယ်စောင့်ရှောက်မှု လိုအပ်နေသည့်ကလေးငယ်များကို ကလေးပြုစုရေးစင်တာ ရှစ်ခု၌ စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ အသက် ၁၀ နှစ်နှင့်အထက် ကလေးများကို မူလတန်းပညာပြီးဆုံးသည်အထိ သင်ကြားပေးလျက်ရှိပြီး အသက် ၁၂ နှစ် ပြည့်ပြီးသည့် ကလေးများအတွက် သင်တန်းကျောင်းများဖွင့်လှစ်ကာ အတန်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးလျက်ရှိကြောင်း၊ လူမှုကာကွယ်ရေး မဟာဗျူဟာစီမံချက်အရ ရပ်ရွာအတွင်းရှိ အရင်းအမြစ်များနှင့် ချိတ်ဆက်ကာ ပညာသင်စရိတ်နှင့် ကျန်းမာရေးစရိတ်စသည်တို့ရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြားသည်။

ထို့အတူ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက စစ်ဆင်ရေးတာဝန်ထမ်းဆောင်စဉ် ကျဆုံးခဲ့သည့် စစ်သည်များ၏မိသားစုဝင်များအတွက် ရာထူးအဆင့်တိုးမြှင့်ပေးခြင်း၊ အခမဲ့ဆေးကုသခွင့်ပေးခြင်း၊ ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ခြင်း၊ စစ်မှုထမ်း၏ အသက်အရွယ်မရွေး အမွေခံများအား နောက်ဆုံးထုတ်မူရင်းလစာ၏ ၇၀ ရာခိုင်နှုန်းကို အိမ်ထောင်စုဝင် အထူးအငြိမ်းစားလစာအဖြစ် ခံစားခွင့်ပြုခြင်း၊ တရားဝင် သို့မဟုတ် မှတ်တမ်းဝင် ကလေးအတွက် နောက်ဆုံးထုတ်မူရင်းလစာ၏ သတ်မှတ်ရာခိုင်နှုန်းအတိုင်း ကလေးစရိတ်နှင့် ကျောင်းစတက်သည့်ရက်မှစ၍ လစဉ်ပညာသင်စရိတ်များ ခံစားခွင့်ပြုခြင်း၊ သေဆုံးမှုဆုကြေးနှင့် ကရုဏာကြေးများ ခံစားခွင့်ပြုခြင်း၊ အိမ်ရာအခမဲ့ နေထိုင်ခွင့်ပြုခြင်း၊ ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ခြင်းနှင့် အလုပ်အကိုင်ရှာဖွေပေးခြင်းတို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အကျိုးခံစားခွင့်များရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြားသည်။

Branded Myanmar Agency မှ ဦးထွန်းလင်းထက်က နိုင်ငံတော်သမ္မတ၏ ပညာရေးကဏ္ဍ မြှင့်တင်ရေးအတွက် နိုင်ငံတော်အဆင့် ပညာရေးဖိုရမ်ကျင်းပရန် အစီအစဉ် ရှိ၊ မရှိ၊ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်နှင့် အချိန်ကာလသတ်မှတ်ချက်ကို အများပြည်သူသို့ အသိပေးထုတ်ပြန်ရန် ရှိ၊ မရှိနှင့်စပ်လျဉ်း၍ မေးမြန်းရာ ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍကို အပြည့်အဝအားပေးမြှင့်တင်နေပြီး မူလတန်းပညာရေးမှ အခြေခံ KG+9 အထိ တိုးမြှင့်ခြင်း၊ Polytechnic ကျောင်းများ အဆင့်မြှင့်တင်ခြင်း၊ အင်ဂျင်နီယာသိပ္ပံကျောင်းများကို တက္ကသိုလ်များအဖြစ် တိုးမြှင့်ရန်ဆွေးနွေးခြင်းနှင့် ပညာသင်ဆုပေးအပ်ခြင်းတို့ကို တစ်ဆင့်ချင်း ဆောင်ရွက်နေကြောင်း၊ ဘတ်ဂျက်ခွဲဝေမှုအပိုင်းတွင် ပညာရေးကဏ္ဍအတွက် အစိုးရသက်တမ်းကာလအတွင်း လာမည့်ဘဏ္ဍာနှစ်များအလိုက် ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ အခြေခံအဆောက်အအုံပိုင်းသာမက ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ အရည်အသွေးမြှင့်တင်ရေးကိုလည်း ဆောင်ရွက်နေကြောင်း ဖြေကြားသည်။

