ရန်ကုန် နိုဝင်ဘာ ၁၄
တိုင်းရင်းသားလူမျိုးများအချင်းချင်း ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ အပြန်အလှန် သိရှိနားလည်ပြီး ပိုမိုချစ်ကြည်စည်းလုံးလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် တိုင်းရင်းသားများ၏ လေ့လာရေးခရီးစဉ်နှင့် နှစ်သစ်ကူးကောက်သစ် ညစာစားပွဲကို ရန်ကုန်မြို့၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း
လေ့လာရေးခရီးစဉ် သွားကြမည့် ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် တိုင်းရင်းသား လူငယ်မောင်မယ်များကို
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့် ရန်ကုန်တိုင်းဒေသကြီး
ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က ယနေ့နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံပြီး
ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအခြေစိုက်
တိုင်းရင်းသား လူငယ်မောင်မယ်များသည် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး
အာကာသပြတိုက်၊ အမျိုးသားပြတိုက်နှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)သို့
သွားရောက်လေ့လာကာ တိုင်းရင်းသားများအချင်းချင်း အပြန်အလှန် နှီးနှောဆွေးနွေးခြင်းများ
ဆောင်ရွက်ကြသည်။
ညနေပိုင်းတွင်
နှစ်သစ်ကူးကောက်သစ် ညစာစားပွဲကို ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ပြည်ထောင်စုခန်းမ၌
ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားသည်။
ဦးစွာ အခမ်းအနားသို့
တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက
ယခုကဲ့သို့ ပွဲမျိုးကျင်းပဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများအနေဖြင့်
မိမိတို့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဖော်ထုတ်ခွင့်ရရှိပြီး အခြားတိုင်းရင်းသားများ၏
ရိုးရာယဉ်ကျေးမှုများကိုလည်း လေ့လာသိရှိနိုင်မည်ဖြစ်ကာ ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မာလာစေ၍
တိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ်မှု ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက်လည်း
များစွာအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတော်အတွက် အလွန်အရေးပါသည့်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တည်ဆောက်ရာတွင်
တိုင်းရင်းသား သွေးချင်းညီနောင်များအားလုံး လက်တွဲတည်ဆောက်မှသာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊
ယခု နှီးနှောဖလှယ်ပွဲမှရရှိလာမည့် ချစ်ကြည်ရင်းနှီးမှုများကို အခြေခံပြီး နိုင်ငံတော်က
ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တိုင်းပြည်စည်ပင်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး
စသည့်လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားများ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး
ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောဂျက်ကော့ထူးက တိုင်းရင်းသားများ၏ လေ့လာရေးခရီးစဉ်နှင့်
နှစ်သစ်ကူးကောက်သစ် ညစာစားပွဲ အခမ်းအနားကျင်းပရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကချင်၊
ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊
ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ
စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) တို့မှ တိုင်းရင်းသား/ တိုင်းရင်းသူများက
တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီးက
ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment