Tuesday, November 17, 2026

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (၂၇) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (27th ASEAN Chiefs of Army Multilateral Meeting- 27th ACAMM) သို့ တက်ရောက်

 


နေပြည်တော် နိုဝင်ဘာ ၁၇

မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၂၇) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (27th ASEAN Chiefs of Army Multilateral Meeting- 27th ACAMM) နှင့် (၁၄) ကြိမ်မြောက် အာဆီယံလုပ်သက်ရင့် အရာခံဗိုလ်များ နှစ်ပတ်လည်အစည်းအဝေး (14th ASEAN Sergeant Majors Annual Meeting) ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ၊ မလက္ကာမြို့ရှိ Double Tree Hotel ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်၍ (၂၇) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (27th ASEAN Chiefs of Army Multilateral Meeting- 27th ACAMM) အား ကျင်းပပြုလုပ်ရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်ကြသည်။

ဦးစွာ အစည်းအဝေးတွင် မလေးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တန်စရိအက်ဇ်ဟန် ဘင်ဟာဂျီမီဟာမက် အိုသမန် (Tan Sri Azhan bin Hj Md Othman) က အဖွင့်မိန့်ခွန်းပြောကြားပြီး (၂၇) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တက်ရောက်လာကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက ယခုနှစ်အတွက် အစည်းအဝေးခေါင်းစဉ်ဖြစ်သည့် “တည်ငြိမ်ပြီး လုံခြုံသောဒေသတစ်ခု ဖြစ်လာစေရေး အာဆီယံကြည်းတပ်များအကြား အသင့်ရှိမှုကို စုပေါင်းမြှင့်တင်ကြပါစို့ (Fostering Collective Preparedness Among ASEAN Land Forces for a Stable and Secure Region)” အပေါ် နိုင်ငံအက္ခရာစဉ်အလိုက် အလှည့်ကျ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် (၂၇) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (27th ACAMM) ၏ ပူးတွဲထုတ်ပြန်ချက်အား အခမ်းအနားမှူးက ကြေညာပြီး တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင်များနှင့်အတူ မှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် (၂၈) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (28th ACAMM) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ကမ္ဘောဒီးယားတပ်မတော် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ်အား တာဝန်လွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားတပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တန်စရိ အက်ဇ်ဟန် ဘင်ဟာဂျီ မိုဟာမက် အိုသမန် (Tan Sri Azhan bin Hj Md Othman)၊ သရူနိုင်းဘရင့်တပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အယ်လ်လီဘင် ဟာဂျီ ဟတ်ဆန် (Aldi Bin Haji Hassan)၊ လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဗိုလ်မှူးချုပ် ထောင်းဆာမိုင်းဆွတ်ပဆစ် (Thongsamay Soukpasirth)၊ ဗီယက်နမ်ပြည်သူ့တပ်မတော်၊ ဒုတိယစစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ငွီယန် ဘာလွတ် (Nguyen Ba Luc) နှင့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မော်ဆိုဖန်း (Mao Sophan) တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ညပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီးတို့သည် မလေးရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ်နှင့် ဇနီးတို့က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြသည်။ ညစာစားသုံးပြီးချိန်တွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

No comments:

Post a Comment