ထို့အတူ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပထမပိုင်းအနေဖြင့် နိုင်ငံတော်အဆင့် ပညာရေးဖိုရမ် ကျင်းပရန်ရှိကြောင်း၊ လက်ရှိတွင် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနတို့၌ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပလျက်ရှိကြောင်း၊ အဆိုပါဆွေးနွေးပွဲများတွင် ကိုယ့်အားကိုယ်ကိုးကျောင်းများ စံချိန်စံညွှန်းမီပြင်ဆင်ရေး၊ တန်းစဉ်ကူးပြောင်းမှုတိုးတက်ရေး၊ KG+9 ပြီးဆုံးသူများအတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့်ပူးပေါင်း၍ Polytechnic ကျောင်းများဖွင့်လှစ်ရေး၊ အဝေးသင်ပညာရေး အဆင့်မြှင့်တင်ရေး၊ အရည်အသွေးပြည့်ဝသည့် ဆရာ ဆရာမများ စဉ်ဆက်မပြတ် မွေးထုတ်ရေး၊ စာတတ်မြောက်ရေးနှင့် ကျောင်းပြင်ပပညာရေးတိုးချဲ့ရေးတို့ကို ပြင်ဆင်နေပြီး လာမည့်ကာလအတွင်း နိုင်ငံတော်အဆင့် ပညာရေးဖိုရမ်ကျင်းပနိုင်ရန် ရည်မှန်းဆောင်ရွက်နေကြောင်း။

ဒုတိယပိုင်းအနေဖြင့် ယင်းအလုပ်ရုံဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် ရလဒ်များအပေါ်အခြေခံ၍ ပြုပြင်ပြောင်းလဲရမည့် လုပ်ငန်းစဉ်များပေါ် ထွက်လာမည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များအပေါ် မူတည်ကာ ရှေ့လုပ်ငန်းစဉ်နှင့် အချိန်ကာလသတ်မှတ်ချက်တို့ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ တတိယပိုင်းအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုကို နေ့ချင်းညချင်း လုပ်ဆောင်၍မရသဖြင့် အလုပ်ရုံဆွေးနွေးပွဲရလဒ်များအပေါ်အခြေခံ၍သာ စနစ်တကျပြုပြင်ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

Queen For Peace သတင်းအေဂျင်စီမှ ဒေါ်မျိုးပပဖြိုးဝေလွင်က ပြည်သူ့ဆေးရုံများတွင် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည့် ကဏ္ဍနှင့်စပ်လျဉ်း၍ မေးမြန်းရာ ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးကို မူဝါဒချမှတ်ကာ ဘတ်ဂျက်တိုးမြှင့်ဆောင်ရွက်နေသော်လည်း အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့် သူနာပြုများအပါအဝင် ကျန်းမာရေးဝန်ထမ်းများ DCS ပြုလုပ်သွားခဲ့သဖြင့် ဝန်ထမ်းအင်အား အကန့်အသတ်ဖြစ်ပေါ်နေကြောင်း၊ ဆရာဝန်နှင့် အထူးကုဆရာဝန်များကို ချက်ချင်းမွေးထုတ်၍မရသဖြင့် အငြိမ်းစားဆရာဝန်ကြီးများနှင့် တပ်မတော်မှဆရာဝန်များ ခေါ်ယူအားဖြည့်ကာ ကိုဗစ်ကပ်ရောဂါကာလကို ခက်ခဲစွာကျော်ဖြတ်ခဲ့ရကြောင်း၊ လူနာအရေအတွက်နှင့် ဆရာဝန်၊ သူနာပြုအချိုးမညီမျှချိန်တွင် အဆိုပါအခက်အခဲမျိုး ဖြစ်ပေါ်နိုင်သော်လည်း ဝန်ထမ်းများ အမြန်ဆုံး ပြန်လည်ဖြည့်ဆည်းပေးလျက်ရှိကြောင်း ဖြေကြားသည်။

ထို့အတူ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက နိုင်ငံတော်သမ္မတ၏မူဝါဒနှင့်အညီ ဆေးရုံရှိလျှင် ဆေးရှိရမည်ဟူသော မူဝါဒဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် ဝန်ကြီးဌာနလက်အောက်၌ ပြည်သူ့ဆေးရုံပေါင်း ၁၁၈၀ ရှိပြီး နေ့စဉ်အတွင်းလူနာ ၃၀၀၀၀ ခန့်နှင့် ပြင်ပလူနာ ၄၀၀၀၀ မှ ၄၅၀၀၀ အကြားကို ကုသပေးနေရကြောင်း၊ ဝန်ထမ်းအင်အား သောင်းနှင့်ချီ လျော့ပါးသွားခဲ့ရာမှ ပြန်လည်ခေါ်ယူရာတွင် ထောင်ဂဏန်းအနည်းငယ်သာ ပြန်လည်ဝင်ရောက်ခဲ့သဖြင့် လူ့စွမ်းအားအရင်းအမြစ် ကွာဟချက်ဖြစ်ပေါ်ခဲ့ကြောင်း၊ ဆရာဝန်တစ်ဦးဖြစ်လာရန် ၆ နှစ် ၇ နှစ်နှင့် သူနာပြုတစ်ဦးဖြစ်လာရန် ၃ နှစ်အချိန်ယူရပါကြောင်း၊ ဆေးဝါးဖြည့်ဆည်းမှုအပိုင်းတွင် လူနာများအတွက် အဓိကလိုအပ်သောဆေးဝါးများကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် နှစ်စဉ်ဝယ်ယူဖြည့်တင်းပေးနေပြီး နေ့စဉ်အခမဲ့ရရှိနိုင်သည့် ဆေးဝါးစာရင်းကိုလည်း ဆေးရုံများတွင် ကပ်ထားပေးကြောင်း၊ ထပ်မံလိုအပ်သည့် အားဆေးကဲ့သို့ ဆေးဝါးများကိုသာ ပြင်ပမှဝယ်ယူရခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဆေးရုံသန့်ရှင်းရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေးအတွက် ဆေးရုံအုပ်ကြီးများဦးဆောင်သည့် ရောဂါပိုးကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးကော်မတီများဖွဲ့စည်းကာ ဆေးရုံကြီးများမှ တိုက်နယ်ဆေးရုံများအထိ အဆင့်လိုက်ဆောင်ရွက်နေကြောင်း၊ ဝန်ထမ်းများ၏ ဆက်ဆံရေးကောင်းမွန်စေရန် သူနာပြုသင်တန်းကျောင်း သင်ရိုးများနှင့် လုပ်ငန်းခွင်အကြိုသင်တန်းများတွင် လူထုဆက်ဆံရေးဘာသာရပ်ကို အလေးထားထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း ဖြေကြားသည်။

Myanmar Public Press News Agency မှ ဦးဇော်မင်းနိုင်က တောင်သူလယ်သမားများ၏ ကောက်ပဲသီးနှံများ သင့်တင့်သောဈေးနှုန်းရရှိရေးနှင့် အလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးတို့နှင့်စပ်လျဉ်း၍ မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ဒုတိယသမ္မတ (၂) က အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးက အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ဝန်ကြီးဌာန ၁၀ ခုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအပါအဝင် အဖွဲ့ဝင် ၃၈ ဦးဖြင့်လည်းကောင်း အဖွဲ့ကိုဖွဲ့စည်းထားကြောင်း၊ ယင်းအဖွဲ့၏ လုပ်ငန်းတာဝန် ၁၅ ရပ်တွင် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် ဈေးနှုန်းရရှိရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းတာဝန်ပါဝင်ပါကြောင်း၊ အဖွဲ့အောက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းထားသော လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့သည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဆက်စပ်အသင်းအဖွဲ့များ၊ တောင်သူလယ်သမားကိုယ်စားလှယ်များနှင့်ညှိနှိုင်းကာ နှစ်စဉ်အခြေခံစပါးရည်ညွှန်းဈေးကို ထုတ်ပြန်သတ်မှတ်ပေးလျက်ရှိကြောင်း။

ယခုနှစ်အတွက် စပါးတင်း ၁၀၀ လျှင် အခြေခံရည်ညွှန်းဈေး ငွေကျပ် ၁၃၅၀၀၀၀ အဖြစ် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာထားပြီး အခြား အဓိကသီးနှံများအားလုံးအတွက်လည်း အခြေခံရည်ညွှန်းဈေးများ သတ်မှတ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

အလားတူ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက လက်လုပ်လက်စားအလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိစေရန် နိုင်ငံတော်သမ္မတ၏ မူဝါဒလမ်းညွှန်ချက်နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ ဖွံ့ဖြိုးတိုးတက်ရေး၊ စွန့်ဦးတီထွင်လုပ်ငန်းများနှင့် ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) မူဝါဒများဖြင့် ပြည်တွင်းအလုပ်အကိုင်များ ဖန်တီးပေးလျက်ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဦးဆောင်မှုဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လျက်ရှိရာ CMP စက်ရုံများမှတစ်ဆင့် အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသကဲ့သို့ အလုပ်သမားများလုပ်ငန်းခွင်နှင့်ကိုက်ညီသည့် ကျွမ်းကျင်မှုများရရှိစေရန် ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ လုပ်ငန်းခွင်အကြို ကျွမ်းကျင်မှု အသက်မွေးပညာသင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိကြောင်း၊ ဖန်တီးပေးထားသည့် အလုပ်အကိုင်အခွင့်အလမ်းများကို လုပ်သားများအနေဖြင့် အကျိုးရှိရှိအသုံးချကာ အမှန်တကယ် ကြိုးစားလုပ်ကိုင်ရန်လိုအပ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက နိုင်ငံတော်သမ္မတအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရရှိရန် ကြိုးပမ်းလျက်ရှိပြီး ပြည်တွင်း၌ စက်မှုဇုန် ၃ ခု ရှိသည့်အပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများ၊ ရုရှားနိုင်ငံအပါအဝင် အခြားနိုင်ငံများနှင့်ညှိနှိုင်းနေသည့် ဖွံ့ဖြိုးရေးစီမံကိန်းကြီးများ အကောင်အထည်ဖော်ဆောင်ရွက်ပါက အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် ငြိမ်းချမ်းရေးမရရှိပါက အဆိုပါနေရာများသို့ သွားလာလုပ်ကိုင်ရာ၌ အတားအဆီးအနှောင့်အယှက်များ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း၊ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု (Sanction) များ ဖြေလျှော့ပေးပါက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်သမ္မတကိုယ်တိုင် စီးပွားရေးဖိုရမ်များသို့ တက်ရောက်ကာ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း ဖြည့်စွက်ပြောကြားသည်။

White Balance News Agency မှ ဦးမျိုးမင်းက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အစိုးရနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသော်လည်း အချို့နေရာများတွင် ထိရောက်စွာ လျော့ကျမှုမရှိသေးသည့်အတွက် မည်သို့ကိုင်တွယ်ဖြေရှင်းသွားမည်ကို မေးမြန်းရာ ဒုတိယဝန်ကြီးက မူးယစ်ဆေးဝါး ဖမ်းဆီးအရေးယူမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

ထို့အတူ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒနှင့် စီမံချက်များအတိုင်း အတားအဆီးနှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ မူးယစ်ဆေးဝါးအမှုပေါင်း ၅၁၂၆ မှု ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ ၇၄၅၈ ဦးကို အရေးယူနိုင်ခဲ့ကြောင်း၊ ထို့ပြင် Operation 42 စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သိုလှောင်မှု၊ သယ်ဆောင်မှုနှင့် ရောင်းဝယ်မှုများကို ဆက်လက်ဖော်ထုတ်တားဆီးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

TV Asahi မှ ဦးကောင်းထက်ကျော်က ဒေါ်အောင်ဆန်းစုကြည်အား ပြီးခဲ့သည့်လပိုင်းများအတွင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် တွေ့ဆုံခွင့်ပေးခြင်း၊ သားဖြစ်သူနှင့် တယ်လီဖုန်းပြောဆိုခွင့်ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့သဖြင့် မကြာမီလွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် ၎င်းအားလွှတ်ပေးရန် နိုင်ငံတကာ၏ ပြောဆိုမှုများအပေါ် သဘောထားအမြင်ကိုသိရှိလိုကြောင်း မေးမြန်းရာ ဒုတိယဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ မဲမသမာမှု၊ အဂတိလိုက်စားမှုနှင့် မှားယွင်းသောစီမံခန့်ခွဲမှု စသည့်ပြစ်မှုဆိုင်ရာ ဥပဒေများအရ ပြစ်မှုထင်ရှားသဖြင့် အရေးယူခံထားရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ၎င်း၏အသက်အရွယ်နှင့် လူသားချင်းစာနာထောက်ထားမှုတို့ကိုရှေးရှု၍ ပြစ်ဒဏ်များလျှော့ပေါ့ပေးခဲ့သည့်အပြင် အကျဉ်းထောင်တွင် မထားရှိဘဲ သက်သောင့်သက်သာရှိမည့် နေအိမ်၌ စနစ်တကျထားရှိပေးထားကြောင်း၊ လွှတ်ပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး ပြောကြားခဲ့သည့်အတိုင်း အနာဂတ်ကို ကြိုတင်မြော်တွေး၍မရသဖြင့် အတိအကျမပြောနိုင်သေးကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များအပေါ် မူတည်၍သာ အချက်အလက်များရှိပါက စဉ်းစားပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Orchid News Agency မှ ဦးဌေးအောင်က အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အတုပြုလုပ်မှုများနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်လျက်ရှိသည့် အခြေအနေကိုသိရှိလိုကြောင်း မေးမြန်းရာ ဒုတိယဝန်ကြီးက ယခင်က စာရွက်အခြေပြု (Paper-based) စနစ် ဖြစ်ခဲ့ခြင်းနှင့် အချို့သော ပြည်သူများနှင့် ပွဲစားများ၏မသမာမှု များကြောင့် စာရွက်စာတမ်းအတုပြုလုပ်မှုများနှင့် လူမှုကွန်ရက်ပေါ်တွင် ဝန်ထမ်းပုံရိပ်အသုံးချ လိမ်လည်မှုများရှိခဲ့ကြောင်း၊ အဆိုပါလူမှုကွန်ရက်ပေါ်မှ လိမ်လည်မှုများနှင့်ပွဲစားများကို စောင့်ကြည့်အရေးယူလျက်ရှိကြောင်း၊ လက်ရှိတွင် e-ID စနစ်သို့ ကူးပြောင်းနေသည့်ကာလဖြစ်ပြီး ကိုယ်ရေးအချက်အလက် ၉၉ ရာခိုင်နှုန်းကျော် ထည့်သွင်းပြီးဖြစ်ကာ လူဦးရေ ၁၅ သန်းခန့်အား e-ID နံပါတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ e-ID စနစ် ရာနှုန်းပြည့်ပြီးစီးသွားပါက အတုပြုလုပ်မှုများ သိသိသာသာ လျော့ကျသွားမည်ဖြစ်ပြီး ပြည်သူများအသိပညာတိုးပွားစေရန် မီဒီယာများကလည်း ဝိုင်းဝန်းပညာပေးစေလိုကြောင်း ဖြေကြားသည်။

Nikkei Shimbun သတင်းဌာနမှ ဒေါ်နန်းပြည့်ဇင်အောင်က သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် စက်ရုံများအတွက် စက်ပစ္စည်းအစိတ်အပိုင်း တင်သွင်းခွင့်လိုင်စင်များ လုံလောက်စွာမရရှိသဖြင့် လုပ်ငန်းလည်ပတ်မှုနှောင့်နှေးနေခြင်းကို မူဝါဒချမှတ်သူများထံ တင်ပြမှု ရှိ၊ မရှိနှင့် မည်သို့ဖြေရှင်းဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းရာ ဒုတိယဝန်ကြီးက အဆိုပါကိစ္စရပ်များကို နိုင်ငံတော်သမ္မတကြီးနှင့် ဒုတိယသမ္မတ (၁) တို့က သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် အမြဲတမ်းအစည်းအဝေးပြုလုပ်၍ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက သီလဝါ အထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ၁၁၈ ခု လည်ပတ်လျက်ရှိကြောင်း၊ ဇုန်အတွင်း စက်ရုံများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရန် ဥပဒေနှင့်အညီ သွင်းကုန်များလုံလောက်စွာ တင်သွင်းနိုင်ရေး စိစစ်တင်ပြဆောင်ရွက်ပေးခဲ့ကြောင်း၊ လက်ရှိတွင် ပြည်ပပို့ကုန်မှ နိုင်ငံခြားငွေရရှိမှုနှင့် နိုင်ငံတော်၏နိုင်ငံခြားငွေလိုအပ်ချက်တို့ကို စိစစ်ကာ သွင်းကုန်တင်သွင်းခွင့်ရရှိရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသို့ တင်ပြဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အချို့စက်ရုံများတွင် ဝယ်လိုအားများလာသည့်အခါ လက်ရှိတွင် ထုတ်လုပ်မှုအပေါ် အခြေခံသည့် (Production-based) စနစ်ဖြင့် စက်ရုံများ၏ ၆ လစာကုန်ကြမ်းနှင့် စက်ပစ္စည်းအစိတ်အပိုင်း လိုအပ်ချက်များကို စိစစ်တွက်ချက်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အထူးစီးပွားရေးဇုန်များ ပိုမိုကောင်းမွန်တိုးတက်စေရန် နိုင်ငံတော်၏လမ်းညွှန်ချက်၊ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများနှင့်အညီ အကောင်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြားသည်။

BBC သတင်းဌာနမှ ဦးထက်နိုင်ဇော်က မြန်မာနိုင်ငံအနေဖြင့် ICJ တရားရုံး၏ စီရင်ချက်ချမှတ်မှုကို လက်ခံခြင်း ရှိ ၊ မရှိနှင့် စပ်လျဉ်း၍မေးမြန်းရာ ဒုတိယဝန်ကြီးက ICJ အမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၇ နှစ်တာကာလအတွင်း တရားရုံး၏လုပ်ထုံးလုပ်နည်းများနှင့် ကြားဖြတ်စီမံဆောင်ရွက်ချက်များကို ပျက်ကွက်မှုမရှိ အပြည့်အဝလိုက်နာဆောင်ရွက်ခဲ့ကြောင်း၊ ယခုချမှတ်လိုက်သည့် စီရင်ချက်သည် တရားသူကြီး ၁၅ ဦးလုံး၏ တူညီဆန္ဒမဟုတ်ဘဲ ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲဖြင့်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး တရားမျှတမှုမရှိကြောင်း၊ တရားရုံး၏ဆုံးဖြတ်ချက် စာမျက်နှာ ၁၈၆ မျက်နှာနှင့် တရားသူကြီးများ၏ စီရင်ချက် စာမျက်နှာ ၂၆၉ မျက်နှာတို့ကို အသေးစိတ်လေ့လာသုံးသပ်ပြီးမှသာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ရပ်တည်ချက်ဖြင့် မည်ကဲ့သို့ဆက်လက်ဆောင်ရွက်မည်ကို တရားဝင် အသိပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

ထို့အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံသည် Genocide Convention ကို စိတ်ရင်းအမှန်ဖြင့် ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံနှင့် မိုင်ပေါင်း ၇၀၀၀ ကျော် ဝေးကွာပြီး OIC ကိုယ်စား တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ် ARSA အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အမှန်များနှင့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကြိုးပမ်းမှုများကို အထောက်အထားခိုင်လုံစွာ တင်ပြခဲ့ကြောင်း၊ ယခုစီရင်ချက်ပါ ကွဲပြားသောသဘောထားများကို လေ့လာပြီး နိုင်ငံ၏ပကတိအခြေအနေ၊ အမျိုးသားလုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြာအာဏာ မထိပါးရေးတို့ကိုအခြေခံ၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက အာဆီယံအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဝတ်မပျက် ဆက်ဆံလျက်ရှိပြီး နှစ်နိုင်ငံချင်း (Bilateral) ဆက်ဆံရေးများတွင်လည်း အဆင်ပြေချောမွေ့လျက်ရှိကြောင်း၊ အာဆီယံထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ဘုံသဘောတူညီချက် (၅) ရပ် တို့သည် အဖွဲ့ဝင်နိုင်ငံအားလုံး၏ စစ်မှန်သော သဘောတူညီချက် Consensus ဟုတ်၊ မဟုတ် မေးခွန်းထုတ်စရာရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြေအနေတစ်ခုချင်းစီ (Case by case) အပေါ်မူတည်၍ ပြန်လည်သုံးသပ်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

သတင်းစဉ်

No comments:

Post a Comment